Monday, March 16, 2015

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်မြို့နယ်၊ ပေါအင်ကျေးရွာအုပ်စုတွင် စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မတ်လ (၁၆) ရက်





ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနမှ ဆင့်ပွားပို့ချ သင်ကြားပေးသော စွမ်းရည်မြှင့်သင်တန်းဆင်းပွဲကို ၂၀၁၅-ခုနှစ်၊ မတ်လ(၁၅)ရက်၊ တနင်္ဂနွေနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါအင်ကျေးရွာအုပ်စု၊ ပင်ထုံဘုန်းကြီးကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)  နာယကဦးခွန်ချစ်မောင်၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN) နာယက ဦးခွန်ထွန်းရွှေ၊ စန္တာခမ်း ဒု-ဥက္ကဋ္ဌ ဦးခွန်ထွန်းတင်၊ ဖိတ်ကြားထားသော လူကြီးမင်းများ နှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။
ရှေ့ဦးစွာ အခမ်းအနားတွင် ရတနာ(၃)ပါးကို ရှိခိုးရိုသေ၍ (၅)ပါးသီလခံယူကာ ပင်ထုံဆရာတော်၏ သြ၀ါဒစကားကို နာယူပြီး ပြည်ထောင်စု မြန်မာနိုင်ငံအလံတော်၊ ပအိုဝ်းအမျိုးသားအလံတော်၊  ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြု ခဲ့ပါသည်။ ထိုနောက် ပေါအင်ကျေးရွာ ဥက္ကဋ္ဌ ဦးခွန်ကျော်သိန်းမှ အဖွင့်အမှာစကားပြီး ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO) နာယကဦးခွန်ချစ်မောင်က ပအိုဝ်းသမိုင်းရေစီးကြောင်းနှင့် ပအိုဝ်းလူမျိုးများ အမိနဂါး၊ အဖဇော်ဂျီ ခံယူရခြင်းအကြောင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသွားပါသည်။ ဆက်လက်၍ ပအိုဝ်းလူငယ်ကွန်ယက်(PYN) နာယက ဦးခွန်ထွန်းရွှေက ခေတ်စနစ်ပြောင်းလဲလာမှုနှင့်အညီ ပအိုဝ်းလူမျိုးများ ကြုံတွေ့ရသော ကံကြမ္မာဆိုးများအကြောင်းနှင့် PNO ငြိမ်းချမ်းရေးယူရခြင်းအကြောင်း ပြောကြားခဲ့ပြီး စန္တားခမ်း ဒု-ဥက္ကဋ္ဌ ဦးခွန်ထွန်းတင်က တာဝန်နှင့် ၀တ္တရားအကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနမှ ခွန်ဆောင်းရွှေက ခေတ်စနစ်ပြောင်းလဲလာမှုအပေါ် လိုက်လျော်ညီထွေစွာ နေထိုင်တတ်ရန် အကြောင်း အသီးသီး ပြောကြားသွားပါသည်။
အဆိုပါ အခမ်းအနားသို့ နောင်တရားမြို့နယ်ခွဲ၊ ရဲစခန်းမှူးက ယာဉ်စည်းကမ်း၊ လမ်းစည်းများ ရှင်းလင်းဟောပြောသွားကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေသွားခဲ့ပါကြောင်းနှင့် သင်တန်းသူ/သားဦးရေ (၃၀၀) ကျော်ရှိကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း
   
Powered by Blogger.