Sunday, May 10, 2015

၂၀၁၅-ခုနှစ် မေလ(၉)ရက်နေ့တွင် DVB သတင်းရုပ်သံလိုင်းမှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပါတီဒုဥက္ကဋ္ဌ ဦးခွန်မောင်သောင်းအား ပါတီရဲ့ ရွေးကောက်ပွဲပြင်ဆင်မှု၊ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ပါတီ Profiles များနှင့် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အပစ်အခတ်ရပ်စဲရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အင်တာဗျူး

တောင်ကြီး၊၂၀၁၅-ခုနှစ်၊ မေလ (၁၁) ရက်







မယမင်းဦး- မင်္ဂလာပါရှင့်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီအနေဖြင့် အရင်တုန်းက လက်နက်ကိုင်အဖွဲ့ အစည်းဖြစ်တယ်။ ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေးရယူခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ နိုင်ငံရေးရပ်တည်ခဲ့တဲ့ အခြေအနေ လေး အကျဉ်းချုပ် ပြောပြပေးပါဦးရှင့်။
ဦးခွန်မောင်သောင်း- ကျွန်တော်တို့ပါတီဟာ ၂၀၁၀ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့တယ်။ နာမည်ကတော့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)ပါတီပေါ့။ ကျွန်တော်တို့ပါတီဟာ ငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့အစည်းကို ကြောထောက်နောက်ခံ ပြုပြီးတော့မှ ပအိုဝ်းတွေမှာ ရှိကြတဲ့ အလွှာအသီးသီးပုဂ္ဂိုလ်များဖြစ်တဲ့ နိုင်ငံရေးစိတ်ဝင်စားသူများ၊ ပညာတတ် ပုဂ္ဂိုလ်များ၊ NGO အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ စုပေါင်းပြီး ဖွဲ့စည်းထားခဲ့ပါတယ်။ အများကတော့ ကျွန်တော်တို့ပါတီဟာ ငြိမ်းချမ်းရေးမှ ကူးပြောင်းလာကြတဲ့ ပါတီလို့ အပေါ်ယံမြင်ကြပါတယ်။ တကယ့်အတွင်းရဲ့ အနှစ်သာရမှာ ငြိမ်းချမ်းရေးအဖွဲ့အစည်းကနေ ကြောထောက်နောက်ခံပြုပြီးတော့မှ ဒီငြိမ်းချမ်းရေးအဖွဲ့အစည်းထဲမှာ တာဝန်ယူခဲ့တဲ့ အဘဦးအောင်ခမ်းထီ ဦးဆောင်ဦးရွက်ပြုပြီးတော့မှ တမျိုးသားလုံးပါဝင်လာတဲ့ ပါတီမျိုးဖြစ်လာအောင် ဖန်တီးဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ မိမိတို့ ဖွဲ့စည်းခဲ့တဲ့ နေရာမှာဆိုရင် တကျောင်းတဂါထာ၊ တရွာတပုံစံ ဆိုတာမျိုး မဟုတ်ဘဲနဲ့ မြို့နယ်များအားလုံး တပြေးညီတည်းဖြစ်အောင် ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ ဗဟိုအဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့်၊ နောက် ရွာအဆင့် အားလုံးဟာ ဒီပါတီဖွဲ့ထားပြီးဖြစ်တဲ့ (၂၁)မြို့နယ်ထဲမှာ ဗဟို ကနေ အောက်ခြေအထိ အလွှာပေါင်းစုံ၊ လူပုဂ္ဂိုလ်ပေါင်းစုံ သံဃာတော်တွေရဲ့ သြ၀ါဒကို ခံယူပြီးတော့မှ ကျွန်တော်တို့ ဒီပါတီကို ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။
မယမင်းဦး- တိုင်းရင်းသားပါတီတွေဟာလည်း အရင်တုန်းကထက်စာရင် ဖွဲ့စည်းမှုတွေ များလာတယ်။ ပြောရမယ် ဆိုရင်၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေရဲ့ အင်အားဟာ ပိုပြီးတော့ တောင်းတင့်တယ်လို့ ပြောလို့ ရမယ်။ ဒါပေမယ့်လို့ အများစုကို လေ့လာကြည့်မယ်ဆိုရင် တိုင်းရင်းသားပါတီတွေဟာ တိုင်းရင်းသားလူမျိုးစုတစ်ခု မှာ ပါတီတစ်ခုတည်းမဟုတ်ဘဲနဲ့ ပါတီကွဲနေတာတွေ ရှိတယ်။ အခု ပအိုဝ်းလူမျိုးစုမှာ (၂)ပါတီဖြစ်နေတယ်။ ဒါတွေက အမြင်မှာ အင်အားကောင်းတယ်လို့ ထင်ရပေမယ့် အတွင်းပိုင်းမှာ သဘောထားကွဲလွဲနေတာမျိုး ပြောနေ ကြတယ်၊ သုံးသပ်ကြတယ်ပေါ့။ အဲဒါကို ဘယ်လိုပြန်ပြီး ပြောချင်ပါသလဲ။
ဦးခွန်မောင်သောင်း- ဗမာစကားပုံရှိတယ်။ အသွင်မတူ အိမ်သူမဖြစ်ဘူး  ဆိုတာတွေပေါ့။ တိုင်းရင်းသားအားလုံးလိုလို တစ်ပါတီကနေ နှစ်ပါတီ၊ နှစ်ပါတီကနေ သုံးပါတီ ဖြစ်နေတဲ့ အနေအထားမျိုးမှာလည်း ရှိတာပေါ့နော်။ အချို့ပါတီတွေမှာ နှစ်ပါတီဖြစ်နေတာကို တစ်ပါတီတည်းပြန်ဖြစ်အောင် ပေါင်းစပ်ဖို့ ကြိုးစားနေတာတွေလည်း ကျွန်တော်တို့ ကြားနေရပါတယ်။ မိမိတို့မှာလည်း လွန်ခဲ့တဲ့ လပိုင်းလောက်ကပေါ့ ပြည်ထောင်စုပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(ပအမဖ)ပါတီ ထပ်မံပေါ်ပေါက်ခဲ့တယ်။ ပေါ်ပေါက်လာတဲ့ အနေအထားမှာလည်း ပါတီတည် ထောင်တယ်ဆိုတာဟာ ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့ အသိတစ်ခုရလာတယ်။ တချို့ကလည်း နိုင်ငံရေးလမ်းစဉ် ကြောင့်၊ တချို့ကလည်း ကိုယ့်အမျိုးသားရေး တည်ဆောက်ချင်လို့ ပါတီဖွဲ့တာ ဖြစ်ချင်ဖြစ်မယ်၊ တချို့ကလည်းဘဲ အကြောင်းအရာတစ်ခုခုကို ကြိုမြင်လို့ တည်ဆောက်တာ ရှိချင်ရှိမယ်။ ဒါဟာ တည်ဆောက်တဲ့သူတွေပေါ်မှာ မူတည်ပြီး ကွဲပြားမှု ရှိပါလိမ့်မယ်။ ကျွန်တော်တို့မှာ (၂)ပါတီ ဖြစ်လာတယ်။ သို့သော်လည်းဘဲ ကျွန်တော်တို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ အနေနဲ့တော့ ပအိုဝ်းအမျိုးသားတစ်ခုလုံးရဲ့ (၉၀%)ကို လွှမ်းခြုံထားတယ်လို့ ပြောချင်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ပါတီ ဘာကြောင့်ဒီလိုလွှမ်းခြုံနိုင်လည်းဆိုတော့ သမိုင်း ကြောင်းလေးနဲ့ ရှိပါတယ်။ ကျွန်တော်တို့ပါတီဟာ ခေတ်ပေါ်ပါတီတော့ မဟုတ်ဘူး။  သမိုင်းအဆက်ဆက် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကတည်းက ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးများရဲ့ ချမှတ်ခဲ့တဲ့ လမ်းစဉ်၊ မူဝါဒတွေကို ယနေ့အချိန်ထိ ဆောင်ရွက်ခဲ့တယ်။ ပအိုဝ်းလူထုတစ်ခုလုံးအနေနဲ့ အဲဒီလမ်းစဉ်အတိုင်း သွားကြတဲ့အနေအထားမှာ ရှိကြတယ်။ အဲဒါကြောင့်မို့လို့ နှစ်ပါတီ ရှိသော်ငြားလည်း ကျွန်တော်တို့အနေနဲ့ တစ်ပါတီတည်း ရှိနေသလိုဘဲ ခံစားရတယ်လို့ ကျွန်တော်မြင်မိပါတယ်။ အားလုံးကို လေ့လာသုံးသပ်တဲ့ နေရာမှာ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ပါတီမှာ လူတန်းစားအလွှာပေါင်းစုံဖြင့် ဖွဲ့စည်းထားတဲ့အတွက်ကြောင့်၊ နောက်ပြီးတော့ ရဟန်းသံဃာတွေရဲ့ သြ၀ါဒစကားကို ခံယူတဲ့အတွက်ကြောင့် ပအိုဝ်းတွေရဲ့ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေမှာ ဆရာတကာတွေ အမြဲတမ်း တိုင်ပင်ကြတဲ့အတွက်ကြောင့်၊ ဖြစ်ချင်တဲ့အရာကို အကြေအလည် ညSိနှိုင်းပြီး တည်ဆောက်တဲ့အစဉ်အလာရှိတဲ့အတွက်ကြောင့်လို့ ကျွန်တော်ပြောချင်ပါ တယ်။
မယမင်းဦး- နောက်တစ်ခုကတော့ အခြားပါတီတွေ ဝေဖန်နေတာတွေ ရှိတယ်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီနဲ့ အခြားနိုင်ငံရေးပါတီတွေ ဆက်ဆံရေး မပြေလည်ဘူးပေါ့၊ အဲဒီလိုမျိုးပြောနေတာတွေ ရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုများ တုံ့ပြန်ချင်ပါသလဲ။
ဦးခွန်မောင်သောင်း- ဒါတွေက ဘေးစကားတွေပါ။ ကျွန်တော်တို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ချမှတ်ထား တဲ့ မူဝါဒလမ်းစဉ်တွေ ရှိပါတယ်။ ဒီမူဝါဒလမ်းစဉ်ကို ကြည့်ခြင်းအားဖြင့် ဒို့တာဝန်အရေး(၃)ပါးကို အထွဋ်အထိပ် ထားတယ်။ နောက်ပြီးတော့မှ ဒီဒေသမှာရှိတဲ့ ပအိုဝ်းတိုင်းရင်းသားတွေမှမဟုတ် အခြားတိုင်းရင်းသားတွေရဲ့ အကျိုး ကို အတတ်နိုင်ဆုံး လက်တွေ့ကျကျ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အရင်တုန်းကလည်း ဆောင်ရွက်ပေးခဲ့တယ်။ အခုလည်း ဆောင်ရွက်ပေးလျက်ပါ။ နောင်လည်း ဆောင်ရွက်ပေးဦးမှာဘဲ။ အခြားပါတီတွေနဲ့ သဘာထားခြင်း မတိုက်ဆိုင်ဘူး၊ မတည့်ဘူး၊ အဆင်မပြေဘူးဆိုတာတွေတော့ ကျွန်တော်တို့ဆီမှာ ဘာမှမရှိပါဘူး။ ကျွန်တော်တို့ ကတော့ သူများကိုတည့်တယ်။ သူများတွေကတော့ မသိဘူးပေါ့။ သို့သော် ကျွန်တော်တို့ပါတီဟာ ကိုယ့်နေရာဒေသ ရဲ့အကျိုး၊ ကိုယ့်နေရာဒေသမှာရှိတဲ့ တိုင်းရင်းသားများအားလုံးရဲ့အကျိုးကို ကျွန်တော်တို့အနေနဲ့ အကုန်လုံး ဆောင်ရွက်တဲ့အနေအထားမှာဖြစ်တဲ့အတွက်ကြောင့် ဘယ်ပါတီနဲ့မှ ကျွန်တော်တို့ မတည့်ဘူးဆိုတာ မရှိဘူး။ သို့သော်ငြားလည်း ဘေးကနေ ခြေထိုးနေတာတွေကတော့ တစ်မျိုးရှိချင်ရှိမှာပေါ့။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက် ဟာ ကိုယ့်ဒေသကိုယ်ချစ်ဖို့၊ ကိုယ့်တိုင်းရင်းသားမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိနိုင်ဖို့ ဆိုတဲ့အတိုင်း ဒီမိုကရေစီတောင်း ဆိုတဲ့နေရာမှာ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားများအားလုံးထက် ပအိုဝ်းက ပထမဦးဆုံးတောင်းတယ် ဆိုတဲ့ဟာကို ကျွန်တော်တို့ ဆုံးဖြတ်ထားတယ်။  ဒါဟာ သမိုင်းအထောက်အထားရှိပါတယ်။ လွတ်လပ်ရေးကြိုးပမ်း စဉ်ကာလမှာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် လုပ်ပေးပါဆိုတာကို လွတ်လပ်ရေးမရခင်ကတည်းက ကျွန်တော်တို့ ပအိုဝ်းခေါင်းဆောင်တွေ တောင်းဆိုထားတာ ရှိပါတယ်။ ဒီမိုကရေစီလို့ ပြောကြမယ်ဆိုရင် အခြားလူမျိုးတွေထက် ကျွန်တော်တို့ ပအိုဝ်းလူမျိုးဟာ ကြိုပြီးတော့မှ တောင်းဆိုခဲ့တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ ခေတ်သစ်မှာ သွားနေတဲ့လမ်းကြောင်း ပါတီစုံဒီမိုကရေစီလမ်းကြောင်းဟာ ကိုယ့်နေရာကိုယ့်ဒေသကိုယ့်အခြေအနေ ဆိုတာ အများစုပေါင်းတိုင်ပင်ဆုံးဖြတ်တဲ့ လုပ်ငန်းလုပ်ရပ်လေးတွေဟာ ပအိုဝ်းဒေသမှာ အစဉ်အလာအားဖြင့် တစ်ခု ဖြစ်တယ်။ ဘာပဲလုပ်လုပ် စုပေါင်းခေါင်းဆောင်ပြီး ညSိနှိုင်းတယ်ဆိုတာကို နဂိုကတည်းက ရှိးထားပြီးသား ဖြစ်ပါ တယ်။ ဒီနေ့ဒီအချိန်မှာ ကိုယ်ယုံကြည်တဲ့ပါတီဟာ အဆင့်မပြေစရာမရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့ ပါတီကို ထင်ယောင်ထင်မှား ရှိကောင်းရှိလိမ့်မယ်။ အလေးတော့ သိပ်မထားဘူး။ ဘာကြောင့် အလေးမထားတာလဲ ဆိုတော့ ကျွန်တော်တို့ပါတီ သွားနေတဲ့လမ်းကြောင်းဟာ ခုဏက ပြောတဲ့အတိုင်းပါပဲ ရည်ရွယ်ချက်၊ လုပ်ဆောင် ချက်တွေက ဖွံ့ဖြိုးတိုးတက်မှုကိုသာ အဓိကထားတဲ့အတွက်ကြောင့် ကျန်တဲ့ပါတီတွေနဲ့ မတည့်တာ မရှိဘူး။
မယမင်းဦး- PNO  အနေနဲ့ အရင်တုန်းက လက်နက်ကိုင်ခဲ့တယ်။ အစိုးရနဲ့ ငြိမ်းချမ်းရေးရယူပြီး ဒေသဖွံ့ဖြိုးရေးလုပ် ငန်းတွေကိုလည်း အများကြီး ဆောင်ရွက်နိုင်ခဲ့တယ်။ အခုလက်ရှိအချိန်မှာ အစိုးရနဲ့ အခြားလက်နက်ကိုင်အဖွဲ့အ စည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိဖို့ ကြိုးစားနေကြတယ်။ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေကြတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်မို့လို့ မချုပ်ဆိုနိုင်သေးဘူး၊ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် အခါခါလုပ်နေတယ်။ ငြိမ်းချမ်းရေးရယူပြီး ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်တဲ့ အဖွဲ့အစည်းအနေနဲ့ ဘာကြောင့် အစိုးရနဲ့ အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ် မချုပ်ဆိုနိုင် သေးတာလဲ၊ ဘယ်လိုအကြောင်းမျိုးကြောင့် ဖြစ်နိုင်လည်း ဆိုတာကို အန်ကယ်ရဲ့ အမြင်လေး သိပါရစေရှင့်။
ဦးခွန်မောင်သောင်း- ကျွန်တော်အမြင်ပြောရရင် နိုင်ငံရေးနဲ့ ပတ်သက်လာရင် ပင်လုံစာချုပ်ဆိုတာ ရှိတယ်။ အဲဒီနေရာမှာ တိုင်းရင်းသားက ခွဲထွက်ဖို့ ပြောတာမဟုတ်ဘူး။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ် ဆိုတာ ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဆိုတော့ ဒီနေရာမှာ မချုပ်ဆိုနိုင်သေးတာဟာ အစိုးရအနေနဲ့လည်း စိုးရိမ်စရာ လေးတွေ ရှိမှာပေါ့။ တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒတွေကလည်း ဒီနေရာမှာ ညSိနှိုင်းပေါင်းစပ်မယ်ဆိုတဲ့ အနေ အထား၊ ဒါနိုင်ငံရေးအမြင် ကွာဟမှုတွေ ရှိတယ်။ ဒါ့ကြောင့်မို့လို့ မချုပ်ဆိုနိုင်သေးတဲ့ အနေအထားမျိုးရှိမှာပေါ့။ တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒဆိုတာဟာလည်း ဒီပြည်ထောင်စုကြီး ပြိုကွဲရေးလုပ်မှာမဟုတ်ပါဘူး။ ဒီပြည်ထောင် စုကြီးထဲမှာ တိုင်းရင်းသားအားလုံးက သာတူညီမျှမှု၊ တန်းတူညီမျှမှု ရှိရမယ်၊ ဒီအချက်လေးတွေ တောင်းဆိုတာပါ။ ဒါတွေဟာလည်း ပေးနိုင်တဲ့ ပုဂ္ဂိုလ်လည်း ပေးနိုင်တယ်။ ယူနိုင်တဲ့ ပုဂ္ဂိုလ်လည်း ယူနိုင်တယ်။ သိုသော်လည်း ပေးတဲ့ ပုဂ္ဂိုလ်နဲ့ ယူတဲ့ပုဂ္ဂိုလ် လမ်းကြောင်းလေး နည်းနည်းလိုအပ်နေသေးတယ်လို့ ကျွန်တော်ဒီလိုပဲ မြင်ပါတယ်။ မချုပ်ဆို နိုင်သေးတဲ့ အနေအထားဟာလည်း နိုင်ငံရေးအရ အရင်တုန်းက လွတ်လပ်ရေးမရခင်တုန်းက နယ်ချဲ့အင်္ဂလိပ်တွေ အုပ်ချုပ်ခဲ့တဲ့ အတွေးအခေါ်တွေ၊ နောက် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာလည်းဘဲ ပါလီမန်ဒီမိုကရေစီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ တပ်မတော်အုပ်ချုပ်ရေးခေတ်  ဒါလေးတွေဟာ သူ့ခေတ်နဲ့ သူ့ကာလ သူ့အနေအထားအရ သူ့ခံယူချက်နဲ့ သူ့သမိုင်းကြောင်း ဒီလိုတည်ဆောက်ခဲ့တယ်။ ဒီပါတီကို သက်ဝင်ယုံကြည်တဲ့ ပုဂ္ဂိုလ်ရှိသလို ကျန်တဲ့ပါတီကြီးတွေလည်း ဒီလိုပဲ ရှိကြမှာပါ။ အဲဒါပါတီဝင်တွေရဲ့ ခံယူချက်က ဒီမိုကရေစီကို နှစ်သက်တယ်။ ကိုယ်ကိုယ်တိုင်လည်း သိသလို ပြည်သူတွေလည်း နားလည်သဘောပေါက်တယ်။ အဲဒီနားလည် သဘောပေါက်လာတဲ့အချိန်၊ ပါတီစုံဒီမိုကရေစီရင့်ကျက်လာတဲ့အချိန်၊ တိုင်းရင်းသားဆန္ဒ ပြည့်ဝလာတဲ့အချိန်မှာ အောင်မြင်သွားမယ့်အနေအထားမှာ ဖြစ်လာနိုင်မှာပါ။
မယမင်းဦး- အခုအချိန်မှာ ဘာကြောင့် ဒီလိုမျိုး မဖြစ်လာနိုင်သေးတာလဲ၊ မအောင်မြင်နိုင်သေးတာလဲ၊ ဒီတိုင်းရင်း သားတွေက တန်းတူအခွင့်အရေးရရှိဖို့၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့ဆိုတာတွေကိုပေါ့။
ဦးခွန်မောင်သောင်း- ဒါတွေကို ပြောရမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တစ်စိတ်တစ်ဒေသအားဖြင့် ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်သွားတဲ့ အချိန်မှာ တချို့နေရာတွေမှာလည်း ဒီမိုကရေစီကို အဟန့်အတား၊ ထိန်းချုပ်ထားတဲ့ဟာလေးတွေလည်း ရှိမှာပါ။ ဒီအကြောင်းချင်းရာအပေါ်မှာ မူတည်ပြီးတော့မှ ဒီတိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြည့်ဆည်းပေးနိုင်သေးတာ ရှိတယ်။ မဖြည့်ဆည်းပေးနိုင်သေးတာ ရှိတော့ တိုင်းရင်းသားများရဲ့ တောင်းဆိုချက်တွေဟာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှ တချို့အပိုင်းလေးတွေ ပြင်မှ တောင်းဆိုချက်တွေနဲ့ လိုက်လျောညီထွေမှု ရှိမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်လိုက်ရင် တိုင်းရင်းသားတွေ ရဲ့ တောင်းဆိုချက်တွေကို ပိုပြီးတော့မှ နီးစပ်လာမယ်လို့ ကျွန်တော်တို့ မြင်မိပါတယ်။
မယမင်းဦး- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်မို့လို့ ဒါက အဟန့်အတားတွေ ဖြစ်နေတာပေါ့နော်။ အကယ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုက်မယ်ဆိုရင်ကော တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ သေချာပေါက် ရရှိမယ်လို့ မျှော်လင့်ပါသလား၊ ဒီတိုင်းရင်းသားတွေရဲ့အခွင့်အရေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆိုင်သလား၊ အစိုးရ ရဲ့ပေါ်လစီနဲ့ ဆိုင်သလားရှင့်။
ဦးခွန်မောင်သောင်း- အဓိကတော့ နိုင်ငံတော်အစိုးရရဲ့ပေါ်လစီဟာ သူ့ရဲ့ပင်မအသက်သွေးကြောကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပြဌာန်းပဲနဲ့ နိုင်ငံတော်အစိုးရရဲ့ ပေါ်လစီဟာလည်း ပြောင်းလဲလို့ ရမှာမဟုတ်ပါဘူး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ ပြင်မယ်ဆိုရင် ဒါဟာ အစိုးရရဲ့ ပေါ်လစီနဲ့ ဆက်စပ်နေတဲ့ သဘောမှာ ရှိပါတယ်။
မယမင်းဦး- ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုက်မယ်ဆိုရင်လည်း ယတိပြတ်တော့ ပြောလို့မရသေးဘူးပေါ့၊ တိုင်းရင်းသားအခွင့်အရေး ပြန်ရမယ့်မျှော်လင့်ချက်ပေါ့။
ဦးခွန်မောင်သောင်း- ဒါဟာ ပြဌာန်းတဲ့ ဥပဒေပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုဥပဒေနဲ့ ပြဌာန်းထားမယ်၊ ဘယ်လို ဥပဒေနဲ့ ပြင်ဆင်မယ်ဆိုတာတွေကိုပေါ့၊ ပြင်ဆင်လာနိုင်အောင်လည်း အခုတိုင်းရင်းသားတွေ ကြိုးစားနေကြတယ်။ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာတွေကို သူတို့တောင်းဆိုတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီထဲမှာ ကျွန်တော်လည်း ပါဝင်နေတယ်ဆိုတော့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ ဘယ်လိုရှိတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သဘောပေါက်ပါတယ်။
မယမင်းဦး- ဟုတ်ကဲ့၊ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကော ပြင်နိုင်မယ်လို့ ထင်ပါသလားရှင့်။
ဦးခွန်မောင်သောင်း- ဥပဒေဆိုတာကတော့ ပြင်လို့မရဘူးဆိုတာတော့ မရှိဘူး။ လက်ရှိနိုင်ငံတော်ရဲ့ အခြေအနေပေါ့။ သွားနေတဲ့ လမ်းကြောင်းဟာ အန္တာရာယ်ရှိမရှိ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုင်ကွဲနိုင်မှု ရှိမရှိ၊ နောက် နိုင်ငံရေး အချုပ်အခြာအာဏာ ထိခိုက်နိုင်မှု ရှိမရှိ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ ဒီအပေါ်မှာ အမြင်ရှင်းရှင်းနဲ့ သွားကြမယ် ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လိုက်လျောညီထွေမှု ရှိလာဖို့အတွက်ာ ပြင်နိုင်ပါ့မှာလား ဆိုတဲ့နေရာမှာ အခြေအနေပေါ်မှာ မူတည်ပြီးတော့မှ ပြင်သင့်ရင်လည်း ပြင်ရမယ်၊ မပြင်နိုင်တာလည်း မရှိဘူး၊ ဒီဥပဒေဟာ ပြည်သူ အတွက် အကျိုးမရှိသလို ပြည်သူအတွက်လည်း လိုက်နာနိုင်မှု မရှိတော့ဘူးဆိုရင် ပြင်ဆင်ရမှာပါ။ သို့သော် ကာလ ဒေသ အတိုင်းအတာလေးတစ်ခုအထိရောက်ရင် ပြင်ဆင်နိုင်မယ်လို့ ကျွန်တော်မြင်မိပါတယ်။
မယမင်းဦး- ဟုတ်ကဲ့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့နေရာမှာ နိုင်ငံရေးပါတီတွေအများစုကလည်း အများကြီး တောင်းဆိုနေကြတယ်။ ငြိမ်းချမ်းရေးကြိုးပမ်းနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဒါကို ထောက်ပြနေတယ်။ ဥပဒေပြင်ဖို့အတွက် ပြင်ဆင်တဲ့နေရာမှာ အန်ကယ်တို့ တိုင်းရင်းသားပါတီအနေနဲ့ ဘယ်လိုမျိုး အချက်လေးတွေ ပြင်ဆင်ချင်ပါသလဲ။ ဥပမာ NLD ကဆိုရင် သူတို့ (၄၃၆)ကို ပြင်ရမယ်၊ (၅၉)(စ)ကို ပြင်ဆင်ဖို့ တောင်းဆိုတယ်။ အဲဒီအချက်တွေ ပြင်ဖို့ဆိုရင်ကော တိုင်းရင်းသားပါတီက သဘောတူသလား၊ သို့မဟုတ် တိုင်းရင်း သားပါတီက အဲဒီအချက်မဟုတ်ဘဲ အခြားအချက်တွေကို ပြင်ချင်တာလား။
ဦးခွန်မောင်သောင်း- ရပ်တည်တဲ့ ရှုထောင့်ခြင်း ကွာတယ်။ အများစုကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ် ဆိုတဲ့နေရာမှာ ပါတီကြီးတွေရဲ့ ဆန္ဒတွေ၊ တိုင်းရင်းသားတွေရဲ့ဆန္ဒတွေ ထပ်တူထပ်မျှနီးနီးလောက် ရှိဖို့ ဒါလည်း သဘောပေါက်ရမယ်။ သို့သော် ပြင်ရမယ့် အချိန်ကာလတွေ မြန်မာ့နိုင်ငံရေးရဲ့ အခြေအနေပေါ် မူတည်တယ်လို့ပဲ ကျွန်တော်တို့ မြင်ပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့လည်း ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အချက်ပေါင်း(၂၆)ချက် တင်ထားပါတယ်။ ဒါဟာ သီးခြားတင်တဲ့ဟာပေါ့။ နောက်ပြီးတော့ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသမှာလည်း ရတဲ့လုပ်ပိုင်ခွင့်တွေ အင်မတန် သေးငယ်လွန်းတယ်၊ ဆိုလိုတာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နာမည်သာ ရှိတယ်။ တကယ့်လုပ်ပိုင်ခွင့် သိပ်မရှိပါဘူး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီး တစ်ခုလုံးကို ပြင်နိုင်ဖို့ ဆိုတာက ခုဏက ပြောတဲ့ပုဒ်မတွေလည်း အရေးကြီးတယ်၊ အဲဒီပုဒ်မကို ပြင်ဖို့လည်း အားလုံးကြိုးစားနေကြတယ်။
မယမင်းဦး- အခု ရွေးကောက်ပွဲအကြောင်းလေးကို မေးချင်ပါတယ်။ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီအနေဖြင့် ဘယ်လိုတွေ ပြင်ဆင်ထားလည်းရှင့်။
ဦးခွန်မောင်သောင်း- ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ပါတီဟာ ကောက်ရိုးမီးလို မသွားဘူး။ ရွေးကောက်ပွဲနီးမှ ၀ုန်းဒိုင်း ထတောက်တဲ့ ကောက်ရိုးမီးလိုမျိုး ကျွန်တော်တို့ပါတီမှာ မရှိဘူး။ ကျွန်တော်တို့ပါတီကို လူသိနည်းတယ် ဆိုတာဟာ သတင်းထုတ်ပြန်မှု အားနည်းတယ်။ သို့သော် ဒီနောက်ပိုင်းတွေမှာတော့ သတင်းထုတ် ပြန်မှုတွေ ပြုလုပ်လာတယ်။ ကျွန်တော်တို့ ဒေသမှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေ ဖွံ့ဖြိုးတိုး တက်အောင် ကျွန်တော်တို့ တော်တော်လေးကို ဆောင်ရွက်ပေးခဲ့တယ်ဆိုတော့ ဘယ်လိုပြင်ဆင်ထားလည်းဆိုတာ ကို ကျွန်တော်တို့ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ အမြဲတမ်း ပြည်သူတွေနဲ့ ထိတွေ့ပြီးတော့မှ ပြည်သူ့အကျိုး၊ တိုင်းရင်း သားတွေရဲ့အကျိုး ဆောင်ရွက်ထားတဲ့ အနေအထားမျိုးကို ကျွန်တော်တို့ ပြောတယ် ဆိုတယ်၊ ဒါဟာ ပြည်သူလူထု နဲ့  အဆက်မပြတ်ဘူးဆိုတာကို ပြောချင်တာပါ။ နောက်တစ်ချက်က ကျွန်တော်တို့ပါတီရဲ့ ဖွဲ့စည်းပုံကို အကျဉ်းပြော ချင်ပါတယ်။ အသွင်သဏ္ဍာန်အားဖြင့်တော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လို့ ပြောပေမယ့် ဖွဲ့စည်းထားမှုဟာ ထောင့်စုံဖွဲ့စည်းထားတဲ့ အနေအထားမှာ ရှိပါတယ်။ အလွှာပေါင်းစုံနဲ့ ဖွဲ့စည်းထားပါတယ်။ နောက်ပြီးတော့မှ ကျွန်တော်တို့ ပအိုဝ်းတွေဟာ (၉၉.၉%)ဟာ ဗုဒ္ဓဘာသာဖြစ်တယ်။ ဆရာတော်တွေရဲ့ သြ၀ါဒတွေကို ကျွန်တော်တို့ က အမြဲတမ်း ချည်းကပ်တယ်။ ဖွဲ့စည်းပုံအနေအထားကို ကြည့်မယ်ဆိုရင် ဗဟို၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စု၊ ကျေးရွာအထိ ဖွဲ့စည်းထားတယ်။ ဆက်သွယ်မှုလမ်းကြောင်းက ဒီ(၄)နှစ်တာကာလမှာ အဆက်မပြတ်ခဲ့ဘူး။ သင်တန်းတွေကိုလည်း ကျွန်တော်တို့ ပြုလုပ်တာ မနည်းဘူး။ (၁၅၀)ကြိမ်ရှိတယ်။ သင်တန်းသား/သူတွေဟာ လည်း (၁၁၀၀၀)ကျော် ရှိခဲ့တယ်။ ဒါတွေကို သတင်းမထုတ်ပြန်တဲ့အတွက်ကြောင့် မသိကြဘူး။ အခုလည်း နယ်တွေမှာ သင်တန်းတွေ ပေးလျက်ရှိပါတယ်။ သင်တန်းဖွင့်ပွဲ/ပိတ်ပွဲတွေဆိုတာ တစ်ပတ်မှာတကြိမ်လောက် ရှိနေတဲ့ အနေအထားမျိုးမှာ ရှိနေတယ်။ နောက်တစ်ခုက ကျွန်တော်တို့ပါတီအနေနဲ့ စည်းရုံးရေးကဏ္ဍမှာဆိုရင် သူ့မြို့နယ် ကိုယ့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပါတီက လာကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ လွှတ်တော် အားတဲ့အချိန်မှာ လူထုတွေနဲ့ ပြန်လည်ထိတွေ့တယ်၊ ဟောပြောပွဲ ပြုလုပ်တယ်၊ လွှတ်တော်ဆောင်ရွက်ချက်တွေ ဘယ်လိုရှိတယ်ဆိုတာကို ရှင်းလင်းပွဲတွေ လုပ်ပေးတယ်၊ နောက်လာမည့် အနာဂတ်နိုင်ငံရေးအခြေအနေ ဘယ်လို ရှိတယ်ဆိုတာတွေကို ချပြလေ့ရှိတယ်။ ပြည်သူလူထုကိုလည်း သင်တန်းပို့ချပေးတယ်။ ပို့ချတဲ့နေရာမှာ အဓိက တော့ ပအိုဝ်းလူမျိုးသမိုင်းကြောင်း၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုသမိုင်းကြောင်း၊ နိုင်ငံရေးသမိုင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လူအခွင့်အရေးကြေငြာစာတမ်း စတာတွေကို ပို့ချတယ်။ အခုလို သင်တန်းပို့ချတဲ့အတွက်ကြောင့် လည်း လူထုတွေက အမြင်ကျယ်လာပြီးတော့မှ ပြည်သူ့အကျိုးကို ဘယ်သူကနေပြီးတော့ ပိုပြီးဆောင်ရွက်နိုင်မှာ လည်းဆိုတာကို ပြည်သူကနေပဲ ဆုံးဖြတ်လာနိုင်မှာ ဖြစ်ပါတယ်။  DVB က ကျွန်တော်ကို တစ်ခါအင်တာဗျူးဖူးပါ တယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အန်ကယ်တို့ ပါတီအခြေအနေ ဘယ်လိုရှိသလဲဆိုတာကိုပေါ့။ ကျွန်တော်က ပန်းပန်လျက်ပါ လို့ တစ်ခွန်းပဲပြောပါတယ်။ ဒါကြောင့် ပြင်ဆင်မှုအခန်းကဏ္ဍကတော့ ကျွန်တော်တို့ ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ၀င်ရောက်ရွေးချယ်မယ့်နေရာမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၃)မြို့နယ် ကတော့ ကျွန်တော်တို့အပိုင်းပေါ့။ နောက် ကျန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ မပါတဲ့ အခြားမြို့နယ် တွေကိုလည်း ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုတာကို ကျွန်တော်တို့ အစီအစဉ်ချထားပြီးသား ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဘယ်မြို့နယ်မှာ ၀င်ပြိုင်မှာလဲဆိုတာတွေက ကျွန်တော်တို့ ယနေ့အချိန်ထိ မဆုံးဖြတ်ရသေးပါဘူး။ နီးကပ်နေပြီ၊ သူများတွေတော့ ကိုယ်စားလှယ်လောင်းတွေ ထွက်ပြီ၊ ကျွန်တော်တို့ကတော့ ဘယ်မြို့နယ် ၀င်ပြိုင်မယ် မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ပါတီက ဒီကိုယ်စားလှယ်လုတဲ့ လုပ်ငန်းတွေ မရှိကြဘူး။ လုပ်နိုင်တဲ့ပုဂ္ဂိုလ်ကို တင်တယ်။ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်၊ အများက လေးစားကြည်ညိုတဲ့ပုဂ္ဂိုလ် တင်တယ်။ သမိုင်းပေးတာဝန်အရ လုပ်နေကြတဲ့ သူတွေ ဖြစ်တယ်။ သမိုင်းပေးတာဝန်အရ လုပ်ပေးတဲ့ပုဂ္ဂိုလ်တွေလို့ ကျွန်တော်တို့ပြောရင် အရမ်းကြီးကျယ်သလားလို့ ထင်ကြမယ်။ ကျွန်တော်တို့ ပအိုဝ်းအမျိုးသားတွေဟာ ပြန်စဉ်းစားရင် ခံစားချက်က လူတိုင်းကိုယ်စီမှာ ရှိကြတယ်။ လွတ်လပ်ရေးမရခင်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပဒေသရာဇ်စော်ဘွားအုပ်ချုပ်ခဲ့တယ်။ ဒီလိုအုပ်ချုပ်တဲ့ နေရာမှာ ကျွန်တော်တို့ လူမျိုးဟာ အခိုင်းအစေလူမျိုးလို့ သတ်မှတ်ခံခဲ့ရတယ်။ မျက်စိပိတ်နားပိတ်ပေါ့။ ပအိုဝ်းတွေ နှာလံမထူနိုင်အောင်ဆိုပြီးတော့ ပအိုဝ်းဒေသတွေမှာ မူးယစ်ဆေးဝါးတွေ၊ ဘိန်းရှူဘိန်းစားတွေ၊ လောင်းကစားတွေ အစုလိုက်အပြုံလိုက် ရာသီလိုက် လတိုင်းရှိတယ်။ အဲဒီကနေမှ ကျွန်တော်တို့ ပအိုဝ်းတွေ ပဒေသရာဇ်တော်လှန်ရေး လုပ်ခဲ့တယ်။ အဲဒီလုပ်ခဲ့တာကစပြီးတော့ ၁၉၅၉ ခုနှစ်မှာ စော်ဘွားတွေ အာဏာစွန့်ခဲ့ရတယ်။ ဒါတကယ့် ထင်ရှားတဲ့ ပအိုဝ်းတော်လှန်ရေးသမိုင်းကြောင်းပါ။ ကျွန်တော်ပြောချင်တာက ပဒေသရာဇ်ဆိုတာက သူ့ခေတ်သူ့အခါနဲ့ သူရှိခဲ့တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုပါ။ ဒီစော်ဘွားအုပ်ချုပ်ရေးတွေထဲမှာ လူမျိုးပေါင်းစုံ ပါဝင်ပါတယ်။ ရှမ်းလည်း ရှိသလို၊ ပအိုဝ်း၊ ဓနု၊ ပလောင်၊ ၀ တွေလည်း ပါတယ်။ ပဒေသရာဇ်ဆိုတာကို လူမျိုးတစ်မျိုးကို ဦးတည်ပြီး ပြောနေတာ မဟုတ်ပါဘူး။ အဲဒီမကောင်းတဲ့ စနစ်ကို ကျွန်တော်တို့ပအိုဝ်းတွေက စော်ဘွားအာဏာစွန့်တဲ့အထိ တော်လှန်ခဲ့တယ်။ ဒါ့ကြောင့်မို့လို့ လာတဲ့သမိုင်းက သိပ်ခါးသီးလွန်းတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကို အားမကိုးဘူး၊ မရုန်းဘူးဆိုရင် အရင်လိုပဲ အပြောခံရမှာပါ။ တောင်သူကနေ ပအိုဝ်း လို့ ခေါ်ပါကနေ စပြီးတော့မှ ကကြီးကနေ စတင်ပြီး အမျိုးသားရေးကို တည်ဆောက်ခဲ့တာဖြစ်ပြီး ယနေ့အနေအထားအထိ ရောက်ရှိလာတာ ဖြစ်တယ်။ ဒါတွေဟာ ပအိုဝ်းလူမျိုးတိုင်းရဲ့ ရင်ထဲမှာ ရှိကြပြီးတော့မှ ကိုယ့်သမိုင်းကိုယ်ပြန်ဖော်ထုတ်ပြီးတော့မှ ကိုယ့်အမျိုးသားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ရွက်လာကြတယ်။ သို့သော် ဆောင်ရွက်တဲ့နေရာမှာ ကျန်တဲ့တိုင်းရင်းသားတွေကို လုံးဝထိခိုက်မှု မရှိခဲ့ပါဘူး။ အေးအတူ ပူအမျှနဲ့ ညSိနှိုင်းပေါင်းစပ်ဆောင်ရွက်တယ်၊ တစ်ဦးနဲ့တစ်ဦးလည်း ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် လေးစားမှုလည်း အမြဲတမ်း ထားပေးပါတယ်။ ကိုယ်တိုင်းရင်းသားရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားတယ်ဆိုတာကို ပြောချင်တာပါ။
မယမင်းဦး- ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ရှင့်၊ နောက်ဆုံးအနေနဲ့ ပြည်သူလူထုကို အန်ကယ်တို့ ပါတီအနေနဲ့ ဘာပြောချင်သလဲရှင့်။
ဦးခွန်မောင်သောင်း- ကျွန်တော်တို့ပါတီအနေနဲ့ ပြည်သူလူထုရဲ့ မေတ္တာကို လိုချင်တဲ့ပါတီတစ်ခု ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ မေတ္တာဆိုတာ လိုချင်တိုင်းလည်း ရမှာမဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ပါတီက ရနိုင်သမျှ ပြည်သူတွေအတွက် အကျိုးပြုတဲ့ လုပ်ငန်းတွေ များများလုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ လိုအပ်တဲ့ စီးပွါးရေးကိစ္စရပ်တွေ၊ လူမှုရေးကိစ္စရပ်တွေ၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးကိစ္စရပ်တွေ စတဲ့ အရပ်ရပ်သော လုပ်ငန်းအား လုံးကို ကျွန်တော်တို့ အနေနဲ့  လုပ်ပေးရမယ်၊ ပြပေးရမယ်၊ အကောင်အထည် ဖော်ပေးရမယ်ဖြစ်ပါတယ်။ နောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါတီအနေနဲ့ အနိုင်ရရှိဖို့ဆိုတာ အမြဲတမ်းကြိုးစားနေပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ တုန်းက ကျွန်တော်တို့ ၀င်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်(၁၀)နယ်မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် (၄)နေရာ ယှဉ်ပြိုင်ဖက် မရှိခဲ့ဘူး။ ပြည်နယ်လွှတ်တော် (၆)နေရာမှာ နေရာအချို့သာ ယှဉ်ပြိုင်ဖက် ရှိခဲ့တာပါ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ပါတီအပေါ်မှာ လူထုတွေရဲ့ သဘောထားယုံကြည်အားကိုးမှု ရှိတာကို တွေ့ရပြီး ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ် ကြားကာလမှာ ပြည်သူတွေရဲ့ လိုအပ်ချက်များကို  လက်ညိုးထိုးမလွဲ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ပေးခဲ့တဲ့ အနေအထားမျိုးမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ၂၀၁၅ မှာလည်း ပြည်သူတွေကနေ ၂၀၁၀ တုန်းကလို ကျွန်တော်တို့ပါတီအပေါ် ယုံကြည်ကိုးစားမှုရှိပြီးတော့မှ အောင်နိုင်ဖို့အတွက် အားပေးကြဖို့ ကျွန်တော့်အနေနဲ့ ပြည်သူတွေကို ပန်ကြားလိုပါတယ်။ ပြည်သူတွေ ပေးအပ်တဲ့ တာဝန်၊ ပြည်သူက ခိုင်းစေတဲ့ လုပ်ငန်းရပ်များကို ကျွန်တော်တို့ပါတီအနေနဲ့ တသွေမတိမ်း ဆောင်ရွက်အကောင် ထည် ဖော်ပေးပါမယ်ဆိုတဲ့အကြောင်းကိုလည်း ပြောလိုပါတယ်။ နောက်တစ်ချက်အနေနဲ့ ကျွန်တော်တို့ပါတီဟာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် လို့ လူမျိုးကို ခေါင်းစဉ်တပ်ပြီး ဖွဲ့စည်းထားတဲ့ပါတီဆိုသော်ငြာလည်းပဲ ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်များဟာ ကျွန်တော်တို့ပါတီရဲ့ လက်လှမ်းမီသမျှ တိုင်းရင်းသားအားလုံးရဲ့ အကျိုးကို ကြောသားရင်သား မခွဲခြားဘဲ အချို့နေရာဒေသမှာ အခြားတိုင်းရင်းသားတွေရဲ့ အကျိုးတွေကို ရှေ့တန်းတင်ပြီး ဆောင်ရွက်ပေးခဲ့တာ အများကြီး ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ လုံးဝမရှိပါဘူး။ ဒီဆောင်ရွက်နိုင်တဲ့ ဘောင်ထဲကနေ ပြည်သူအကျိုး၊ တိုင်းရင်းသားအကျိုးတွေကို မျှမျှတတ၊ အောင်အောင်မြင်မြင် ဖြစ်ဖို့အတွက် ကျွန်တော်တို့ အမြဲတမ်း ကြိုးစားနေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ပါတီဟာ ပြည်သူလူထုရဲ့ မေတ္တာကို ခံယူချင်ပါတယ်လို့ ပြောချင်ပါတယ်။
  
ခွန်ကျော်အေး(Admin)
Powered by Blogger.