Wednesday, July 1, 2015

ပြည်သူ့ရေးရာစီမံခန့်ခွဲမှု သင်တန်းဆင်းပွဲကို ဆိုက်ခေါင်စံပြကျေးရွာ၊ သုခအောင်ညီ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇူလိုင်လ (၁) ရက်






ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဆီဆိုင်မြို့နယ်၊ဆိုက်ခေါင်စံပြကျေးရွာ၊သုခအောင်ညီ ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)နှင့် မေတ္တာဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းမှ ပူးပေါင်း၍ ၄-ရက်တိုင်တိုင် သင်ကြားပေးခဲ့သည့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုသင်တန်းကို ၂၀၁၅ခုနှစ်၊ ဇွန်လ (၃၀)ရက်၊ အင်္ဂါနေ့တွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့ပါသည်။
သင်တန်းဆင်းပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၊ သူရိယတိုင်းနှင့်ဖြားဗွာတိုင်းမှ ခမ်းဗွေ/ဒုခမ်းဗွေများ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုသင်တန်းမှ သင်တန်းသား/သူများ၊ ဒေသခံပြည်သူလူထုများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲအခန်းအနား ပထမအနေဖြင့် သုခအောင်ညီကျောင်းဆရာတော်အား သြကာသ ကန်းတော့ချိုးဖြင့် ကန်းတော့ခဲ့ကြပြီးနောက်  သူရိယတိုင်းခမ်းဗွေ ဦးခွန်လှမြင့်၊ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးခွန်ပညာဗုတ်၊ သင်တန်းဆရာ ခွန်အောင်နိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင် တို့မှ အသီးသီး အမှာစကား ပြောကြားခဲ့ပါသည်။
ထိုသို့အမှာစကားပြေကြားရာတွင် ခေတ်စနစ်ပြောင်းလဲလာပြီဖြစ်သည့်အတွက်  အုပ်ချုပ်ရေး၊ ပညာရေးများကို စီမံခန့်ခွဲရာတွင် ခေတ်သစ်စီမံခန့်ခွဲရေးပညာများကို လေ့လာဖို့ လိုအပ်သလို စည်းမျဉ်းစည်းကမ်းများ ဥပဒေများ သိထားဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း၊ သင်တန်းတက်ပြီးပါက ပညာရပ်များကို လက်တွေ့အသုံးချဖို့လိုအပ်ပါကြောင်း၊ ပအိုဝ်းဒေသအတွင်းရှိ ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ဖို့လိုအပ်ကြောင်း၊ လူကြီးမညီရင် ပြည်သူကွဲ ဆိုသလို အချင်းချင်းညီညွတ်ဖို့လည်း လိုအပ်ကြောင်း၊ ရိုးရာဓလေ့နဲ့ တရားစီရင်ရာတွင်လည်း သာတူညီမျှ ကျောသား ရင်သားမခွဲဖြားပဲ စီရင်ဖို့လိုအပ်ကြောင်း၊  service - ၀န်ဆောင်မှုခေတ်စနစ်ဖြစ်သည့်အတွက် ဘာပဲလုပ်လုပ် စိတ်ရင်းစေတနာပါဖို့ လိုအပ်ကြောင်း စသည့် အကြောင်းအရာများကို ပြောကြားခဲ့ပါသည်။
သင်တန်းသားကိုယ်စားလှယ် ခွန်မောင်ချဲမှ ကျေးဇူးတင်စကားပြောကြားပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
 
ခွန်ဓဇ(ဟိုနမ်း) 
Powered by Blogger.