Saturday, September 12, 2015

စည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းကြရန်လိုအပ်ကြောင်းဟု ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် လွယ်အွန်ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေက ပြောကြား

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်



ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေသည် ၂၀၁၅ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဒီကနေ့ စက်တင်ဘာလ(၁၂)ရက်၊ စနေနေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ လွယ်အွန်ကျေးရွာအုပ်စု ပြည်သူလူထုနှင့်တွေ့ဆုံရာတွင် စည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းကြရန်လိုအပ်ကြောင်းဟု ပြောကြားသွားပါသည်။
ထိုသို့ပြောကြားရာတွင် ယခုလို လွယ်အွန်ကျေးရွာမိဘပြည်သူများနှင့် တွေ့ဆုံရသည်မှာ အလွန်ပင် ၀မ်းသာမိပါကြောင်း၊ မိဘပြည်သူများအနေနှင့် မအားလပ်သည့်ကြားက မိမိကို အချိန်ပေး တွေ့ဆုံပေးသည့်အတွက် အလွန်ပင်ကျေးဇူးတင်မိပါကြောင်း၊ မိမိသည် ဟိုပုံးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် (၅)နှစ်အတွင်း တာဝန်ထမ်းဆောင်စဉ်ကာလတွင် အကြောင်းအမျိုးမျိုးကြောင့် လွယ်အွန်ကျေးရွာ မိဘပြည်သူများနှင့် တွေ့ဆုံခွင့်မရသည့်အတွက် မိမိကို နားလည်ပေးစေလိုကြောင်း၊ မိမိအနေနှင့်လွှတ်တော် တာဝန်ထမ်းဆောင်သောကာလ တစ်လျှောက်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်နှင့် လက်တွဲ၍ မိဘပြည်သူများလိုအပ်ချက်ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် ပြည်သူများအတွက် အဓိက ဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေးစသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ မိမိတို့ ပအိုဝ်းလူမျိုးများသည် အခြားလူမျိုးများနှင့် နှိုင်းယှဉ်လျှင် များစွာဖွံ့ဖြိုးတိုးတက်နေသည်ကို မိဘပြသူများ မြင်တွေ့နေရဖြစ်ပြီကြောင်း။
ယခုလို မိမိတို့ ပအိုဝ်းလူမျိုးများ ငြိမ်းငြိမ်းချမ်းချမ်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ဆောင်နိုင်သည်မှာ မိမိတို့ ပအိုဝ်းခေါင်းဆောင်ကြီးများ၏ ကြိုးစားမှု၊ မူဝါဒချမှတ်မှု မှန်ကန်ခြင်းဖြစ်ကြောင်း၊ ထိုပြင် မိမိတို့ပအိုဝ်းလူမျိုးများသည် စည်းလုံးညီညွတ်သော လူမျိုးဖြစ်နေကြောင်း၊ ထိုစည်းလုံးညီညွတ်မှုအားနှင့် ပဒေသရာဇ်စနစ်နှင့်တကွ ခေတ်အဆက်ဆက်က စနစ်ဆိုးကြီးကို ကျော်ဖြတ်လာခဲ့ပြီး ဖြစ်ကြောင်း၊ စည်းလုံးခြင်းသည် လူမျိုးတမျိုးအတွက် ကြီးမားသော ခွန်အားဖြစ်ကြောင်း၊ မိမိတို့ပအိုဝ်းလူမျိုးများသည် မြန်မာနိုင်ငံတွင် စည်းလုံးညီညွတ်သော လူမျိုးများဟု သတ်မှတ်ခြင်းခံရသော လူမျိုးဖြစ်ကြောင်း၊ ထိုစည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းကြရန် လိုအပ်ကြောင်း။
မိမိသည် လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ယခုလက်ရှိ မြန်မာနိုင်ငံတွင် ပါတီပေါင်း(၁၀၀)ရှိသည့်အနက် ပါတီ(၉၀)ကျော်တို့မှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ကြမည်ဖြစ်ကြောင်း၊ မိမိတို့ ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသတွင်လည်း ပါတီ ပေါင်း(၅)ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် မိဘပြည်သူများ ရွေးချယ်မှု မမှားရန်လိုအပ် ကြောင်း၊ မိမိအနေနှင့် ပအိုဝ်းလူမျိုးများသည်း သူတပါးကို လွယ်ကူစွာ ယုံကြည်တတ်သော လူမျိုး၊ စည်လုံး ညီညွတ်မှု ပြိုကွဲနိုင်သောလူမျိုးမဟုတ်ကြောင်း၊ ထို့ကြောင့် လာမည့် ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ကို စည်းစည်းလုံးလုံးနှင့် မဲထည့်ပေးကြလိမ့်မည်ဟု မိမိအနေနှင့် ယုံကြည်ပါကြောင်း ပြောကြားသွားပါသည်။


အဆိုပါလူထုတွေ့ဆုံပွဲတွင် PNOပါတီ ကိုယ်စားလှယ် ဦးခွန်ထွန်ရွှေ၊ ဟိုပုံမြို့နယ် ပြည်သူ့လွှတ်တော် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးခွန်အောင်ကျော်၊ ဟိုပုံမြို့နယ် မဲဆန္ဒနယ်(၁) ပြည်နယ်လွှတ်တော် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးခွန်မောင်ဖြူတို့လည်း မြန်မာ့နိုင်ငံရေး၊ ပအိုဝ်းသမိုင်း၊ ဒီမိုကရေစီစနစ်၊ လွှတ်တော်ဖွဲ့စည်းပုံ၊ မဲထည့်ပုံထည့်နည်းများကို ရှင်းလင်းပြောကြားသွားကြောင်း၊ လွယ်အွန်ကျေးရွာအုပ်စုတွင် အများအားဖြင့် ပအိုဝ်းလူမျိုးများနေထိုင်ကြပြီး၊ အိမ်တိုင်းတွင် ပအိုဝ်းအမျိုးသားအလံများ တပ်ဆင်ထားကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း


Powered by Blogger.