Friday, September 18, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးခန်းမ၊ ဟိုပုံးမြို့တွင် ၂၀၁၅ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တွေ့ဆုံညှိ့နိုင်းဆွေးနွေးပွဲ အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်

ဓါတ်ပုံ- ခွန်ရှိုင်းကို

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးခန်းမ၊ ဟိုပုံးမြို့တွင် ၂၀၁၅ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံညှိ့နိုင်းဆွေးနွေးပွဲ အခမ်းအနားပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဦးခွန်စံလွင်၊ ဌာနဆိုင်ရာ ပုဂ္ဂိုလ်အကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့များ၊ မြို့နယ် ဒေသကော်မရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကျေးများနှင့် ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။



အစီအစဉ်အရ ဒေသဦးစီးဥက္ကဋ္ဌဦးခွန်စံလွင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နိုင်ငံရေးပါတီ (၅) ပါတီ၊ ကိုယ်စားလှယ်လောင်း (၅၈) ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား (၁၅) မျိုး နေထိုင်ရာ တိုင်းရင်းသားရေးရာ ၀န်ကြီးကိုလဲ မဲပေးရမည်ဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ်တွင် နိုင်ငံရေပါတီ (၂) ခုသာပါဝင်ယှဉ်ပြိုင်ပြီး၊ (၄) နေရာသာယှဉ်ပြိုင်၊ (၆) နေရာမှာ ပြိုင်သူမရှိခဲ့၍ နေရာဒေသတော်တော်များများတွင် ပြည်သူအနေဖြင့် မဲပေးခဲ့ရခြင်းမရှိခဲ့ပါကြောင်း၊ ယခုပြည်သူများအနေဖြင့် မဲကိုပေးတက်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ရပ်ဖက်အဖွဲ့အစည်းများ၊ ဆိုင်ရာပုဂ္ဂိုလ်များ အနေဖြင့် မဲပေးမူမှန်ကန်စေရန် ၀ိုင်းဝန်းကူညီပေးစေလိုပါကြောင်း၊ ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး၊ စီမံခန့်ခွဲမူ ကော်မတီများဖွဲ့စည်းထားရှိကြောင်း၊ ကော်မရှင်မှ နယ်မြေဒေသအားလုံး မဲပေးနိုင်ရန် ဆန္ဒရှိကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥဒေများကို သိရုံလောက်နှင့်မဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး၊ ဖြန့်ဝေပေးဖို့ လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကာလအတွင်း မလိုလားအပ်သည့် အနှောက်အယှက် အခြေအနေများ မပေါ်ပေါက်စေရန်နှင့် အောင်မြင်အောင်ကျင်းပနိုင်ရန်အတွက် ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနအသီးသီးမှ ပုဂ္ဂိုလ်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တက်ရောက်လာကြသော နိုင်ငံရေးပါတီများ၊ ရပ်မိရပ်ဖများ အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမိုးထက်မှ ပြောကြားရာတွင် ဌာနအသီးသီးမှ ဆိုင်ရာတာဝန်ပေးအပ်ပြီးဖြစ်ကြောင်း၊ အောင်မြင်စွာ ကျင်းပနိုင်ဖို့ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ တာဝန်လွဲပြောင်းပေးပြီးဖြစ်ကြောင်း၊ မြို့နယ်မှ ညွန်ကြားချက်များကို အလေးထားဆောင်ရွက်ဖို့ မှာကြားထားပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲရက် (၅၀) ကျော်သာလိုအပ်တော့သဖြင့် အောင်မြင်စွာကျင်းပနိုင်ရန် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ပြောကြာခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွန်ကြားရေးမှူး ဦးကိုကိုအောင်မှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ နည်းဥပဒေများ သိသင့်သိထိုက်သည်များ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ဆောင်ရွက်မူ အခြေအနများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ရွေးကောက်ပွဲ လုံခြုံရေးအဖွဲ့ အနေဖြင့် ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း စသည့် မြို့နယ် ဆိုင်ရာရဲတပ်ဖွဲ့မှူးများမှ ရွေးကောက်ပွဲလုံခြုံရေးအတွက် တာဝန်ယူရသည့် အခန်းကဏ္ဍများ၊ လုပ်ထုံးလုပ်နည်းများ၊ ကျင့်ဝတ်များ၊ တာဝန်ဝတ္တရားမျာကို ရှင်းလင်းပြောကြားပြီး ရွေးကောက်ပွဲကာလအတွင်း လုံခြုံမူရှိစေရန် ပြည်သူများမှယုံကြည်စိတ်ချရသော အထူးရဲကို ခေါ်ယူအားဖြည့်ထားကြောင်း၊ နယ်မြေလုံခြုံရေးအတွက် အစွမ်းကုန် ကြိုးစားသွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တက်ရောက်လာသူများမှ သိရှိလိုသည်များကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွန်ကြားရေးမှူးမှ ရှင်းလင်းဖြေကြားပေးခဲ့ပြီး အခမ်းအနားကို နေ့လည် ၁၁း၃၀ အချိန်တွင် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။



ခွန်ရှိုင်းကို

Powered by Blogger.