Wednesday, September 16, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နမ်းပုလင်းကျေးရွာအုပ်စု၊ နမ်းပုလင်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော် ဦးခွန်သိန်းဖေမှ ဒေသခံပြည်သူများအား တွေ့ဆုံအမှာစကားပြောကြား

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်


 ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေသည် ၂၀၁၅- ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ၊ နမ်းပလင်းကျေးရွာ၊ နမ်းပုလင်းဘုန်းတော်ကြီးကျောင်း၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့ ဒေသခံ မိဘပြည်သူများနှင့်တွေ့ဆုံရာတွင် စည်းလုံးညီညွတ်မှု အစဉ်ဆက် ဆက်လက်ထိန်းသိမ်းရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။




ထိုသို့ပြောကြားရာတွင် ယခုလိုမိဘပြည်သူများနှင့် တွေ့ဆုံရာတွင်အလွန်ပင် ၀မ်းသာကြောင်း၊ မိမိပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေဖြင့် ပအိုဝ်းပြည်သူလူထုများ နေထိုင်ရာအသီးသီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသများတွင် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေးစသည်တို့ကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ယခုလို မိမိတို့ပအိုဝ်းလူမျိုးများသည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် နေရသည်မှာ ပအိုဝ်းအာဇာနည်ခေါင်းဆောင်ကြီးများ အစဉ်တစိုက်ကြိုးစားမှု၊ မူဝါဒချမှတ်မှု မှန်ကန်ခြင်းဖြစ်ကြောင်း၊ မိမိတို့ပအိုဝ်းလူမျိုးများသည် စည်းလုံးညီညွတ်သောလူမျိုးများဖြစ်ကြောင်း၊ မိမိတို့ပအိုဝ်းလူမျိုးသည် အခြားတိုင်းရင်းသားများ အသိအမှတ်ပြုခြင်းခံရသော လူမျိုးဖြစ်ကြောင်း၊ မိမိသည် လာမည့် ၂၀၁၅- ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၃) မြို့နယ်မှ အမျိုးသားလွှတ်တော်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အကြောင်း၊ မိမိတို့ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါတီ (၅) ပါတီ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ မိမိတို့ပအိုဝ်းလူမျိုးများ အရွေးမမှားစေရန် လာမည့် ၂၀၁၅- ရွေးကောက်ပွဲတွင် (PNO) ပါတီကိုစည်းစည်းလုံးလုံးနှင့် မဲထည့်ပေးကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်းပြောကြားခဲ့သည်။



အဆိုပါ တွေ့ဆုံပွဲတွင် ၂၀၁၅- ပါတီစုံ အထွေထွေရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ပင်လောင်းမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်စောအောင်တို့မှလည်း အားပေးစကားပြောကြားခဲ့ပြီး၊ ပရိသတ်ပေါင်း (၁၃၇၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်အားတက်

Powered by Blogger.