Friday, October 9, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်သော စံပြဒေသဖြစ်အောင် တည်ဆောက်သွားမည်ဟု ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေ ပြောကြား

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်


ယမန်နေ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၈)ရက်၊ ကြာသပတေးနေ့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာတွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပြုလုပ်သော မဲဆွယ်စည်းရုံးရေး ဟောပြောပွဲအခမ်းအနားတွင် “ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်သော စံပြဒေသဖြစ်အောင် တည်ဆောက်သွားမည်” ဟု အမျိုးသား လွှတ်တော် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေက စည်းရုံးဟောပြောသွားပါသည်။



ဦးခွန်စံလွင်
ဦးခွန်သိန်းဖေက ယခုလက်ရှိ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာနှင့် အနီးတ၀ိုက်ရှိရွာများတွင် နေထိုင်ကြသော ပအိုဝ်းလူမျိုးများနှင့် အခြားညီနောင်တိုင်းရင်းသားတို့သည် အေးအတူ၊ ပူအမျှ အတူတကွ ယှဉ်တွဲနေလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်နှင့်အမျှ တစ်ယောက်စကားကို တစ်ယောက်ပြောနိုင်သည့်အဆင့် ရောက်ခဲ့ပြီဖြစ်ကြောင်း၊ ထိုစည်းလုံးညီညွတ်မှုကို အခြေခံ၍ ဖွံ့ဖြိုးတိုးတက်မှုကို ရသင့်သလောက် အတူတကွ ရယူခဲ့ကြပြီး ဖြစ်ကြောင်း၊ ဤစည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းကြပြီး အနာဂတ်ဒီမိုကရေစီလမ်းပေါ်သို့ အတူတကွ လျှောက်လမ်းသွားလိုကြောင်း၊ မြန်မာနိုင်ငံသည် စနစ်ဆိုး၏ ဒဏ်ခတ်မှုကြောင့် သဘာဝသယံဇာတ ပေါကြွယ်ဝသော်လည်း ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘဲ မိဘပြည်သူများ ဆင်းရဲဒုက္ခရောက်နေရကြောင်း၊ သို့သော်လည်း မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ၁၉၉၁ ခုနှစ်တွင် ခေါင်းဆောင်ကြီးများ၏ အမြော်အမြင်ကြီးမားမှုဖြင့် ငြိမ်းချမ်းရေးရယူခဲ့ခြင်းကြောင့် ပအိုဝ်းဒေသအတွင်းရှိ မိဘပြည်သူများ ငြိမ်းငြိမ်းချမ်းချမ်း လုပ်ကိုင်စားသောက်ခွင့်ရှိနေကြောင်း၊ ယခုလက်ရှိမြန်မာနိုင်ငံတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် အခြားဒေသများနှင့်ယှဉ်လျှင် ပိုမိုဖွံ့ဖြိုးတိုးတက်မှု ရှိနေကြောင်း၊ နောင်လာမည့် လွှတ်တော်သက်တမ်းတွင်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်သော စံပြဒေသဖြစ်အောင် စီစဉ်/စီမံချက်များ ရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသကို မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်သော စံပြဒေသ ဖြစ်နိုင်ရန် ဒေသတွင်း နေထိုင်ကြသော မိဘပြည်သူများအနေနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကို ထောက်ခံအားပေး စေလိုကြောင်း စည်းရုံးဟောပြော သွားပါသည်။

ဦးခွန်သိန်းဖေ
ဦးခွန်သန်းထူး
ခွန်စောင်းဝဲင်း

ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ဥက္ကဌ ဦးခွန်စံလွင်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာများနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ မူဝါဒလမ်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့အပြင် ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးခွန်သန်းထူးက ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် အကြောင်းနှင့် မိမိ၏ ကိုယ်ရေးအကျဉ်းကို သော်လည်းကောင်း၊ ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ပယ်က လွှတ်တော်သက်တမ်းအတွင်း မိမိဆောင်ရွက်ခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ အမှုဆောင် ပအိုဝ်းသရုပ်ဆောင် ခွန်စောင်းဝဲင်းက မဲပေးပုံပေးနည်းကိုလည်းကောင်း အသီးသီး ရှင်းလင်း ဟောပြောသွားခဲ့ကြပြီး၊ အဆိုပါ မဲဆွယ်စည်းရုံးမှု ဟောပြောပွဲ အခမ်းအနားသို့ မိဘပြည်သူ(၁၀၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း

Powered by Blogger.