Tuesday, October 6, 2015

ပင်လောင်းမြို့နယ်၊ စင်းတောင်ကျေးရွာအုပ်စု၊ တင်းထက်ရွာတွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီက မဲဆွယ်မူ ဟောပြောပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်



ရွေးကောက်ပွဲနီးစပ်လာသည်နှင့်အမျှ ပါတီတိုင်း ပြည်သူလူထု၏ အားပေးထောက်ခံမှုကို ရရှိရန်အတွက် အပြိုင်အဆိုင် မဲဆွယ်စည်းရုံးလျက်ရှိရာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးသည့် တရားဝင်စည်းရုံးရေးကာလမှစ၍ အခုချိန်ထိ မဲဆွယ်မူဟောပြောပွဲများ ဆက်တိုက်ပြုလုပ်လျက်ရှိပါသည်။




၂၀၁၅ ခုနှစ် အောက်တိုဘာ(၄)ရက်၊ ပင်လောင်းမြို့နယ်၊ စင်းတောင်ကျေးရွာအုပ်စု၊ တင်းထက်ရွာတွင် ပြုလုပ်သော ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်မှု ဟောပြောပွဲ၌ မိဘပြည်သူများက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီကိုယ်စားလှယ်လောင်းများလာရာ လမ်းတလျှောက်တွင် လှိုက်လှိုက် လှဲလှဲ ကြိုဆိုခဲ့ကြပြီး အဆိုပါမဲဆွယ်မူ စည်းရုံးဟောပြောပွဲ အခမ်းအနားတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည့် ဟိုပုံးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ဆက်လက်ဝင်ပြိုင်မည့် ဦးခွန်မောင်သောင်း၊ ပင်လောင်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁) ဦးခွန်လှဆန်း၏ ကိုယ်စားလှယ် ခွန်စောထီး၊ PNO ဗဟိုအလုပ်အမှုဆောင် ဦးခွန်ပညာဗုတ်နှင့် ဦးခွန်လှမောင်တို့က တက်ရောက် မဲဆွယ်စည်းရုံးသွားခဲ့ပါသည်။



အဆိုပါ မဲဆွယ်မှု ဟောပြောပွဲအခမ်းအနားတွင် မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူမျိုးပေါင်း(၁၃၅)မျိုးတို့သည် ခေတ်အဆက်ဆက်က စနစ်ဆိုးကြီး၏ ဒဏ်ခတ်မှုကို ခံခဲ့ရကြောင်း၊ သို့ရာတွင် လက်ရှိမိမိတို့ ပအိုဝ်းလူမျိုးများသည် အခြားတိုင်းရင်းသားများနှင့် ယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှုရှိနေကြောင်း၊ ထိုသို့ ဖွံ့ဖြိုးတိုးတက်မှုရှိနေသည်မှာ မိမိတို့ ပအိုဝ်းလူမျိုးခေါင်းဆောင်ကြီး များ၏ အမြော်အမြင်ကြီးမှုများနှင့် အဖွဲ့အစည်းနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့်  ဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီသည် ခေတ်အဆက်ဆက်က သမိုင်းနှင့် ရပ်တည်လာသည့် အဖွဲ့အစည်းဖြစ်၍ မိဘပြည်သူများ၏ အကျိုးကို သယ်ပိုးဆောင်ရွက်နေသော အဖွဲ့စည်းဖြစ်ကြောင်း၊ ထို့သို့ ဆောင်ရွက်ချက်များကို မိဘပြည်သူများ အသိပင်ဖြစ်ကြောင်း၊  မိမိတို့ပအိုဝ်းလူမျိုးများသည် အမျိုး၊ ဘာသာ၊ သာသနာကို ချစ်မြတ်နိုးသော လူမျိုးဖြစ်ကြောင်း၊ လာမည့် နိုဝင်ဘာလ(၈)ရက်နေ့ ရွေးကောက်ပွဲတွင် မိမိတို့လူမျိုး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီကို မဲပေးကြမည်ဟု ယုံကြည်ပါကြောင်း မဲဆွယ် စည်းရုံးဟောပြောသွားပါသည်။
မဲဆွယ်မှု ဟောပြောပွဲပြုလုပ်သော အဆိုပါ တင်းထက်ရွာတွင် ပအိုဝ်းအမျိုးသားအလံများကို အိမ်တိုင်း စိုက်ထူထားကြကြောင်း၊ ဟောပြောပွဲတွင် မိဘပြည်သူများ (၁၀၀၀)ကျော် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။


ခွန်ထင်းလေအောင်း
   
   
Powered by Blogger.