Thursday, January 14, 2016

အောင်မြင်သူတွေလား? ညည်းညူသူတွေလား?

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက်


အောင်မြင်သူတွေမှာ သူတို့၏အောင်မြင်မှုတွေကို အထောက်အကူပြုစေမည့် ခိုင်မာသောယုံကြည်ချက်နှင့် သင့်လျော်သည့်အပြုအမူတွေ ရှိကြသည်ဟု တပ်အပ်ပြောနိုင်သည်။ အဘယ်ကြောင့် သူတို့အောင်မြင်ရသနည်းဟူမူ သူတို့သည် သူတို့၏ လုပ်ဆောင်နိုင်သည့် စွမ်းရည်ကိုယုံကြည်လို့ပင် ဖြစ်သည်။ သို့သော် ညည်းညူသူတို့သည် အောင်မြင်မှု၏ ရန်သူဖြစ်သည့် ညည်းညူမှုကို မသိပဲ ပြဿ      နာ ပေါင်းစုံကို ဖြစ်ပွားစေသည့် ထိုမသင့်လျော်သော အပြုအမူကို ရင်ဝယ်ပိုက်ထားတတ်ကြသည်။
မိမိအတွေ့အကြုံအရ တွေ့မြင်ဖူးသော လူအများစု၏ မအောင်မြင်ရသည့် အကြောင်းရင်းမှာ အမြဲတမ်းညည်းညူတတ်ခြင်း၊ လုပ်ငန်းအောင်မြင်စေမည့်နည်းလမ်းကို မရှာဖွေခြင်း၊ ဆုံးရှုံးမှုအပေါ် မျက်နှာစုံညီ ပြန်လည်သုံးသပ်အဖြေရှာမှုများ မပြုလုပ်ခြင်းတို့ဖြစ်သည်။ ဤအခြေအနေမျိုးတွင် မိမိတို့ သတိရအောက်မေ့ရန်ကောင်းသည်မှာ မည်သည့်အရာမဆို မိမိတို့ဖြစ်ချင်သလို အမြဲတမ်း မဖြစ်နိုင်ပဲ သူ့အကြောင်းအခြေအနေပေါ်မူတည်၍သာ ဖြစ်ပွားနေရသည်ဟူသည့်အချက်ပင်ဖြစ်သည်။ 
သေချာသည်မှာ မိမိတို့ ယုံကြည်မျှော်လင့်ထားသည်ကိုပင် မထီမဲ့မြင်ပြု၍ မမျှော်လင့်ထားသော အရာများသည်လည်း အမြဲတမ်းဖြစ်ပွားနိုင်ပါသည်။ သို့ဖြစ်သောကြောင့် မိမိတို့သည် ဆုံးရှုံးမှုအတွက် ပြင်ဆင်ထားရမည်ဖြစ်ပြီး အစီအစဉ်အလှည့်အပြောင်းအနေဖြင့် အစီအစဉ်(၂)၊ အစီအစဉ်(၃)များကိုလည်း ရေးဆွဲထားရမည်ဖြစ်သည်။
အောင်မြင်သူတို့၏ အခြားအရေးကြီးသောစွမ်းရည်တစ်ခုမှာ အကြောက်တရားမရှိခြင်းဖြစ်ပြီး ညည်းညူတတ်သူတို့မှာကား အရေးကြီးသော လုပ်ငန်းဆောင်တာများပြီးမြောက်အောင် လုပ်ဆောင်နိုင်သည့်ယုံကြည်ချက်ကို လျော့နည်းစေတတ်သည့် စိုးရိမ်ခြင်းများနှင့် ပြည့်နှက်နေတတ်ကြသည်။ လူသားများ တစ်ခါတစ်ရံ စိတ်ပျက်တတ်ခြင်းမှာ သဘာဝတရားပင်ဖြစ်သည်။ မိမိတို့မှာ ထိုစိတ်ပျက်ခြင်းကို ဖြေရှင်းရဲသော သတ္တိရှိနေလျှင် စိတ်ပျက်ခြင်းသည် ကြီးမားသော ပြဿနာမဟုတ်ပါ။ ဤကဲ့သို့သောအခြေအနေမျိုးတွင် အကောင်းမြင်ဝါဒဖြင့် မိမိကိုမိမိအားပေးဖို့လေ့လာထားရန် လိုအပ်မည်ဖြစ်ပြီး မိမိတို့၏ပန်းတိုင်ကို အပျောက်မခံရန် အထူးလိုအပ်လှသည်။ သို့မဟုတ်ပါက စိတ်ပျက်ခြင်းသည် ညည်းညူသူတို့ လူးလိမ့်ခံစားနေရသည့်စိတ်ဓာတ်ကျခြင်းသို့ ဦးဆောင်သွားတတ်သည်။
စင်စစ်အားဖြင့် ညည်းညူခြင်းသည် အဆိုးမြင်ဝါဒ၏ ဆိုးကျိုးရလဒ်ပင်ဖြစ်သည်။ မိမိတို့သည် အဆိုးမြင်ဝါဒီများဖြစ်နေသရွေ့ အောင်မြင်သူများမဖြစ်နိုင်ပါ။ အောင်မြင်သူတစ်ဦး၏ အခြားအရေးကြီးသောစွမ်းရည်တစ်ခုမှာ မိမိလိုချင်သည့်အရာကိုရယူနိုင်သည့်စွမ်းရည်ဖြစ်ပြီး ညည်းညူတတ်သူမှာမူ နေ့ခင်းအိပ်မက်မက်ခြင်းကဲ့သို့ မဖြစ်နိုင်သောအရာကိုသာ မျှော်မှန်းတတ်ကြသည်။ ထို့အပြင် လုပ်ငန်းလုပ်ဆောင်ရာတွင် ညည်းညူသူတို့သည် ကျေနပ်ဖွယ်မရှိသည့် ဆင်ခြေများကိုသာ ပေးလေ့ရှိသော်လည်း အောင်မြင်မည့် သူတို့သည်ကား ထိုသို့ဆင်ခြေမပေးပဲ လုပ်ငန်းပြီးမြောက်အောင် ဦးတည်ချက်နှင့်နည်းလမ်းများကိုသာ ရှာဖွေကြသဖြင့် အောင်မြင်မှုရရှိနေကြခြင်းသည် အထူးအဆန်း မဟုတ်တော့ပါပေ။
နိဂုံးအနေဖြင့် အောင်မြင်လိုသူတစ်ဦးသည် အောင်မြင်သူတို့၏လမ်းစဉ်ကို လိုက်နာကျင့်သုံးရသကဲ့သို့ မှားယွင်းနေသော စိတ်သဘောထား၊ မမှန်ကန်နေသောစိတ်ဓာတ်၊ ကျဆုံးသူများ၏ စိတ်ဓာတ်အရင်းခံဖြစ်သည့် တစ်ချိန်လုံး ညည်းညူတတ်ခြင်း၊ မှန်ကန်သည့်ဦးတည်ချက်နှင့် နည်းလမ်းများကိုမရှာဖွေခြင်း၊ ကျဆုံးခြင်းမှ သင်ခန်းစာမယူတတ်ခြင်း အစရှိသည့်အဆိုးမြင်ဝါဒများကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်သည်။
 
[GNLM/Winners or Whiners by Khin Maung Ayeကိုဘာသာပြန်ဆိုထားခြင်းဖြစ်သည်]
 
ခွန်လှစိုး
Powered by Blogger.