Tuesday, January 12, 2016

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-S) ဖွဲ့စည်းရေး ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၁၃) ရက်



၂၀၁၆ခုနှစ် ဇန်န၀ါရီ (၉)ရက် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလမ်မြို့တွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S) ဖွဲ့စည်းရေး ပထမအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ဆက်လက်၍ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) စောအိုင်းဇက်ဖိုးမှ ဆက်လက်အမှာ စကားပြောကြားကာ အဆိုပါအစည်းဝေးတွင် PNLO၊ RCSS၊ KNU၊ CNF စသည့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်မှ ကြွရောက်လာကြသည့် ပြည်ထောင်စုအဆင့် ကော်မတီဝင်များ အသစ်ဖွဲ့စည်းမည့် JMC စဖွဲ့စည်းသည့် ကာလမှာဖြစ်သည့်အတွက် JMC-Sကို စတင်ဖွဲ့စည်းတာဖြစ်ပါတယ်၊ အဓိကကတော့ နှစ်ဖက်တပ် တွေ့ဆုံနိုင်ဖို့ကို ယန္တရားတွေ တည်ဆောက်လိုက်တာဖြစ်ပါတယ်၊ အရင်တုန်းကတော့ ဆက်ဆံရေးရုံးကနေ ဆောင်ရွက်တာတွေရှိပါတယ်၊ ၀မ်ဟိုင်းကိစ္စမျိုးမှာဆိုရင် ဆက်ဆံရေးရုံးတွေက သွားပေမယ့် သေချာဆောင်ရွက်နိုင်ခြင်းမရှိတာတွေ ရှိပါတယ်၊ ကျွန်တော်တို့ JMCကို ဖွဲ့စည်းရခြင်း ဆက်သွယ်မှုစည်းမျဉ်းတွေကို ဘယ်လိုဆောင်ရွက်ကြမှာလဲ တစ်လတစ်ကြိမ်ဆိုတာ တော်တော်ကြာပါတယ် ဒီကြားထဲမှာ လူချင်းမတွေ့နိုင်ရင်တောင်မှ ဆက်သွယ်မှုတွေ ထူထောင်ရာမှ အချင်းချင်းယုံကြည်မှုတွေ တည်ဆောက်ပြီး၊ နယ်မြေတော့ လှုပ်ရှားတယ်၊ နယ်မြေတောင်းဆိုမှုတွေ ရှိလာသည့်ချိန်မှာ တဖက်နှင့်တဖက်ပြသနာတွေ ရှိလာနိုင်ပါတယ်၊ နောက်တချက်က တဖက်နှင့်တဖက် ပွင့်ပွင့်လင်းလင်း ဆောင်ရွက်မယ်ဆိုရင် တဖက်နှင့်တဖက် နားလည်မှုတွေရှိလာပြီး ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဥက္ကဌ(၁) စောအိုက်ဇက်ဖိုးမှ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အဖွဲ့ဝင် အရပ်သားအဖွဲ့ဝင်များကို သမ္မတကြွေးကျော်သံနဲ့ သွားမည်ဆိုရင် နိုင်ငံရေးပဋိပက္ခတွေကို အကြမ်းဖက်မှုနှင့်မသွားဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းမယ် ဒါကို အခြေခံပြီးတော့ လက်မှတ်ထိုးပြီးနောက်မှာ ကျွန်တော်တို့ တာဝန်ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြေပြေလည်လည်ဖြစ်လာအောင် စောင့်ကြည့်ပြီး အဓိက အကောင်အထည်ဖော်ရမည် ဖြစ်ပါတယ်၊ ကျွန်တော်တို့က အစိုးရ ၊တိုင်းရင်းသား၊ အရပ်သားဆိုပြီး သုံးဖွဲ့မဖြစ်ဘူး ၊ Joint ဆိုသည့် အတွက်ကြောင့် အောင်မြင်ရင်လည်း အားလုံးကြောင့် ၊ မအောင်မြင်ရင်လည်း အားလုံးတို့ကြောင့်ပဲ ဖြစ်မှာပါ၊ အဲတော့ ဒေသန္တရအဆင့်တွေအထိ ဆက်လက်ဖွဲ့သွားဖို့ ဖြစ်ပါတယ်၊ အခု ပါဝင်လာမည့် ပြည်နယ်၊တိုင်းအဆင့်ဆင့်က တပ်မှူးတွေ ဆက်ဆံမှုတွေ ရှိမယ်ဆိုရင် ထိတွေ့မှုက အလွယ်နည်းနှင့် သွားမှာဖြစ်ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
၎င်းအစည်းအဝေးမှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး အတွင်းရေးမှူး ဦးဝဏ္ဏအောင်မှ “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ရှမ်းပြည်နယ်အဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်ပါတယ်၊ တပ်မတော်၊ အစိုးရ၊ အရပ်သား၊ စုစုပေါင်းအဖွဲ့ဝင် (၁၄) ဦး စတင်ဖွဲ့စည်းထားပြီးဖြစ်ပါတယ်၊ ဖွဲ့စည်းပြီးနောက်ပိုင်းတော့ ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ လက်ရှိကျွန်တော်တို့ JMC-S ရှမ်းပြည်နယ်ဖွဲ့စည်းမှု မှာတော့ RCSS/SSAနှင့် PNLOအဖွဲ့နှစ်ဖွဲ့ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်၊ ဒီ JMC-S မှာတော့ အချက်သုံးချက် ဆောင်ရွက်သွားမှာဖြစ်ပါတယ် နံပါတ်တစ်မှာ NCAစာချုပ်ပါ အချက်များလိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဒါ့အပြင် JMC-S လုပ်ငန်းလမ်းညွှန် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်၊ နှစ်ဖက်တပ် လိုက်နာဆောင်ရွက်ဖို့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်၊ ဒီအချက်အပေါ်မှာ လိုက်နာပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ လက်ရှိ လိုက်နာဆောင်ရွက်ဖို့ စစ်ဘက်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ တပ်မတော်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးနှစ်ဖက် ဖြစ်ချင်တဲ့ ဖြစ်နိုင်တဲ့ ဖြစ်သင့်တဲ့ ထည့်သွင်းရေးဆွဲထားတာဖြစ်တဲ့အတွက် ဒီလမ်းညွှန်မှုကိုလိုက်နာဆောင်ရွက်မယ် ဆိုရင်တော့ အောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်၊ JMC-Sမှာတော့ သူ့ဟာသူ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်တွေ သတ်မှတ်ထားတာဖြစ်တယ် အကုန်လုံးညှိနှိုင်းပြီးတော့ အဖြေရှာဆောင်ရွက်သွားဖို့ဖြစ်ပါတယ်၊ တိုက်ပွဲ မဖြစ်ရေးအတွက်ပဲ ဒီဟာဖွဲ့စည်းခြင်းဖြစ်ပါတယ်၊ မဖြစ်အောင်လည်း ထုတ်ပြန်ထားတဲ့အချက်တွေနဲ့ ထိန်းပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ဒီဘက်အစိုးရလက်ထက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်၊ နောက်တက်လာမည့် အစိုးရမှာလက်ထက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်၊ ပွဲရလဒ်အနေနဲ့ ဒီနေ့ရှမ်းပြည်မှာ ပစ်ခတ်တိုက်ခိုက်ရပ်စဲရေးဆိုင်ရာ ဆောင်ရွက်နိုင်မှု သမိုင်းဝင်သည့် နေ့တနေ့လည်းသတ်မှတ်လို့ရတယ်၊ လက်မှတ်မထိုးသေးသည့် အဖွဲ့တွေလည်းအမြဲတမ်းမျော်လင့်တယ် ကျွန်တော်တို့ JMCမှာလာပြီးတော့ ဆောင်ရွက်ဖို့ မျော်လင့်တယ် ကျွန်တော်တို့မှာလည်း အမြဲတမ်းလက်ကမ်းကြိုဆိုနေပါတယ်” ဟုပြောကြားသွားပါသည်။
ဗိုလ်မှူးဦးစိုင်းဦး (RCSS)မှ “အားရစရာတွေကတော့ ပြည်နယ်အဆင့် JMCဖွဲ့စည်းနိုင်တာ ကျွန်တော်တို့ NCAသဘောတူစာချုပ်ထဲမှာပါသည့်အတိုင်း လုပ်တာဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီးတော့ အထောက်အပံ့ ပေးတာဖြစ်တယ်လို့” ထပ်မံပြောဆိုသွားပါသည်။
ဒါ့ကြောင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တပ်ဖွဲ့ဝင်များသည် သဘောတူညီချက် ကတိက၀တ်များကို ထိန်းသိမ်းလိုက်နာပြီး တိတိကျကျ အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်သည်။ ထို့အပြင် ဤသဘောတူညီချက်ကို ချိုးဖောက်ခြင်း၊ အငြင်းပွားခြင်းများရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းဝင်များသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အဆုံးအဖြတ်ကိုခံယူရမည်ဖြစ်ကြောင်းနားလည် သဘောတူညီကြပါသည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရိုးသားမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုတို့ကို အခြေခံ၍ အတူတကွ အကောင်အထည်ဖော် လုပ်ဆောင်ရန် နှစ်ဖက်သဘောတူညီကြကြောင်း သတင်းရရှိခဲ့ပါသည်။

ခွန်အားတက်                       
   



Powered by Blogger.