Friday, January 22, 2016

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ပအိုဝ်းပြည်သူလူထုများ၏ နိုင်ငံရေးအသိရေချိန်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၂၂) ရက်




၁၉၉၃ ခုနှစ်မှ စတင်ရေးဆွဲခဲ့သော နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ၂၀၀၈ ခုနှစ် တွင် အတည်ပြုပြဌာန်းခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ပြဌာန်းချက်အရ တိုင်းဒေသ ကြီး (၇)ခု၊ ပြည်နယ်(၇)ပြည်နယ်အပြင် ဂုဏ်အင်္ဂါရပ်နှင့် ပြည့်စုံသော တိုင်းရင်းသားလူမျိုးများကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  (၆)ခု ပြဌာန်းသတ်မှတ်ပေးခဲ့ သည်။ ၎င်းတို့မှာ  “၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ “ပအိုဝ်း’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ “ပလောင်” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ “ကိုးကန့်” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ “ဓနု” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ “နာဂ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့ ဖြစ်ကြသည်။ မိမိတို့ ပအိုဝ်းတိုင်းရင်းသားများအတွက် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့်၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး ရွေးကောက်ပွဲတွင် ပါတီပေါင်း (၃၇)ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ စသည်များကို အားလုံး ဖြတ်သန်းခဲ့ကြရပြီး ပန်းဝင်သည့် အောင်နိုင်သူများလည်း ၀င်ခဲ့ပြီး ဖြစ်သည်။ ရွေးကောက်ပွဲအပေါ် မိမိ၏ ထင်မြင်သုံးသပ်ချက်အရ ပါတီများမှ ရွေးကောက်ပွဲအတွက် အဆင်သင့်အနေအထား မရှိခြင်း၊ ရွေးကောက်ခံကိုယ်စားလှယ်များသည်လည်း အဆင်သင့်အနေအထား မဖြစ်ခြင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲ သည်  ပြည်သူလူထုများအတွက် နှစ်(၂၀) ကြာမှ ပြန်လာသော ရွေးကောက်ပွဲဖြစ်၍ ပြည်သူများလည်း အဆင်သင့် မရှိခဲ့ပါသည်။
ဤကဲ့သို့သော အဆင်သင့်မဖြစ်ရခြင်း၏ နောက်ကွယ်တွင် အကြောင်းချင်းရာ များစွာ ရှိသည်။
နိုင်ငံရေးသည် ရှုပ်ထွေသည်။ ကြောက်စရာ ကောင်းသည်ဟု ပြည်သူလူထုများ နားလည်သဘော ပေါက်ထားကြသည်။ နိုင်ငံရေး ဟူသော ဝေါဟာရကို ပြောဆိုခွင့်မရခဲ့ကြ။
 နိုင်ငံရေးသည် မစားကောင်း သော သစ်သီးပမာ အဆိပ်ကြီးခဲ့သည်။ ခေါက်ရိုးကျိုးခဲ့သည်။ ထို့ကြောင့် ခေါက်ရိုးကျိုးများ ပြန်လည် ညီညာအောင် ပါတီများမှ ပြင်ဆင်ရန် အချိန်မရခဲ့ကြ။ နိုင်ငံရေးဟူသော ဝေါဟာရကို ခေတ်ကာလတစ်ခုအထိ ပြောဆိုခွင့် မရခဲ့ကြသောကြောင့်
ရွေးကောက်ခံ ပါတီကိုယ်စားလှယ်များမှ ရွေးကောက်ပွဲအတွက်အဆင်သင့်ရှိမနေကြခြင်း ဖြစ်ခဲ့ရ။
ပြည်သူများအနေဖြင့် နိုင်ငံရေး၊ ရွေးကောက်ပွဲ စသည်များကို နားလည်ရန် ဝေးလေဝေးခဲ့သည်။ စာရေးသူ ကျွန်ုပ်နေထိုင်ရာ ဒေသတွင် ၂၀၁၀ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု ၁၀% ထက်မပိုခဲ့။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီအများစုသည် မျိုးချစ်စိတ်ဓါတ်ဖြင့် အောင်မြင်သင့်သလောက် အောင်မြင်ပြီး ပြည်ထောင်စုအဆင့် လွှတ်တော်တွင် ပါဝင်နိုင်ခဲ့သည်မှာ ၀မ်းသာစရာပင် ဖြစ်ပါသည်။
လွန်ခဲ့သော ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျင်းပပြုလုပ်ပေးခဲ့သည်။ ရွေးကောက်ပွဲတွင် ပါတီပေါင်း (၉၀)ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယှဉ်ပြိုင်မှု ပြင်းထန်ခဲ့သည်။ ယခု ၂၀၁၅ ရွေးကောက်ပွဲသည် ယခင် ၂၀၁၀-၂၀၁၂ ရွေးကောက်ပွဲကဲ့သို့ မဟုတ်ဘဲ တမူထူးခြားခဲ့ပြီး ဆုံးရှူံးမှု၊ အကျိုးအမြတ် ဖြစ်ထွန်းမှု ထွက်ရှိခဲ့လေ၏။ ဆုံးရှူးမှု ပြင်းထန်ခဲ့သော ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများအတွက် ထိချက်နာခဲ့ရသည်မှာ ပါတီကွဲခြင်းပြဿနာပင်ဖြစ်သည်။ ပါတီ ကွဲခြင်းကြောင့် ကြားကားခရီးသည် များခဲ့သည်။ ကြားကားဆွဲ ပြဿ     နာများကြောင့် လွှတ်တော်တွင် ကိုယ်စားပြုမှုများ မပါဝင်နိုင်တော့မည့် အခြေအနေသို့ပင် ရောက်သွားသည်။ တချို့တွင် ပါတီမကွဲသောလည်း ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့သည်။ စည်းရုံးလှုံ့ဆောင်နိုင်မှု အားနည်းခဲ့သည်။ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု မရှိသော ပါတီများသည် ၂၀၁၀ ကဲ့သို့ပင် ဒုံရင်းဒုံရင်း ဖြစ်ခဲ့ရပြီး ခွက်ခွက်လန်အောင် ရှူံးခဲ့သည်။ ကြိုတင်ပြင်ဆင်မှုရှိသော ပါတီများသည် ပြန်လည်ပန်းဝင်နိုင်ခဲ့သည်။
သို့သော် စာရေးသူ ကျွန်ုပ်၏ ထင်မြင်တွေ့ရှိချက်များအရ ယှဉ်ပြိုင်မှု ပြင်းထန်သော ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် အကျိုးအမြတ် ထွက်ပေါ်လာခဲ့သည်။ ပြည်သူလူထုများသည် ယခုတစ်ကြိမ် ကျင်းပပြုလုပ်သော ၂၀၁၅ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု တိုးလာသည်။ နိုင်ငံရေးသို့ ပါဝင်လှုရှားမှု ရေချိန်တဆင့် မြင့်လာသည်။ ရွေးကောက်ပွဲမတိုင်ခင် မဲစာရင်းကြေညာချိန်ကာလ မဲစာရင်းတွင် မိမိအမည် ပါမပါ စိတ်ဝင်စားမှု မြှင့်မားလာကြပြီး မဲပေးပုံပေးနည်းများသင်တန်းအတွက် အချိန်ပေး၍ ပါဝင်လှုပ်ရှား ဆောင်ရွက်မှုများ ရှိလာခဲ့သည်။ ပထ၀ီနယ်မြေ အခြေအနေအရ ကော်မရှင်မှ မဲရုံဖွင့်လှစ်ထားရှိမှုများအပေါ် စောဒကတက် မေးခွန်းထုတ်တတ်လာသည်။ ရွေးကောက်ပွဲ နေ့တွင်လည်း
ရွေးကောက်ပွဲအနိုင်အရှူံး ရလဒ်အပေါ် နားစွင့်တတ်လာသည်။ ဤသည်များသည် ၂၀၁၅ ခုနှစ်မှ ထွက်ရှိလာသော နိုင်ငံရေးနိုးကြားမှု အသိရေချိန် အကျိုးအမြတ် ဖြစ်သည်။
စာရေးသူကျွန်ုပ်သည် ပအိုဝ်းတိုင်းရင်းသားတစ်ဦး ဖြစ်ပါသည်။ ရွေးကောက်ပွဲမတိုင်ခင်ကာလနှင့်
ရွေးကောက်ပွဲကာလ၌ ပအိုဝ်းဒေသတခွင်တွင် ပြည်သူလူထုနှင့်အတူ ရွေးကောက်ပွဲကိစ္စရပ်များကို ပါဝင်လှုပ်ရှားခဲ့ပါသည်။ မဲပေးခြင်းဆိုင်ရာ ကိစ္စရပ်များတွင်လည်း အခါအားလျော်စွာ ပါဝင်လှုပ်ရှားခဲ့ပါသည်။ ပအိုဝ်းပြည်သူလူများသည် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရေးအတွက် နိုင်ငံသားတစ်ဦး၏ တာဝန် ဖြစ်သော မဲပေးခြင်းလုပ်ငန်းကို တစ်ဦးချင်းစီ သော်လည်းကောင်း၊ မိသားစုအလိုက် သော်လည်းကောင်း၊ ဆယ်အိမ်စု/ရာအိမ်စု စသဖြင့် အစုအဖွဲ့အလိုက် သော်လည်းကောင်း၊ ကျေးရွာအလိုက် သော်လည်းကောင်း စိတ်ဝင်စားစွာ ပါဝင်လှုပ်ရှားခဲ့သည်ကို တွေ့မြင်ခဲ့ရပါသည်။ မဲပေးခြင်းသည် နိုင်ငံသားတစ်ဦး၏ တာဝန်ကို အထိုက်အလျောက် နားလည်လာဟန် တူပါသည်။ ဆန္ဒမဲ ပေးသည့်နေ့တွင်လည်း ကျေးရွာတိုင်း ၈၀% နှင့်အထက်မနည်း ဆန္ဒမဲ လာရောက်ထည့်ဝင်ကြသည်။ မိမိတို့၏ စိုက်ပျိုးရေးကိစ္စရပ်များသာ အလေးထား အစဉ်တစိုက် လုပ်ဆောင်နေသော ပအိုဝ်းပြည်သူလူထုတို့သည် မိမိတို့၏ တစ်နေ့တာ လုပ်ငန်းကို ချန်ထားကာ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်လှုပ်ရှားလာခြင်းသည် ပအိုဝ်းပြည်သူလူထုတို့၏ နိုင်ငံရေးအသိရေချိန် တဆင့်မြင့်လာခြင်း ဖြစ်သည်။
ပအိုဝ်းပြည်သူလူထုများ၏ နိုင်ငံရေးအသိရေချိန်သည် ၂၀၁၅ ရွေးကောက်ပွဲနှင့်အတူ ရပ်မသွားခဲ့ ပါ။ ရွေးကောက်ပွဲလွန်ကာလ ၂၀၁၆ နှစ်ဆန်းပိုင်း ယနေ့အချိန်အထိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြောက်ပွဲဆီသို့ ဆက်လက်သယ်ဆောင်လာခဲ့ပါသည်။ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး သည် ၎င်းတို့အတွက် အင်မတန်မှ အရေးကြီးသော ပုဂ္ဂိုလ်များဖြစ်သည်ဟု နားလည်သဘောပေါက်လာ ကြသည်။ အဘယ့်ကြောင့်ဆိုသော် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူစာရင်းသည် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံမှ အခြေခံထွက်လာသော စာရင်းဖြစ်သည်ကို ပြည်သူလူထုများ နားလည် သဘောပေါက်ဟန် ရလာသည်။ ထို့ကြောင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြောက်ပွဲတွင် ပအိုဝ်းဒေသရှိ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ပြည်သူလူထုများမှ စိတ်ဝင်တစား ဆန္ဒမဲ ထည့်ဝင်ရွေးချယ် နေကြသည်ကို ထပ်မံတွေ့မြင်ရပါသည်။ ၂၀၁၅ ရွေးကောက်ပွဲနှင့်အတူ နိုင်ငံရေးရေချိန် အတိုင်းအတာ တစ်ခုအထိ မြင့်တက်လာပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြောက်ပွဲအထိ သယ်ဆောင် လာနိုင်သော ပအိုဝ်းပြည်သူလူထုများ၏ နိုင်ငံရေးအသိရေချိန်သည် ရွှေပြည်တော် မျှော်ရန်မဝေးတော့ ဆိုသလို ရပ်ရွာ၊ မြို့နယ်၊ ပြည်နယ်နှင့် နိုင်ငံတော်ကြီး၏ ဒီမိုကရေစီထွန်းကားရေး ပိုမိုမြန်ဆန်လာတော့ မည် ဖြစ်သည်။ 
ကိုယ်စားလှယ်တော်များနှင့် ဒေသခံပြည်သူလူထုများ ပူးပေါင်းဆောင်ရွက်ရမည့် ကဏ္ဍများ
ရွေးကောက်ပွဲကြီးလည်း အောင်မြင်ပြီးဆုံးခဲ့ပြီး ဖြစ်ပါသည်။ တာထွက်လှပြီး ပန်းဝင်သွားသော ပါတီများ ရှိသကဲ့သို့ ၂၀၁၅ ကို သင်ခန်းစာယူ ၂၀၂၀ ရွေးကောက်ပွဲအတွက် ထပ်မံပြန်လည်ပြင်ဆင်ရမည့် ပါတီများလည်း များစွာ ရှိပါသည်။ ရွေးကောက်ပွဲတွင် ပါတီအောင်မြင်ဖြစ်စေ၊ ကျရှူံးသည်ဖြစ်စေ ကျရာအခန်းကဏ္ဍမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။  ယခု လက်ရှိ ပြည်သူလူထုများမှ ရွေးချယ်တင်မြောက်ခြင်း ခံခဲ့ရသော ကိုယ်စားလှယ်တော်ကြီးများမှ ပြည်သူလူထုများ၏ လိုအပ်ချက်များကို ကြိုးစားဆောင်ရွက် ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။ ဤကဲ့သို့ ဆောင်ရွက်ပေးသည့် နေရာတွင်လည်း ကိုယ်စားလှယ်တော်ကြီးများနှင့် ဒေသခံမိဘပြည်သူလူထုများ၏ အချိုးညီညီ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုသည် အဓိက အခရာကျပါသည်။ ကိုယ်စားလှယ်များမှ နေရာဒေသ ထောင့်စုံ ရောက်ရှိနိုင်ရန် မလွယ်ကူသောကြောင့် ဒေသခံများအနေဖြင့် မိမိတို့ လိုအပ်သော၊ လိုချင်သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို စာရင်းဇယားနှင့်တကွ ပြုစုပြီး ကိုယ်စားလှယ်တော်ကြီးများထံ တင်ပြတောင်းဆို ရမည်ဖြစ်သကဲ့သို့ ကိုယ်စားလှယ်တော်ကြီးများအနေဖြင့်လည်း ပြည်သူများမှ တင်ပြလာသည့် ဖွံ့ဖြိုးရေး လုပ်ငန်းအချက်အလက်များကို လွှတ်တော်သို့ တင်ပြတောင်းဆိုပေးပြီး အခြေအနေများကို ပြည်သူများသို့ ပြန်လည်ရှင်းလင်းပေးရန် လိုအပ်ပါသည်။ အပေးအယူ မျှတလျှင် ပြည်သူများလည်း လိုအပ်ချက်များ ပြည့်ဝလာသကဲ့သို့ ကိုယ်စားလှယ်တော်ကြီးများလည်း လူထုထောက်ခံမှု အားကောင်းလာမည် ဖြစ်သည်။ ပြည်သူများ နိုင်ငံရေး အသိရေချိန် မြင့်တက်လာပြီးဖြစ်၍ ရွေးကောက်ခံ ကိုယ်စားလှယ်တော်ကြီးများမှ ပြည်သူများ၏ ဆန္ဒများ ဖြည့်ဆည်းမပေးနိုင်ပါက လူထုထောက်ခံမှု ကျဆင်းလာမည်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကိုလည်း ထိခိုက်မှု ရှိလာမည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

Kka Sp













Powered by Blogger.