Wednesday, January 20, 2016

လွှတ်တော်ကိုယ်စားလှယ်များ၏ ၀န်ဆောင်မှုနှင့် ပြည်သူလူထု၏ အခက်အခဲများကို လွှတ်တော်သို့ တင်ပြပုံနည်းလမ်းများ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၂၁) ရက်


လွှတ်တော်အမတ်များ၏ ၀န်ဆောင်မှုနှင့် ပြည်သူလူထု၏ အခက်အခဲများကို လွှတ်တော်သို့ တင်ပြပုံနည်းလမ်းများအကြောင်း ရေးသားဖော်ပြရခြင်း၏ ရည်ရွယ်ချက်မှာ မိမိသည် မဲဆန္ဒရှင် ပြည်သူ တစ်ဦးဖြစ်သောကြောင့်  ပြီးခဲ့သည့်၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင်  ကျင်းပခဲ့သော  အထွေထွေ ရွေးကောက်ပွဲကြီးကို မိမိစိတ်ကြိုက်ရွေးချယ်တင်မြှောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် အတွက် ၎င်းတို့၏ လုပ်ပိုင်ခွင့်များ၊ ၀န်ဆောင်မှုများကို သိရှိထားရန် လိုအပ်ကြောင်း၊ မိမိတို့ ဒေသဆိုင်ရာ အခက်အခဲများ၊ လိုအပ်ချက်များ ဖြေရှင်းပေးနိုင်ရန်အတွက် လွှတ်တော်တွင် မိမိကိုယ်စား တင်ပြပေးနိုင်ရန် နှင့် မိမိ၏ အခွင့်အရေးများ မဆုံးရှုံးရအောင် မိမိကိုယ်တိုင် ဖန်တီးရယူနိုင်ရန်အတွက် ရည်ရွယ်ပြီး ရေးသား တင်ပြပေးရခြင်း ဖြစ်သည်။ 
 (၁) လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်
လွှတ်တော်အမတ်များ မဖြစ်မနေဆောင်ရွက်ပေးရမည့် အချက်(၃)ချက်ရှိသည်။ ၄င်းတို့မှာ-
(၁) ကိုယ်စားပြုခြင်း
 လွှတ်တော်အမတ်သည် မိမိကိုယ်စားပြု မဲဆန္ဒနယ်မြေထဲမှ ပြည်သူများ၏ကိုယ်စား လွှတ်တော်ထဲတွင် ပြောပိုင်ခွင့်ရှိသည်။
(၂) စောင့်ကြည့်ခြင်း
လွှတ်တော်ကိုယ်စားလှယ်တိုင်းသည် အစိုးရကို စောင့်ကြည့်ရန် တာဝန်ရှိသည်။ အစိုးရ၏ မူဝါဒများ၊ လုပ်ငန်းများ၊ ဥပဒေများကိုလည်း စောင့်ကြည့် စစ်ဆေးခြင်းကိုလည်း လုပ်ဆောင်ပေးရသည်။
(၃) ဥပဒေပြုခြင်း
ဥပဒေပြုရာတွင် အစိုးရအဖွဲ့မှ လုပ်ဆောင်သည့် ဥပဒေများကို ၀င်ရောက်ဆွေးနွေးခြင်း ယခင်ဥပဒေများကို စောင့်ကြည့်ပြင်ဆင်ပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်လည်း လိုအပ်သည်။
(၂) မဲဆန္ဒနယ်ဆိုင်ရာ ၀န်ဆောင်မှုပေးခြင်း
 မဲဆန္ဒနယ်ဆိုင်ရာ ၀န်ဆောင်မှုပေးခြင်းလုပ်ငန်းဆိုသည်မှာ  လွှတ်တော်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ထားပြီး ပြည်သူများ၏ ဒေသဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် အခြေအနေမှန်များကို နားထောင်ပေးပြီး လိုအပ်ပါက အခက်အခဲများကို ဥပဒေနှင့်အညီ ကူညီဖြေရှင်းပေးရန် တာဝန်ရှိသည်။
(ဥပမာ-  ပြည်သူများအနေဖြင့်  မိမိတို့ ဒေသအခက်အခဲများကို လွှတ်တော်ကိုယ်စားများအား လိုအပ်သည့် အချက်အလက်၊ အထောက်အထားများ တင်ပြပြီး လွှတ်တော်ထဲတွင် မေးခွန်းမေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊ အဆိုတင်သွင်းခြင်း ဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။
(၃) ပြည်သူလူထု၏ အခက်အခဲများကို လွှတ်တော်ကိုယ်စားလှယ်မှတဆင့် လွှတ်တော်သို့တင်ပြခြင်း
ပြည်သူလူထုသည် မိမိတို့ခံစားနေရသော အခက်အခဲများကို လွှတ်တော်ကိုယ်စားလှယ်မှတဆင့်  လွှတ်တော်တွင် မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း လိုအပ်ပါက အရေးကြီးအဆိုတင်သွင်းခြင်း  စသည်တို့ကို လုပ်ဆောင်ပေးနိုင်သည်။
(၄) ပြည်သူများခံစားနေရသည့် ကိစ္စရပ်များကို လွှတ်တော်သို့တိုင်ကြားခြင်း
(က) လွှတ်တော်ကိုယ်စားလှယ်မှတဆင့် တိုင်ကြားနိုင်သည်။
(ခ) ပြည်သူ့လွှတ်တော်ရှိ တရားစီရင်ရေးဥပဒေရေးရာနှင့် တိုင်စာများအသနားခံစာများ စီစစ်ရေးကော်မတီ   
(ဂ) အမျိုးသားလွှတ်တော်ရှိ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ။
(ဃ) တိုင်းနှင့်ပြည်နယ်လွှတ်တော်ရှိ လွှတ်တော်ဥက္ကဌ စသည်နေရာများသို့ လိပ်မူ၍ ရေးသား ပေးပို့ နိုင်ပါသည်။
ပြည်သူလူထုအတွက် အကျိုးစီးပွားဖြစ်စေမည့် ဥပဒေပြဌာန်းနိုင်ရန် ကိုယ်စားလှယ်မှတဆင့် ဆောင်ရွက်ခြင်း
(၅) လွှတ်တော်ကိုယ်စားလှယ်အား ချဉ်းကပ်ပုံ
လွှတ်တော်တွင် မိမိကိုယ်စား မိမိတို့၏ အသံများကို ထုတ်ဖော်ပေးနိုင်အောင်  စည်းရုံးပြောဆိုပုံများ သည် အလွန်အရေးကြီးလှပါသည်။
(က)  မိမိတို့ ကိုယ်စားပြုနယ်မြေရှိ အမတ်များ၏  အမည်၊ ဆက်သွယ်ရမည့်လိပ်စာ(သို့မဟုတ်) ရုံးကို ရှာဖွေပါ။ စုံစမ်းပါ။
(ခ) သက်ဆိုင်ရာ အမတ်ထံသွားပြီး မိမိတို့ထောက်ခံလိုသော (သို့မဟုတ်) ကန့်ကွက်လိုသော ဥပဒေ ကြမ်းကို ပြောပြပါ။
(ဂ) ဥပဒေကြမ်းကို ပြုပြင်နိုင်သော သူများဆီသို့ စာရေးသားဆက်သွယ်ပါ။
(ဃ) အိတ်ဖွင့်ပေးစာများရေးသားပါ။
(င) လွှတ်တော်သို့ သွားရောက်ပြီး သက်ဆိုင်ရာ ကော်မတီ/ကော်မရှင်များနှင့်တွေ့ဆုံနိုင်အောင် ကြိုးစားပါ။
(စ) ဥပဒေပြု လွှတ်တော်ကိုယ်းစားလှယ်များ၏ သမိုင်းကို လေ့လာပါ။
(ဆ) မိမိတို့၏ လိုအပ်ချက်များအတွက် ဆောင်ရွက်ပေးနိုင်မည့်  လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ကြိုတင်လေ့လာပါ။
ကဲ…  မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ အထက်ပါ ဖော်ပြပေးသည့်စာများကို ဖတ်ရှု့ပြီးသည့်အခါ မိမိတို့ စိတ်ကြိုက်ရွေးချယ် တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များ၏  ၀န်ဆောင်မှုများကို အကောင်း ဆုံးရယူပြီး မိမိတို့နိုင်ငံ မိမိတို့ ရပ်ရွာဒေသ အကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်စေ၊   ခေတ်မီဖွံဖြိုးတိုး တက်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ရာမှာ မိမိအနေဖြင့် အထောက် အကူပြုနိုင်ရန်ဖြစ်စေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် မိမိကိုယ်စား တင်ပြပေးနိုင်မည့် မိမိမဲဆန္ဒနယ်မြေကို ကိုယ်စားပြုသည့် လွှတ်တော်အမတ်များရှိသည့်အတွက် ၎င်းတို့၏ အကူအညီများကို ရယူပြီး ယနေ့ အချိန်မှစ၍ အခွင့်အရေးများကို လက်မလွှတ်တမ်း အမိအရဖမ်းဆုပ်ပြီး  လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အချိန်ကောင်းကျရောက်ပြီ ဖြစ်သည့်အတွက် ကိုယ်စားလှယ်များ၏ အထောက်အပံ့ပေးမှုများကို ရယူကြပါစို့လို့ ရေးသားတင်ပြကာ တိုက်တွန်းနိုးဆော်ရင်း  နိဂုံးချုပ်အပ်ပါ သည်။ မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသားခြင်းနှင့် ပြည့်စုံကြပါစေ။

ကောက်နုတ်ချက် ။    ။  ပြည်သူ့ အခြေပြုလွှတ်တော်ရေးရာ အထောက်အကူပြု  ပရဟိတအဖွဲ့
ရေးသားတင်ပြသူ    -   လွှတ်တော်ရေးရာဌာန (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO))


    
Powered by Blogger.