Saturday, January 23, 2016

ရေပန်းစားလာသော ဖက်ဒရယ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၂၃) ရက်


ယနေ့မြန်မာ့နိုင်ငံရေးမျှော်မှန်းချက်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်သဖြင့် နိုင်ငံရေးစိတ်ဝင်စားသည့် လူစုလူဝေး၌ အပြောများ ရေပန်းစားလာသည်မှာ ဖက်ဒရယ်အကြောင်းပင်ဖြစ်သည်။ ထိုသို့ရေပန်းစားလာသည်မှာလည်း လွန်စွာ သင့်လျော်လှပါသည်။ အဘယ်ကြောင့်နည်းဟူမူ နိုင်ငံဧရိယာကျယ်ဝန်းသော(သို့မဟုတ်) လူမျိုးပေါင်းစုံ/ယဉ်ကျေးမှုပေါင်းစုံထွန်းကားနေသော နိုင်ငံများတွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြလေ့ရှိသည်။ ဥပမာ- လူမျိုးပေါင်းစုံ/ယဉ်ကျေးမှုပေါင်းစုံထွန်းကားနေသော အမေရိကန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့သည် ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြသည်။ ထိုနည်းတူစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည်လည်း တိုင်းရင်းသားပေါင်းစုံ/ယဉ်ကျေးမှုပေါင်းစုံ ထွန်းကားနေသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျှောက် ဖက်ဒရယ်စနစ်ကို စတင်ကျင့်သုံးနိုင်အောင် ကြိုးပမ်းနေကြသည်မှာ အားရစရာပင်ဖြစ်သည်။ ထိုသို့ဆိုပါက ဖက်ဒရယ်ဆိုသည်မှာ အဘယ်နည်း။ ဤမေးခွန်းသည် အလွန်စိတ်ဝင်စားစရာကောင်းလွန်းလှသည်။
ဖက်ဒရယ်ဆိုသည်မှာ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာခွဲဝေသတ်မှတ်ပေးထားသည့်စနစ်ပင်ဖြစ်သည်။ အာဏာဟု ဆိုရာ၌ ဥပဒေပြုခွင့်၊ အုပ်ချုပ်ခွင့်နှင့် တရားစီရင်ခွင့်တို့ ပါရှိနေမည်ဖြစ်သည်။ မည်သို့အာဏာ ခွဲဝေသတ်မှတ်ပေးသနည်းဟူမူ နိုင်ငံအလိုက်ပေါ် မူတည်၍ ခြားနားသွားမည်ဖြစ်သည်။ သို့သော် ဖက်ဒရယ်နိုင်ငံများတွင် ယေဘုယျအားဖြင့် နိုင်ငံတော် ကာကွယ်ရေး/လုံခြုံရေးနှင့် နိုင်ငံခြားရေးရာအခန်းကဏ္ဍများကို ပြည်ထောင်စုအစိုးရအား အာဏာပေးအပ်ထားကြသည်။ ကြွင်းကျန်သောအခန်းကဏ္ဍများ၏ အာဏာကို ပြည်နယ်အစိုးရအား ပေးအပ်ထားကြသည်။
ဖက်ဒရယ်စနစ်ကို ကျင့်သုံးသော အိန္ဒိယနိုင်ငံ၏ အာဏာခွဲဝေပုံကို လေ့လာကြပါဦးစို့။ အိန္ဒိယနိုင်ငံတွင် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေးနှင့် ငွေရေးကြေးရေးအခန်းကဏ္ဍများကို ပြည်ထောင်စုအစိုးရအား အာဏာပေးအပ်ထားသည်။ လုံခြုံရေးရဲ၊ ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းရေးရာအခန်းကဏ္ဍများကိုကား ပြည်နယ်အစိုးရအား အာဏာပေးအပ်ထားသည်။ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရနှစ်ရပ်လုံးကို အာဏာပေးအပ်ထားသည့်အခန်းကဏ္ဍများမှာ ပညာရေး၊ သစ်တောရေးရာ၊ ကုန်သွယ်ရေးပေါင်းစည်းခြင်း၊ ထိမ်းမြှားလက်ထပ်ခြင်း၊ မွေးစားခြင်းနှင့် အမွေဆက်ခံခြင်းတို့ဖြစ်သည်။ ၎င်းအစိုးရနှစ်ရပ်လုံး လုပ်ပိုင်ခွင့်ရှိသော အခန်းကဏ္ဍများရှိဥပဒေများသည် တစ်ခုနှင့်တစ်ခု အငြင်းပွားမှုများဖြစ်လာပါက ပြည်ထောင်စုအစိုးရ၏ဥပဒေကို လက်ခံအတည်ပြုကြလေ့ရှိသည်။
မိမိတို့မြန်မာနိုင်ငံတွင်ကား မည်သည့်အခန်းကဏ္ဍကို ပြည်ထောင်စုအစိုးရအား အာဏာပေးအပ်မည်၊ မည်သည့်အခန်းကဏ္ဍကို ပြည်နယ်အစိုးရအား အာဏာပေးအပ်မည်စသည်တို့မှာ ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနှင့် နောက်နောင်ကျင်းပဦးမည့် ညီလာခံများတွင် ဆွေးနွေးကြမည့် နိုင်ငံရေးအင်အားစုများအပေါ် မူတည်နေမည်ဖြစ်သည်။ တို့တာဝန်အရေးသုံးပါးတွင် ပါဝင်သည့် ပြည်ထောင်စုမပြိုကွဲရေးနှင့်အညီ ဖက်ဒရယ်စနစ်တွင်လည်း ခွဲထွက်ခွင့်မရှိပါ။ ဖက်ဒရယ်စနစ်သည် ကွန်ဖက်ဒရေးရှင်းစနစ်နှင့် မတူသည့်အချက်မှာ ခွဲထွက်ခွင့်မရှိသည့်အချက်ပင်ဖြစ်သည်။ ဖက်ဒရယ်စနစ်သည် ကွန်ဖက်ဒရေးရှင်းစနစ်ကဲ့သို့ ပြည်နယ်ကို အာဏာအလွန်အကျွံပေးထားခြင်းမျိုးမဟုတ်ပေ။ တစ်ပြည်ထောင်စနစ်ကဲ့သို့လည်း ပြည်ထောင်စု(ဗဟို)အစိုးရကို အာဏာ အလွန်အကျွံမပေးအပ်ထားပါ။ ဖက်ဒရယ်စနစ်တွင် ပြည်ထောင်စုအစိုးရကို ပြည်ထောင်စုအစိုးရနှင့် သင့်လျော်သည့်အာဏာ၊
ပြည်နယ်အစိုးရကိုလည်း ပြည်နယ်အစိုးရနှင့် သင့်လျော်သည့်အာဏာကို ပေးအပ်ထားခြင်းမျိုးသာဖြစ်သည်။
ပြည်နယ်အစိုးရအသီးသီးကို သင့်လျော်သည့် အာဏာ  ပေးအပ်ထားသဖြင့် ပြည်နယ်အစိုးရအသီးသီးသည် မိမိပြည်နယ်တိုးတက်အောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ဖက်ဒရယ်စနစ်သည် ဒီမိုကရေစီစံနှုန်းကို အခြေခံထားသဖြင့် နိုင်ငံသားများ/တိုင်းရင်းသားများသည် တန်းတူညီမျှမှုကို ရရှိကြမည်ဖြစ်သည်။ ပြည်နယ်များသတ်မှတ်ရာတွင်လည်း ပထဝီအနေအထား အလိုက်သော်လည်းကောင်း၊ လူမျိုးစုအလိုက်သော်လည်းကောင်း သတ်မှတ်လေ့ရှိကြသည်။ သို့သော် လူမျိုးစုပေါင်းစုံ နေထိုင်သည့်နိုင်ငံများတွင်ကား လူမျိုးစုအလိုက် ပြည်နယ်များသတ်မှတ်ကြသည်။ ထိုသို့ပြည်နယ်မသတ်မှတ်ခင် အရေးကြီးသည်မှာ ပြည်နယ်တစ်ပြည်နယ်တွင် ရှိရမည့်ဂုဏ်အင်္ဂါရပ်စံနှုန်းများကို ကြိုတင်သဘောတူသတ်မှတ်ထားရမည့်အချက်ပင်ဖြစ်သည်။ ဖက်ဒရယ်နိုင်ငံများတွင်လိုအပ်ပါကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်းကဲ့သို့သော
ဒေသန္တရအုပ်ချုပ်ခွင့်ရဒေသ(ခရိုင်)များကိုလည်း ထားရှိပြီး လုပ်ပိုင်ခွင့်များကို ပေးအပ်ထားကြသည်။ (ဥပမာ- ဘရာဇီးလ်နိုင်ငံ)
ဖက်ဒရယ်စနစ်တွင် သတိပြုဂရုစိုက်ရမည့်အချက်မှာ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရနှစ်ရပ်လုံးကို အာဏာပေးအပ်ထားသော အခန်းကဏ္ဍများတွင် အာဏာရှုပ်ထွေးမှုဖြစ်ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့သော အာဏာရှုပ်ထွေးမှုမဖြစ်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိကျရှင်းလင်းစွာ ရေးဆွဲထားရမည်ဖြစ်သည်။ ထိုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအား ပေးအပ်မည့် အာဏာများကို တိကျရှင်းလင်းစွာ ရေးဆွဲနိုင်ခဲ့ပါမူ ပြည်နယ်အစိုးရများသည် မိမိပြည်နယ်အသီးသီးတိုးတက်လာအောင်လျင်မြန်စွာ ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။
ပြည်ထောင်စုအစိုးရသည်လည်း ပြည်ထောင်စု မပြိုကွဲအောင်ကာကွယ်ပေးပြီး ပြည်နယ်အသီးသီး တိုးတက်အောင် ကျယ်ပြန့်စွာ စီမံလုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဤသို့ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရကို အာဏာခွဲဝေပေးထားသော ဖက်ဒရယ်စနစ်ကို မိမိတို့နိုင်ငံအနေဖြင့် အောင်မြင်စွာ ရေးဆွဲကျင့်သုံးနိုင်ခဲ့ပါမူ မိမိတို့နိုင်ငံသည် နိုင်ငံတကာအလယ်တွင် ပွဲလည်တင့်သည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖြစ်လာမည်
ဖြစ်ကြောင်း သုံးသပ်လိုက်ရပါသည်။

ခွန်လှစိုး
Powered by Blogger.