Monday, January 25, 2016

ကျွန်တော်ကြားသိရသော နိုင်ငံရေးအကြောင်း တစေ့တစောင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၂၅) ရက်



လွန်ခဲ့သော ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာန ချုပ်ရုံးရှိ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းမိသားစုဝင်တို့သည် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန် ဦးအောင်ခမ်းထီ နေထိုင်ရာ ကျောက်တလုံးကြီးမြို့သို့ သွားရောက် ကန်တော့ခဲ့ပါသည်။ ထိုခရီးစဉ်တွင် ၄င်းတို့ မိသားစုနှင့်အတူ စာရေးသူလည်း လိုက်ပါကန်တော့ခွင့် ရရှိခဲ့ပါသည်။ ထိုအချိန်ကာလသည် မိုးအကုန် ဆောင်းအကူးဖြစ် သောကြောင့် မိုးရာသီက ကုန်ဆုံးတော့မည်ဖြစ်၍ ဆောင်းရာသီကို မိတ်ဆက်ပေး နေသည့်ဟန်ဖြင့် တစ်လောကလုံး အေးစိမ့်၍ ကောင်းကင်တခွင် မြူများနှင့် အုံဆိုင်းနေပါသည်။ ကားအပေါ် လိုက်ပါစီးနှင်းလာကြသော ဆရာစောခွန်ကျော်ဝင်းမိသားစုနှင့်ရွာသူရွာသားများသည် ၂၀၁၅-ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးရလဒ်နှင့် ပတ်သက်၍ အားမလိုအားမရ မကျေနပ်မှု များနှင့် လမ်းတစ်လျောက်လုံးပြော နေသော်လည်း မိမိမှာမူ ဘာအကြောင်းကိုမှ မပြောချင်တော့ လောက်အောင် အုံဆိုင်းနေသည့် မြူများနှင့်အတူ တိတ်ဆိတ်နေလေ၏။
လမ်းတစ်လျောက်လုံး အတွေးစိတ်ကူးများနှင့် လိုက်ပါနေသော မိမိသည် ဆောအောသံ၊ မောင်းတီးသံကို ကြားရသောအခါ အတွေးစိတ်ကူးအိပ်မက်မှ လန့်နိုး၍ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီ နေထိုင်ရာ ကျောက်တလုံးကြီးမြို့
ရောက်ရှိနေပြီဖြစ်ကြောင်းကို သတိထားမိလေတော့သည်။  ဖြားတန်ဦးအောင်ခမ်းထီ၏ ဘုန်းတန်ခိုးကြောင့်ပင်မသိ တစ်လမ်းလုံး စိတ်လေလွင့်နေသည့် မိမိမှာ ကျောက်တလုံးမြို့ကို ရောက်သောအခါ ဖြားတန်ဦးအောင်ခမ်းထီကို ကန်တော့ခွင့်၊ တွေ့ဆုံခွင့် ရတော့မည် ဟူသောအသိဖြင့် စိတ်ထဲတွင် ၀မ်းသာပီတိသော စိတ်အတွေးတစ်ခုသာ ကျန်ရှိပါတော့သည်။ ထိုအခါ ဖြားတန်ဦးအောင်ခမ်းထီ၏ မိသားစုများက  ကြိုဆိုကြပြီး ပအိုဝ်းလူမျိုးများ၏ ယဉ်ကျေးမှုအရ ရင်းရင်းနှီးနှီး နှုတ်ဆက်ကြပါသည်။
ဤရက်နေ့သည် မိမိအတွက် ကံထူးသော နေ့တစ်နေ့အဖြစ် ပြောလျှင် မှားမည်မထင်ပေ။ အဘယ်ကြောင့်ဆိုသော် ဆရာစောခွန်ကျော်ဝင်းတို့ မိသားစုမှ လိုက်ပါလာသော ဆရာစောခွန်ကျော်ဝင်း၏ အဖေဖြစ်သူ ကရင်လူမျိုး ဦးစောဘေးသည် ပအိုဝ်းတော်လှန်ရေးကာလတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ဗိုလ်မှူးစံသိန်းနှင့် ရင်းနှီးသောသူဖြစ်ပင် ဖြစ်သည်။ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီက ပအိုဝ်းတော်လှန်ရေးမှာ ပါဝင်ခဲ့သူ ကရင်လူမျိုး ဦးစောဘေးအား တွေ့ဆုံရသောအခါ ၀မ်းသာ ပီတိဖြစ်နေသည်ကို ကြည့်ပြီး မိမိသည်လည်း အလွန်ပင် စိတ်ချမ်းသာ ပီတိဖြစ်ခဲ့ရပါသည်။ မမျှော်လင့်ဘဲ ဖြားတန်ဦးအောင်ခမ်းထီက ဦးစောဘေးကို တွေ့ဆုံလိုက်ရ၍ မိမိတို့ဖြတ်သန်းလာခဲ့ရသောကာလ၊ မိမိတို့ကြုံတွေ့ခဲ့ရသည့် ဘ၀အကြောင်းကို တစ်ခါပြန်လှန်၍ အရသာခံ ပြောဖြစ်သွားလေတော့သည်။
ဤကဲ့သို့ ၀မ်းသာအားရ တွေ့ဆုံပြီး တစ်ဦးအကြောင်းတစ်ဦးမေးမြန်းရာမှ အတိတ်က မိမိတို့ဖြတ်သန်း လာခဲ့ကြသော အဖြစ်အပျက်ဆီသို့ ဦးညွတ်သွားလေသည်။ ထိုအချိန်တွင် ပအိုဝ်းအမျိုးသားဦးအောင်ခမ်းထီက ဤကဲ့သို့ပင် စကားချီလေ၏။ {.. ဦးလေးစောဘေး….ပအိုဝ်းအမျိုးသားများရဲ့ ဒုတိယတော်လှန်ရေးကို စတင်ခဲ့တဲ့ ဗိုလ်စံသိန်းက စည်းရုံးရေးဘက်မှာ အင်မတန်မှ တော်တယ်။ ပအိုဝ်းဒေသဖွံ့ဖြိုးရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးရန်ရှိတယ်ဆိုပြီးတော၊့  ၁၉၆၆-ခုနှစ်၊ နိုဝင်ဘာလ ကုန်လောက်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာန တိုင်းမှူးသူရဦးအောင်ဖေက ပအိုဝ်းဒေသမှာရှိတဲ့ အလယ်၊ အလတ်ခေါင်းဆောင်များကို တောင်ကြီးမြို့၊ စားမြိန်ရိပ်သာသို့ ဖိတ်ကြားခဲ့ပါတယ်။   အဲအချိန်ကာလမှာ ဗိုလ်စံသိန်းက ကျန်းမာရေးအခြေအနေကြောင့် မတက်နိုင်ဘူး၊ သူရဲ့ လက်ထောက်များဖြစ်တဲ့ ဆရာမော်ဘီ၊ ဆရာချုံ(နောင်ယာသဲုင်)နဲ့ အခြား ခေါင်းဆောင်တွေက တက်ရောက်ခဲ့ကြတယ်။  ကံကောင်းထောက်မစွာနဲ့  ဗိုလ်စံသိန်းရဲ့ လက်ထောက် ဆရာချုံက တောင်ကြီးကို နောက်ကျမှ တက်လာပြီး၊  အရင်တက်လာတဲ့ ပအိုဝ်းခေါင်ဆောင်များကို စားမြိန် ရိပ်သာသို့အသွား လုံခြုံရေးရဲကားများပေါ်သို့ ခေါ်တက်နေတာကို တွေ့လိုက်ရတယ်။  အဲဒီ့နောက် ကားပေါ် ရောက်နေပြီးတဲ့ ဆရာမော်ဘီတို့က ဆရာချုံ(နောင်ယာသဲုင်)ကို မလာဖို့ လက်ပြပြီး သတိပေးလိုက်တယ်။ ဆရာချုံကလည်း ချက်ချင်းရိပ်မိပြီး နောက်သို့ ပြန်လှည့် ထွက်သွားခဲ့ပါတယ်။ ထို့နောက် ဆရာချုံက ဆရာအေးဖေ(ထီရီး)အကူအညီနဲ့ မြင်းနဲ့လားမသိဘူး ဗိုလ်ချုပ်စံသိန်းရှိတဲ့ နောင်ယာသဲုင်ကို သွားပြီး အကျိုးအကြောင်း ပြောပြတယ်။ ဗိုလ်စံသိန်းကလည်း  ဒီအကြောင်းကို ကြားကြားချင်း မခံမရပ် ဖြစ်ပြီးတော့ နီးစပ်ရာလူများကို ခေါ်ပြီး ထီဟန်ဆွေးကို တက်လာတယ်။ နောက် ကောင်နိန်းဆရာတော် နေမိ(ကန္မာ)ထံသို့ သွားရောက် လျှောက်တင်ခဲ့ကြတယ်။  အဲအချိန်မှာ  ဆရာတော်ကန္မာက ချက်ချင်းဘာကိုမှ အကြုံဥာဏ်များမပေးနိုင်တဲ့အတွက်  အကြံဥာဏ်ရယူလိုချင်ရင် ဦးကုသလ(နောင်သဲင်)ကို သွားပြီး ပင်ဆောင်ပေးပါလို့ စေလွှတ်ခဲ့တယ်။ ဆရာတော် ကုမ္မာ၏ရဲ့ဖိတ်ကြားချက်အရ အဘကလည်း ကောင်နိန်းကို တက်လာခဲ့တယ်။ အဲနောက် ဗိုလ်ချုပ်စံသိန်းက သူတို့ ပအိုဝ်းခေါင်းဆောင်များ ဖမ်းဆီးခံရ အကျိုးအကြောင်းကို လျှောက်တင်ပြီး ကောင်နိန်းမှာ (၃)ရက်ကြာကြာ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်။ အဲအချိန်မှာ  တိုင်းမှူးသူရဦးအောင်ဖေက  ဗိုလ်ချုပ်စံသိန်းဆီကို စာတစ်စောင် ရောက်လာခဲ့တယ်။ အဲစာထဲမှာ ဘယ်လိုရေး ထားလဲဆိုတော့ တိုင်းမှူးသူရဦးအောင်ဖေက ရေထားတယ် “ဗိုလ်ချုပ်စံသိန်း..မင်းတို့ တိမ်းရှောင်မနေပါနဲ့ ပြသာနာကို အတူတူ ရင်ဆိုင်ဖြေရှင်းကြရအောင်” လို့ရေးထားတယ်။ တိုင်းမှူးသူရဦးအောင်ဖေရဲ့ ပေးစာနှင့်ပတ်သက်ပြီးတော့ ဗိုလ်စံသိန်းနဲ့ အဘတို့ တိုင်ပင်ပြီး သူရဦးအောင်ဖေထံသို့ ပြန်လည် အကြောင်းခဲ့တယ်။
အဲစာထဲမှာ   ဗိုလ်ချုပ်စံသိန်းက ဘယ်လိုပြန်ထားလဲဆိုတော့ “ ဟုတ်ပါပြီ တကယ်လို့  ကျွန်တော်က မြို့ထဲကို  ၀င်ရောက် ပြဿနာဖြေရှင်းရင်  ရပခ တိုင်းမှူးအနေနဲ့  (၁) ထိန်းသိမ်းထားသော ပအိုဝ်းခေါင်းဆောင် များကို ပြန်လွှတ်ပေးရမယ်၊ (၂) ပအိုဝ်းဒေသန္တာရအုပ်ချုပ်ရေးကို ယခင်ကလိုဘဲ ပြန်လည် သတ်မှတ်ပေးရမယ်၊ (၃) ပအိုဝ်းဒေသလုံခြုံရေးအတွက် ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့များ ပြန်လည်ထား ရှိခွင့်ပြုရမယ်” ဆိုပြီးတော့ ကမ်းလှမ်းချက်များကို တောင်းဆိုခဲ့တယ်။  တစ်ပတ်လောက်ကြာတော့ ရပခက  ပြန်စာတစ်စောင် ရောက်လာခဲ့တယ်။ အဲစာနဲ့ ပတ်သက်ပြီး  ရပခ တိုင်းမှူးက ဘယ်လိုပြန်ထားလဲဆိုတော့ “ဦးလှဖေနဲ့ ဦးကျော်စိန်တို့ကို  ပြန်လွှတ်ပေးမှာ မဟုတ်ဘူး။  ကျန်ခေါင်းဆောင်များကို ပြန်လည်စစ်ဆေးပြီး ၀န်ခံချက် ရယူပြီးတော့ ပြန်လွှတ်ပေးလို့ရတယ်၊  မင်းတို့ပြောတဲ့ ပအိုဝ်းဒေသန္တာရအုပ်ချုပ်ရေးဆိုတာက နိုင်ငံတော်က အတိုင်းအတာတစ်ခုထိ သတ်မှတ် ပေးထားတာဖြစ်တယ်။  ပအိုဝ်းဒေသန္တာရအုပ်ချုပ်ရေးကို  ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ချင်တယ်ဆိုရင်တော့  ငါတို့ကို လာရောက် ဆွေးနွေးနိုင်ပါတယ်။  နောက်တစ်ခု မင်းတို့ပြောတဲ့ လက်နက် ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်ပြီးတော့ ပအိုဝ်းဒေသမှာ ပအိုဝ်း လက်နက်ကိုင်ဆောင်ခွင့်ပြုမှာ မဟုတ်ဘူး။  လက်နက်ကိုင်ဆောင်မှုဆိုတာ နိုင်ငံတော်က သတ်မှတ် ပေးထားတဲ့ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ စတဲ့အဖွဲ့တွေကဘဲ  ကိုင်ဆောင်ခွင့်ရှိတယ်။  ဒီသတ်မှတ် ပေးထားသော အဖွဲ့ကလွဲလို့ လက်နက်ကိုင်ဆောင်ရင်  အစိုးရကို ပုန်ကန်တဲ့ သူပုန်တွေဘဲ ဖြစ်မယ်” လို့ပြန်ကြားထားပါတယ်။ } လို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ ဤကဲ့သို့ ပြောလိုက်သောအခါ  ပအိုဝ်းတော်လှန်းရေး တစ်စိတ်တစ်ပိုင်းကို စာရေးသူ၏ မျက်လုံးထဲတွင် ပုံဖော်၍ မြင်ယောင်မိပါတော့သည်။ ထို့ပြင် ပအိုဝ်းအမျိုးသားများအတွက် တိုက်ပွဲဝင်ခဲ့ကြသော ခေါင်းဆောင်ကြီးများကိုလည်း စိတ်ထဲတွင် လေးစား ဂုဏ်ယူမိပါသည်။
ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီက ဤသို့ဆိုလိုက်သောအခါ တော်လှန်ရေးကာလတွင် ပါဝင်ခဲ့သော ကရင်အမျိုးသားဦးစောဘေးကလည်း ဤကဲ့သို့ပင် ထပ်မံဆွေးနွေးသွားပါသည်။ {… ပအိုဝ်းပထမတော်လှန်ရေးကို ဗိုလ်ချံဇုန်က စတင်ခဲတာနဲ့ တူပါတယ်။ ဗိုလ်ချံဇုန်က ၁၉၅၀ခုနှစ်လောက်မှာ အစိုးရက ဖမ်းဆီးခဲ့ပြီး မန္တလေးထောင်မှာ (၃)လခန့် ကြာမြင့်ခဲ့တယ်။ အဲအချိန်မှာ လူမျိုးရေးအတွက်နဲ့ အဖမ်းခံထားရတဲ့ ကျွန်တော်တို့နဲ့ တွေ့ဆုံခဲ့တယ်။ ထောင်မှ လွှတ်လာတဲ့အခါ ဗိုလ်ချံဇုန်က ပြည်သူလူထုကို တွေ့ဆုံပြီး ဒီလိုပြောတယ် “ ငါ ကရင်ဖက်မှာ နေပြီး အစိုးရကို တိုက်ခိုက်ရမလား(သို့) အစိုးရဖက်မှာ နေပြီး ကရင်တပ်များကို တိုက်ရမလား”လို့  မေးပြီး ပြည်သူလူထုများရဲ့ ဆန္ဒအရ ကရင်တပ်များနဲ့ပူးပေါင်းပြီး အစိုးရကို ပုန်ကန်ရန် သဘောတူခဲ့တယ်။  အင်းအားကြီးတဲ့ အစိုးရတပ်ကို တိုက်ခိုက်တဲ့နေရာမှာ အစိုးရက မရိပ်မိအောင် ပဒေသရာဇ်စနစ်ကို တော်လှန်တယ်”လို့ အမည်ပြောင်းပေးတာ ဖြစ်နိုင်တယ်} ဟု ဆိုလိုက်သောအခါ တော်လှန်ရေး၏ ပရိယာယ်ကြွယ်မှုအသိက စာရေးသူကို ထပ်မံသင်ခန်းစာ ရခဲ့ပြန်ပါသည်။
မပြောစဖူး သမိုင်းကို တစ်ခါပြန်ပြောရ၍ ပြောရင်းရင်းနှင့် အရှိန်တက်သည့်ဟန်တူပါသည်။ ဆက်လက်ပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီက { ..ဦးလေးစောဘေး.. ကောင်နိန်းမှာ အစက အဘ ဆောက်ပေးတာတပ်ကို နောင်အခါ သူတို့က ပေါလစ်ဗျူရိုရုံး လို့ခေါ်တယ်။ အခြေအနေက တဖြည်းဖြည်းနဲ့ အင်အားတွေ ကြီးလာပြီးတော့ ဒီဂွင်က တောင်ကြီး ရပခနဲ့ နီးလွန်းတယ်ဆိုပြီး ပွန်ချောင်းအရှေ့ဘက်ကို ပြောင်းသွားတယ်။ အဘက အဲမှာရောက်တော့ ကဒူးကြီးရဲ့ နားဟီး၊ ပင်မန်း ရေရှိတဲ့ တစ်နေရာမှာ ရုံးဖွင့်တယ်။ ဗိုလ်မှူးခင်ကျော်ညိုကတော့ ဟိုနမ်းမှာ ရုံးဖွင့်တယ်။ သူထိုင်တဲ့ နေရာက ပအလဖရဲ့ ရုံးဌာနချုပ်၊ အဘကတော့ ပေါလစ်ဗျူရိုနိုင်ငံရေးဦးဆောင်တဲ့အဖွဲ့ရဲ့ ဌာနချုပ်ပေါ့။ အဘက နိုင်ငံရေးနှင့်ပတ်သက်တဲ့ သင်တန်းတွေ၊ ကျန်းမာရေး သင်တန်းတွေ ဦးစီးပြီးလုပ်တယ်ပေါ့။ ဦးခင်ကျော်ညိုက အဖွဲ့စည်း တစ်ခုလုံးရဲ့ အားလုံး အထွေထွေတာဝန်ကို ယူရတယ်။ …….ဗိုလ်မှူးကြီး ခင်ကျော်ညိုက ရလလဖကွဲစဉ် ကာလမှာ မိုင်းအောမှာ နေတယ်။ ရလလဖ ကွဲပြီကြားတော့ “အော် ဒါဆို  တာကလယ်က ဗကပ ဘက်ကို ယိုင်သွားပြီ၊”  ဆိုပြီး အဲကနေ ပြန်လာတော့ ကရင်ဘက်ကို ပြန်လာတယ်၊ တာသော့မောကနေ ကိန်လွယ်၊ ကိန်လွယ်ကနေ ပအိုဝ်းနေထိုင်ရာ ကရင်ပြည်နယ် ပအိုဝ်းပထုံဆီကိုရောက်တယ်၊ အဲကနေ နောင်ထောင် အနောက်ဘက် ဖြတ်တယ်၊ အဲအချိန်မှာ နောင်ထောင်က တာကလယ်လူတွေ ရှိတယ်လေ၊ သူပြန်မတွေ့ဘူး၊ သူငယ်ချင်းကောင်း အဘဆီကိုဘဲ တမ်းပြန်လာတယ်။  နောက်တော့ အဘကို PNO ဥက္ကဌတင်မြှောက်တော့ ၊ အဘကပြောတယ် “ငါ့ကို ဥက္ကဌတင်မြှောက်ရင် အတွင်းရေးမှူးကို ဗိုလ်မှူးခင်ကျော်ညို ခန့်ပေးပါ” လို့ အဘတောင်းဆိုတယ်။ သူလည်း အတွင်းရေးမှူး နေရာမှာ နေတာ တော်တော်လေး ကြာပြီး နောက်တော့မှာ ဒု-ဥက္ကဌ ဖြစ်သွားတယ်။ ထိုအချိန်က ဗိုလ်မှူးခင်ကျော်ညိုကို  ရွာသားများက ချိုချဉ်ဟု ခေါ်ကြသေးတယ်လေ}ဟု ပြောပြလိုက်သောအခါ စာရေးသူလည်း အဘဦးဆောင်ခမ်းထီ၏ လှုပ်ရှားမှု တစ်စိတ်တစ်ဒေသကို မြင်ယောင်ပြီး ဗိုလ်မှူးခင်ကျော်ညိုကို ရွာသားများက ချိုချဉ်ဟု ခေါ်သောကြောင့် ဘေးတွင် ပြုံးရယ်သော အဖွဲ့သားနှင့်အတူ  ပြုံရယ်နေတော့သည်။
ဤကဲ့သို့ ပြောဆို ပြုံးရယ်သောအား အချိန်ပျော့လာသည်နှင့် ဦးစောဘေးသည်လည်း ဗိုလ်ချန်ဇုံနှင့်အတူနေသော သူ့၏ဘ၀တစ်စိတ်တစ်ဒေသကို အမှတ်ရ ပြန်ပြောဖြစ်လေသည်။ ထို့နောက် ကရင်အမျိုးသား ဦးစောဘေးက { ….ဗိုလ်ချန်ဇုံက ရည်ရွယ်ချက်ကြီးတယ်၊ သူက လူ(၄၀)ကို ခေါ်ပြီးတော့ ရပ်စောက်မှာ သင်တန်းပို့ခဲ့တယ်လေ၊ သင်တန်းသားတွေအနေနှင့် တစ်ယောက်မှ ပြန်မလာရဘူး လို့ပြောတယ်၊ ကျွန်တော်လည်း ပါသွားတယ်၊ အဲရောက်တော့ သူက စစ်ပညာဘဲ သင်ခိုင်းတယ်။ အဲကြောင့် ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက် ခိုးပြန်လာတယ်။ သူ့ဆီရောက်တော့ သူကိုပြောတယ် “ကျွန်တော်တို့က စစ်မလိုချင်လို့ အလင်းဝင်ပြီဘဲ၊ မသင်ချင်ဘူး”လို့ ခပ်လန့်လန့်နဲ့ ပြန်ပြောတယ်။ သူက ပြန်လာရင် ပစ်သတ်မယ် ပြောထားလို့လေ၊ အဲတာနဲ့ မင်းက စံသိန်းလူဘဲ ဗိုလ်စံသိန်းဆီမှာ သွားနေဆိုပြီး၊ ကျွန်တော်လည်း ဗိုလ်စံသိန်းဆီ သွားနေတယ်၊ နောက်မကြာဘူး သူလည်း အဖမ်းခံလိုက်ရတယ်} ဟုဆိုလိုက်သောအခါ မပြီးပျက်သေးသော ဗိုလ်ချန်ဇုံအကြောင်းကို အဘဦးအောင်ခမ်းထီက {… အဲဒီကိစ္စ ပြောရမယ်ဆိုရင် သူဟာ ပြန်ထွက်လာတယ်၊ လွိုင်လင်အနောက်ဘက်က ထွန်းစာဆိုသူနဲ့ ခေါ်ပြီးတော့မှ ဒီဘက်ကို သူဆက်သွယ်တယ်၊ သူဆက်သွယ်လာတော့ ဗိုလ်မှူး တကယ်လယ်နဲ့ ဗိုလ်မှူးစံထွန်းကို တွေ့တယ်။ အဲအချိန် တာကလယ်က ဗကပနဲ့ ပေါင်းဖို့ ရည်ရွယ်ချက်ရှိနေပြီ ၊ အဲလိုရှိတော့ သူစဉ်းစားတယ် “ ဗိုလ်ချံဇုန်က တစ်ချိန်တစ်ခါက တို့ဆရာဘဲ နောက်ပြီး သူကစိတ်မထင်ရင် လူကို သတ်တတ်တယ်၊ အခုငါတို့ လက်ခံရင် ဗိုလ်ချုပ်ဟောင်းဆိုတော့ သူ့ကို နေရာပေးရလိမ့်မယ်၊ နောက်ပြီး သူက တို့ကို သတ်မဲ့သူလည်း ဖြစ်နိုင်တယ်၊ ဆိုတော့ တို့ကဘဲ သူ့ကို စောစောစီးစီးသတ်လိုက်မယ်” ဆိုပြီး ဗိုလ်မှူးစံထွန်းကို တာဝန်ပေးလိုက်တယ်၊ ဗိုလ်စံထွန်းလည်း ဗိုလ်ချန်ဇုံလူဘဲ ဆိုတော့ ၊ သူတို့က ဟိုပုံး အရှေ့မြောက်ဘက် ထမ်းဘုရားကိုဘဲ ရောက်တယ်။ အဲမှာရောက်တော့ သူက “ဗိုလ်ချုပ် အခု ငါတို့မှာ ဗကပ လာဝင်ရောက် ခြယ်လှယ်သွားပြီ၊ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်လို့မရတော့ဘူး”လို့ ပြောတယ်၊ အဲတာနဲ့ ဗိုလ်ချန်ဇုံက ဒီဘက်ကို ပြန်မလာတော့ဘူးလေ။    ဗိုလ်စံထွန်းတို့ပြန်လာတော့  တာကလယ်က မေးတာပေါ့ သူတို့က “မတွေ့ဘူး သတင်းရထားလား မသိဘူး ထွက်ပြေးသွားတယ်”လို့ ဖြေလိုက်တယ်} ဟု ထပ်လောင်းပြောသော လိုက်သောအခါ တာကလယ်၏ ယုတ်မာတတ်သောအကျင့်စရိုက်ကို သိရှိခဲ့ရပြန်သည်။
ထို့သို့ ဗိုလ်ချန်ဇုံ အကြောင်းကို ပြောဆိုဆွေးနွေးနေရာမှ ပအိုဝ်းအမျိုးသားခေါင်းဆောင် သထုံ ဦးလှဖေဆီသို့ လမ်းကြောင်းလွဲလာခဲ့လေသည်။ ထို့နောက် ဦးစောဘေးက {..ကျွန်တော်တို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးလှဖေဟာ အရင်က KNUကရင်အဖွဲ့မှာ ဖြစ်တယ်၊ သူတို့အဖွဲ့မှာ စောဘဦးကြီး၊ ဗိုလ်ချုပ်စောစံကေ၊ ဦးလှဖေ၊ မန်ဘဇံဆိုပြီးတော့  ဗိုလ်ကြီးလေးယောက်ရှိတယ်။ သူတို့ ကတိသစ္စာ ထားကြတယ်လေ။ “ငါမရှိရင် သူတက်ရမယ်၊ သူမရှိရင် ငါတက်ရမယ်”ဆိုတဲ့ သဘောပေါ့။ အဲမှာ စောဘဦးကြီး၊ ဗိုလ်ချုပ်စောစံကေတို့တစ်ခါတည်းကျသွားတာ နှစ်ယောက်ဘဲ ကျန်တယ်၊ အဲအချိန်မှာ ကျွန်တော်ထောင်မှာ ရှိတော့ သိပ်သေချာမသိဘူး၊ ကရင်အဖွဲ့က ဦးလှဖေကို ပြန်ခေါ်တယ်၊ ဦးလှဖေ ပြန်မလာတော့  နောက်သူတို့ မန်းဘစံကိုဘဲ ပြန်တင်လိုက်လို့ ကြားတယ်။} ဆိုလိုက်သည်နှင့် အဘဦးအောင်ခမ်းထီကလည်း {..သူတို့ တောင်ငူမှာ ဆွေးနွေးသေးတယ်လေ၊ အဲအချိန်မှာ စောဘဦးကြီးလည်း ရှိသေးတယ်။ (၄)ယော်စလုံးရှိသေးတယ်၊ အဲအချိန်မှာ ဦးလှဖေက “ငါတို့က စစ်ရေးတပ်ဦးကျွန်လည်း လုပ်ခဲ့ပြီးပြီ၊ အမှန်ဆို ငါတို့က ဒီမှာဘဲ စုစုစည်းစည်းလုပ်ရမယ်၊ အခုဟာက စစ်တပ်တွေက မေမြို့တွေ၊ မန္တလေးတွေ တောင်ကြီးတို့ကို တက်သိမ်းတယ်ဆိုတော့ ငါတို့ အင်အားက ဖရိုဖရဲဖြစ်သွားပြီ အမှန်ဆို တသာင်္သာရီတိုင်းကိုဘဲ ရအောင်ယူရမှာ ၊ ဒါမှ ငါ့တို့ဒေသခံသော်လည်းကောင်း၊ ငါတို့မဟာမိတ်ထိုင်းနိုင်ငံက ကရင်တွေသော်လည်းကောင်း အဆင်ပြေမယ် ၊ အမှန်တိုင်းပြောရရင် ငါတို့ မဟာမိတ် အမေရိကန်လည်း ရေကြောင်း/ရေးကြောင်းနဲ့ လာလို့ရတယ်၊ အဲကြောင့် တနသာင်္ရီတိုင်းကိုဘဲ ရအောင်ယူသင့်တယ်။”  အဲလိုပြောတော့၊ စောဘဦးကြီးက ပညာရှိတော့ “ဟုတ်တယ် ၊ ဒီလိုဘဲ လုပ်သင့်တယ်လို့ ထောက်ခံလိုက်တယ်၊ ကျန်တဲ့ စစ်ဗိုလ်များက လက်ခံကြဘူး၊ သူတို့တွေက “ ကျွန်တော်တို့ ကရင် မူလရည်မှန်းချက်က ဒီ(၉)ဒီဘဲ ဒီ(၉)ဒီက ကရင်တိုင်းပြည်ဘ”ဲ လို့ ပြောနေတော့ ဦးလှဖေက ခွဲထွက်ဖို့ ပြင်ဆင်တော့တယ်၊ အဲနောက် စောဘဦးက ကျဆုံးတော့ သူလည်း ပြန်မလာတော့ဘူး။ အရင်တုန်းက ဦးလှဖေက KNUထဲကို ၀င်တယ်၊ အဲအချိန်မှာ ဦးကျော်စိန်က KNYမှာ ရှိနေတယ် ပအိုဝ်းထဲက သူတို့နှစ်ဦး ပါဝင်ဦးဆောင်နေတယ်။ ၁၉၄၉ခုနှစ် အဲအချိန်မှာ ဦးလှဖေက အဲလို အကြံပေးတာကို လက်မခံတော့ အဖွဲ့ကနေ ထွက်သွားပြီး ဦးကျော်စိန်ကိုပါ ခေါ်ထွက်ခဲ့တယ်လေ} ဟု ထပ်လောင်းဖြည့်စွက်လိုက်သောအခါ သထုံဦးလှဖေ၏ လှုပ်ရှားမှုနှင့် နိုင်ငံရေးအမြော်အမြင်ကိုပါ ခန့်မှန်းသိရှိလိုက်ရပါသည်။
တစ်ဆက်တည်း အဘဦးအောင်ခမ်းထီက {.. အရင်တုန်းက သမိုင်းကြောင်းအရ စစ်တပ်ကို ကရင်လူမျိုးပေးရမယ်၊ ကရင်လူမျိုးကိုပေးရတဲ့ အကြောင်းရင်းက သင်တန်းဆင်းတဲ့နေရာမှာ ကရင်က စည်းကမ်းသေသပ်မှုရှိတယ်လေ။ အုပ်ချုပ်ရေးအပိုင်းကိုကျတော့ ဗမာကိုပေးထားတယ်။ ဗမာက ဥာဏ်ပြေးတယ်ဆိုလားဘဲ ။  အစက Training ဆင်းတဲ့နေရာမှာ ဗမာတွေက ဘယ်ညာ နင်းတာတောင် မရဘူးတဲ့၊ အဲကြောင့် ခြေထောက်ကို ကောက်ရိုးတစ်ဖက်၊ မြက်တစ်ဖက်ချည်ပေးရတယ်၊ အဲကြောင့် ကောက်ရိုးတစ်ဖက်မြောက်မယ်၊ မြက်တစ်ဖက်မြောက်မယ်လို့ ပြောမှ ရတယ်တဲ့ } ဟု ဆိုလိုက်သောအခါ ဦးစောဘေးက {..ကောက်ရိုးခြေထောက်၊ မြက်ခြေထောက်ပေါ့။ ကုလားဖြူက မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရမှာ အင်မတန်မှ နှာမြောတယ်၊ အဲတာကြောင့် ဒီနှစ်ဦး အချင်းချင်းပြန်ကိုက်အောင် ဆင်ပေးခဲ့တာ၊ နောက်တစ်ကြိမ် သူပြန်လာချင်သေးလို့လေ။ အဲတာကြောင့် အစက မြန်မာနိုင်ငံမှာ သုံးနေတဲ့ ပိုက်ဆံတစ်ကျပ် (၆၄)ပြား ရှိတယ်လေ။ ဆိုလိုတာက အင်္ဂလိပ်က မြန်မာနိုင်ငံကို (၆၄)နှစ်အုပ်ချုပ်ပြီး ပြန်မယ်ပေါ့။ နောက်တော့ သူတို့က (၆၄)နှစ်ပြည့်ခါနီးမှာ တစ်ထပ်ရှိဟာကို နောက်ထပ် တစ်ထပ် ပေါင်းလိုက်တယ်လေ၊ ဒင်္ဂါးနှစ်ထပ်ဖြစ်သွားတာပေါ့။ ဒါပေမဲ့ အဆုံးထိ မအုပ်ချုပ်လိုက်ရပါဘူး} ဟု ဆိုလိုက်သေ အခါ အင်္ဂလိပ်များ၏ နိုင်ငံရေးပရိယာယ်များကိုလည်း သိရှိပါသည်။
အကြားအမြင်မကုန်သေးသော ကရင်အမျိုးသား ဦးစောဘေးက သူသိထားသော ပအိုဝ်းနှင့်ကရင် အကြောင်းကို ဆက်လက်ဆွေးနွေးသွားပြန်သည်။ {.. ကရင်လူကြီးတွေ့ရဲ့ ပြောကြားချက်ရာဇာဝင်အရ ကရင်နဲ့ ပအိုဝ်းက ညီအစ်ကိုဘဲတဲ့ “တစ်နေ့တော့ ကရင်ကသူ (ပအိုဝ်းဟဲ သွန်) (ဗမာလို ဖြူးကောင်)ကို သွားရတယ်၊ သူကိုရတော့ သူ့ညီအစ်ကို ပအိုဝ်းကို သွားပေးတာ နည်းနည်းဘဲရတယ် ၊ ပအိုဝ်းကလည်း ဘယ်ကျေနပ်မတုန်း၊ ငါတို့ရတဲ့ ဆင်က အမွေးသေးသေးလေး၊ အကောင်းကြီးတယ်၊ မင်းတို့ရတဲ့ သူက အမွေး ဒီလောက်ကြီးတာ အကောင်ကြီးရမှာပေါ့ မယူဘူး၊ မစားဘူးလို့ပြောတယ်၊ အဲကြောင့် ကရင်က သူ့ကို တအော်သူလို့ ပြောတယ် ၊ (သွန်ယားတအံးတ၀်း)ပေါ့။ ကရင်က လိုက်ပေးလိုက်ပေးရင်းနဲ့ မယူဘူး၊ မယူတော့ ပအိုဝ်းက ရွာသွားတည်တယ် ပအိုဝ်းရွာတည်တဲ့ နေရာမှာ တောင်သုံးလုံးရှိတယ်၊ အဲဒီ့တောင် သုံးလုံးဟာ ပအိုဝ်းနဲ့ ကရင် ပြန်ဆုံရင် အကုန်လုံး စပါးတွေ ဖြစ်သွားမယ်တဲ့ ၊ အဲကြောင့် ပအိုဝ်းက သူ့အစ်ကို ဖြစ်သူ ကရင်ကို ခေါ်တယ်၊ ငါတို့နဲ့ လာနေပါ၊ အစ်ကိုကြီးလာနေရင် တောင်သုံးလုံးက စပါးဖြစ်မယ်ဆိုတော့ ငါတို့ စားလို့မကုန်တော့ဘူးပေါ့၊ ကရင်က လာရော အဲရွာ မရောက်ခင်မှာ တောင်ပေါ်က ရွှေလုံးငွေလုံးတွေ ကျလာတယ်တဲ့ ၊ သူက ရွှေလုံးတွေယူပြီး ပြန်သွားတယ်။ သူ့ညီဆီ မရောက်တော့ဘူးတဲ့။ ” ကျွန်တော် တစ်ခါတစ်လေ စဉ်းစားတာပေါ့ ပအိုဝ်းနဲ့ ကရင်ပေါင်းရင်တော့ တိုင်းပြည်ရမှာဘဲလို့၊ ရာဇာဝင်လည်း ရှိတယ်ဆိုတော့လေ၊ ပအိုဝ်းနဲ့ ကရင်နဲ့ ကွဲတာ ဆင်နဲ့ဖြူးကြောင့်ပေါ့။} တင်ဆက်လိုက်သောအခါ -
ပအိုဝ်းအမျိုးသား ခေါင်းဆောင်ဦးအောင်ခမ်းထီကလည်း မိမိသိထားသော ပအိုဝ်းနှင့်ကရင် အကြောင်းကို သမိုင်းကြောင်းနှင့်ယှဉ်၍ ထပ်မံဆွေးနွေးသွားလေသည်။ {…. သမိုင်းကြောင်းအရဆိုရင် ပအိုဝ်းရယ်၊ ကရင်ရယ် တစ်ချိန်တစ်ခါတုန်းကတော့ တီဘက်တောင်တန်းရှိ အူကရိုဒေသမှ ရေကြည်ရာ မြက်နုရာ တောင်ဘက်ကို ရွှေ့လာတဲ့အခါကျတော့ ယူနန်ပြည်နယ်၊ တရုတ်နယ်စပ်ကို ရောက်ခဲ့တယ်။ ထိုအချိန်တုန်းက တရုတ်ဧကရာဇ်မင်းက တိုင်းရင်းသားလူမျိုးကွဲများကို မျက်နှာမပေးဘူး၊ အဲကနေ့ သူတို့ ရွှေ့ရွှေ့ရင်းနဲ့ တကောင်းကို ရောက်လာတယ်၊ ထို့နောက် ဟန်လင်းရောက်လာတယ်၊ မန္တလေးနောက်ဘက်ပေါ့၊ အဲတာနဲ့ ဧရာဝတီမြစ်အတိုင်း  လိုက်ဆင်းပြီးတော့ တရေခေတ္တရာမြို့ကို တည်ခဲ့တယ်။ ပြီးတော့ ပြည်မြို့ကို ရောက်လာခဲ့တယ်၊  ပအိုဝ်းနဲ့ ကရင် ကွဲတာက ကျွန်တော်ထင်တယ် ပြည်မြို့ရောက်မှ ဒီဆင်နဲ့ ဖြူး ကိစ္စဖြစ်လိမ့်မယ်၊ တရုတ်ခရီးသွားအဖွဲ့များ၏ မှတ်တမ်းတင်ထားချက်အရ“ ပြည်မြို့ဟာ မီးလောင်ရာလည်း မတွေ့ရ ၊ ခိုက်ရန်ဖြစ်ပွား အိမ်တွေပြိုတာလည်း မတွေ့ရဘူးတဲ့။ လွန်ခဲ့တဲ့ နှစ်(၅၀)လောက်က လူတွေ စည်စည်ကားကားရှိနေတဲ့ဟာ နှစ်(၅၀)ရောက်တော့ လူတွေ မရှိတော့ဘူးတဲ့ အိမ်ဘဲ ကျန်တော့တယ်တဲ့ ” အဲကြောင့် ကျွန်တော် ထင်ပါတယ် ပအိုဝ်းနဲ့ ကရင်လမ်းခွဲတာ ပြည်မြို့မှာ ဖြစ်ဖို့များတယ်}ဟု ဆိုလိုက်သောအခါ စာရေးသူအနေနှင့် မိမိသိချင်ခဲ့သော ပအိုဝ်းအကြောင်းကို သိလိုက်ရသဖြင့် ရာဇာဝင်နှင့် သမိုင်းအကြောင်းကို ယှဉ်၍ ဆွေးနွေးကြသော အဘဦးအောင်ခမ်းထီနှင့် ဦးစောဘေးတို့အား အထူးပင် ကျေးဇူးတင်ခဲ့ရပါသည်။
စကားအရှိန်ရနေသော ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီက တော်လှန်ရေးကာလတွင် မိမိခင်မင်ရင်းနှီးခဲ့ဖူးသော ကရင်ခေါင်းဆောင်များကို အမှတ်ရ ဆွေးနွေးသွားခဲ့ပါသည်။ အဘဦးအောင်ခမ်းထီ က  {.. မျက်မှောက်ခေတ်ပေါ့ဗျာ၊ န၀တ စစ်အစိုးရ တက်လာပြီးတဲ့နောက်မှာ ဦးစွာ ဘယ်သူက ပထမ နိုင်ငံတော်နဲ့ ပေါင်းသလဲဆိုတော့ ကိုးကန့်က ဗမာနဲ့ အရင်ပေါင်းတယ်၊ နောက်ပြီး ၀ ပေါင်းတယ်၊ ၀ ပေါင်းပြီးတော့ ကချင်ထပ်ပေါင်းတယ်၊ နောက်ပြီးတော့ ပအိုဝ်းက ပေါင်းတယ်၊ ပအိုဝ်းက နံပတ်(၄)လောက်မှာ၊ ပအိုဝ်းပြီးတော့ ပလောင်က ထပ်ပေါင်းတယ်။ အဲဒါနဲ့ ကျွန်တော်တို့ နိုင်ငံတော်နဲ့ ပေါင်းတဲ့ အချိန်ကာလမှာ ဗိုလ်ချုပ်မြ ဦးစီးတဲ့ (မဒတ) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု အဲမှာ ဥက္ကဌက ဗိုလ်ချုပ်မြပေါ့၊ ကျွန်တော်တို့ မပေါင်းရင် မြောက်ဘက်က စူထင်တို့ ရှမ်းကလည်းပေါင်းတယ်လေ။ အဲမှာ ပအိုဝ်းက နံပတ်(၆)မှာ သွားရှိတယ်၊ အဲနောက် ကျွန်တော်တို့ ငြိမ်းချမ်းရေးယူတော့ ကျွန်တော်တို့ ပအိုဝ်းဒေသကို အထူးဒေသ(၆)လို့ သတ်မှတ်ပေးတယ်၊ အထူးဒေသ(၁)က ကိုးကန့်၊ (၂)က ၀၊ (၃)က ကချင်၊ (၄)က ရှမ်း၊ (၅)ပလောင် ကျွန်တော်တို့က (၆)ပေါ့၊ အဲအချိန်မှာ အစိုးရကို ကျွန်တော်တို့ မပေါင်းလို့ မရတော့ဘူးလို့ ဗိုလ်ချုပ်မှူးမြဆီကို ကြေးနန်းရိုက်ပို့လိုက်တယ်၊ “ဗိုလ်ချုပ် ရှမ်းပြည်မှာရှိတဲ့ အင်းအားကြီးတဲ့ ကိုးကန့်၊ ၀၊ ရှမ်း(SSPP)၊ ကချင်တပ်မဟာ(၄)၊ ပလောင်တွေ အစိုးရနဲ့ ပေါင်းပြီ ကျွန်တော်တို့ မပေါင်းရင် အဲဒီ့တပ်တွေ အားလုံး ကျွန်တော်တို့ နယ်မြေကို  ၀င်လာမှာ သေချာတယ် ၊ နိုင်ငံရေး အလှည့်အပြောင်းမှာ အင်းအားမမျှလို့ ကျွန်တော်တို့ ပေါင်းရခြင်းဖြစ်တယ်”လို့ အကြောင်းကြားတယ် ၊ ဗိုလ်ချုပ်မှူုးမြကလည်း “ရှမ်းပြည်တောင်ပိုင်းမှာ ခင်ဗျားဘဲ ကွက်ကျန်နေတယ်နော်၊ ခင်ဗျားကျန်လို့ မဖြစ်တော့ဘူး၊ ဒါကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ ခင်ဗျာ ဗမာနဲ့ ပေါင်းတာတော့ ကျွန်တော် သဘောမတူနိုင်ဘူး”လို့ ပြောတယ် အဲလိုနဲ့ ပအိုဝ်းက ဖောက်ပြန်သွားပြီလို့ ပြောကြတယ်။ နောက်တော့ ဗိုလ်ချုပ်မြက ရန်ကုန်ကို ရောက်လာတယ်။ ရန်ကုန်ရောက်နေတဲ့ အချိန်မှာ အဘကလည်း အမျိုးသားညီလာခံ တက်နေတဲ့အချိန်ဖြစ်တယ်၊ ကရင်ဆရာဝန်တစ်ဦးက ကျွန်တော်နဲ့ ရင်းနှီးတယ်၊ ဗိုလ်ချုပ်မြက သူ့ကို တိုးတိုးတိတ်တိတ်ပြောတယ် “ ဦးအောင်ခမ်းထီ ရန်ကုန်မှာ ရှိနေတယ်” အဲအချိန်မှာ သူက မွေးနေ့ပွဲလုပ်မယ်ဆိုတော့ “ငါ့ရဲ့ မွေးနေ့ကတ်ကို သွားပေးပေးပါ”လို့ ခိုင်းတယ်။ အဲအချိန်မှာ ကျွန်တော်တို့ ငြိမ်းချမ်းရေး ယူပြီးခါစဆိုတော့ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလို့လည်း မရဘူး၊ သူသေသည့်အထိ အဘကို မိတ်ဆွေတစ်ယောက်လို အသိအမှတ်ပြုသွားမယ် ဆိုပြီးတော့ ပြန်သွားတယ်။ သူ့ရဲ့ အထက်ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ဗိုလ်မှူးချုပ် တာမလာဘောလည်း  ကျွန်တော်နဲ့ ရင်းနှီးတယ်၊ နောက်ကွယ်လွန်သွားတဲ့ မန်းစက်ချာနဲ့လည်း ရင်းနှီးတယ်၊ စကောလယ်တောတို့ ဆို ပြောမနေနဲ့ သူတို့နဲ့ ကွဲပြီးတဲ့ နောက်ပိုင်းမှာ သူတို့ မြောက်ပိုင်းက ပြန်လာရင် ကျွန်တော့်ဆီကိုဘဲ လာတယ်၊ နောက် စကောလန်တော၊ နောက်ဖတီမီးတ တို့လည်း ရင်းနှီးတယ်}ဟု ကြားလိုက်ရသောအခါ မိမိစာရေးသူအနေနှင့် သိချင်နေခဲ့သော အထူးဒေသ သတ်မှတ်ခြင်းကို ကြားသိလိုက်ရသဖြင့် အလွန်ပင် ပျော်ရွှင်ခဲ့ရပါသည်။
ထိုသို့ ဆွေးနွေးနေရာမှ အချိန်၏ သတိပေးချက်ကို နှစ်ဦးနှစ်ဖက်က သတိထားမိလေသည်။ ထို့နောက် နိုင်ငံရေးဆွေးနွေးမှုကို တစ်ခန်းရပ်၍ လူမှုရေးကိစ္စဘက်သို့ အခြေအနေအရ လှည့်လာခဲ့ရပါတော့သည်။ အဆိုပါနေ့တွင် စာရေးသူအနေနှင့် မထင်မှတ်ဘဲ ပအိုဝ်းလူမျိုးအကြောင်းနှင့်ပတ်သက်သော ဗဟုသုတများကို ရရှိလိုက်သောကြောင့် မိမိကြားသိရသော ဗဟုသုတများကို မည်သို့မည်ပုံ စာဖတ်ပရိတ်များကို မျှဝေပေး မည်ဟူသည့် အတွေးများနှင့်သာ အပြန်လမ်းကို ကုန်ဆုံးစေလေတော့သည်။ စာဖတ်ပရိသတ်အနေနှင့် ဤကဲ့သို့ မိမိမျှဝေပေးသော သူတို့တွေပြောသော နိုင်ငံရေးအကြောင်း တစေ့တစောင်းကို ဖတ်ရှုရင်း များပြားစွာ ကျန်ရှိနေသေးသော ပအိုဝ်းနိုင်ငံရေးသမိုင်းကြောင်းများကို ဆက်လက်ရှာဖွေနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

 ခွန်ထင်းလေအောင်း


   


   

   
   

   
   
   
   
   
   


Powered by Blogger.