တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက်
စာရေးသူသည် ကျေးလက်ရွာငယ်လေးတစ်ရွာတွင် မွေးဖွားပြီး ၎င်းရွာ၌ပင် ၄ တန်းအထိ အစိုးရပညာရေး ကို သင်ယူလေ့လာခဲ့ပါသည်။ ၄ တန်းအောင်ပြီး ကျောင်းဆက်တက်ရန် အခက်တွေ့ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ဇာတိရွာတွင် မူလတန်းကျောင်းသာရှိခြင်းကြောင့်ဖြစ်သည်။ အလယ်တန်း ပညာဖြစ်သည့် ၅ တန်းကို တစ်မိုင်ကျော်ဝေးသော မိနစ်၄၀သာသာလမ်းလျှောက်ရသည့် တခြားရွာ၌ နေ့စဉ် နေ့တိုင်းကျောင်းဖွင့်ရက်တွင် သွားရောက်ပညာသင်ယူခဲ့ရပါသည်။ တွဲဖက်အထက်တန်းကျောင်းရှိသည့် တခြားရွာ၌ပင် ၁၀ တန်းကို (၂) နှစ်တက်ပြီး အောင်မြင်သည်အထိ ပညာသင်ယူခဲ့ပါသည်။
၁၀တန်း(ဒုတိယ)အကြိမ်ဖြေဆိုပြီးသည့်အခါ မြို့တက်ပြီးအလုပ်လုပ်ရန် ဆုံးဖြတ်ကာ မြို့ပေါ်တွင် အလုပ်စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၀ တန်းအောင်စာရင်းထွက်သည့်အချိန်တွင် စာရေးသူလည်း နာမည်စာရင်းပါလာခဲ့သည်။ ၁၀ တန်းအောင်မြင်ခဲ့သော်လည်း တက္ကသိုလ်ပညာရပ် ဆက်လက်လေ့လာသင်ယူရန် အခက်အခဲထပ်မံကြုံတွေ့ရပါသည်။ မေဂျာရွေးချယ်လျှောက်ထားခြင်းကိစ္စကို လုံးလုံးနားမလည်ခဲ့ပါ။ စီးပွားရေး တစ်မျိုးသာလျှောက်ထားခဲ့သည်။ မေဂျာကျလာသည့်အချိန်တွင် တောင်ကြီးတက္ကသိုလ်မဟုတ်ပဲ မိထ္တီလာစီးပွားရေးတက္ကသိုလ်၌ ကျောင်းတက်ရမည့်ဒုက္ခနှင့် တွေ့ကြုံခဲ့ရပြန်သည်။ တောင်ကြီးတက္ကသိုလ်၌ပင် တက်ရန် အခက်အခဲများစွာ ရှိနေသောကြောင့် မိထ္တီလာတွင် တက်ရောက်နိုင်ခြင်းမရှိဘဲ တောင်ကြီး၌ပင် အဝေးသင်ဖြင့်သာ စီးပွားရေးဘွဲ့ရရှိခဲ့သည်။ လက်ရှိတွင် မြို့လေးတစ်မြို့၌ အလုပ်လုပ်နေပါသည်။
၁၀ တန်းအောင်စာရင်းထွက်ပြီးသည့်အခါ မန္တလေး၊ အမရပူရမြို့၌ နေထိုင်သည့် စာရေးသူ၏ (၈၊၉၊၁၀) တန်းတွင် စာသင်ပေးခဲ့သည့် ဆရာမတစ်ဦးသည် စာရေးသူကို ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် တက်ရောက်နိုင်ရန် အစွမ်းကုန်ကြိုးစားကူညီပေးခဲ့ပါသည်။ သို့သော် စာရေးသူ ကံဆိုးစွာဖြင့် တက်ရောက်ခွင့်မရခဲ့ပေ။
၂၀၁၅-ခုနှစ် ၁၀ တန်းအောင်စာရင်းထွက်သည့်အချိန်တွင် စာရေးသူဇာတိရွာမှညီလေးတစ်ယောက် သည် ၁၀ တန်းအောင်မြင်ပြီး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် တက်လိုသောကြောင့် အားကိုးတကြီးနှင့်စာရေးသူထံရောက်ရှိလာခဲ့သည်။ စာရေးသူလည်း သတင်းအချက် အလက်များရရှိအောင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ တာဝန်ရှိပုဂ္ဂိုလ်နှင့်သော်လည်းကောင်း၊ စာရေးသူကိုပညာသင်ကြားပေးခဲ့သည့် တောင်ကြီးမြို့ရှိ ဆရာမတစ်ဦးနှင့် မန္တလေး၊ အမရပူရမြို့ရှိ ဆရာမတစ်ဦးထံသို့သော်လည်းကောင်း ဆက်သွယ်မေးမြန်းအကူအညီတောင်းခဲ့ပါသည်။ သတင်းအချက်အလက်အနည်းငယ်ရရှိပြီး အထူးဒေသ(၆)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံးတွင် သွားရောက်မေးမြန်းစုံစမ်းကာ အကူအညီ ထပ်တောင်းခံခဲ့ပါသည်။ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်အတွက် မိမိတို့အနေဖြင့် လမ်းညွန်ချက် မတွေ့ရှိသေးကြောင်း၊ ပြည်နယ်ပညာရေးမှူးရုံးတွင် သွားရောက်စုံစမ်းရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံး၊ လူမှုရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက လမ်းညွှန်ပေးခဲ့ပါသည်။ ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးသို့ သွားရောက်စုံစမ်းရာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် အတွက် လမ်းညွှန်ချက်မရှိသေးကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် အတွက်သာ လျှောက်လွှာရရှိခဲ့သည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံးသို့ ထောက်ခံစာယူရန် လူမှုရေးဌာနသို့ရောက်ရှိသည့်အခါ တာဝန်ရှိ ပုဂ္ဂိုလ်နှင့်တွေ့ဆုံခွင့်ရရှိပြီး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားလိုသည့်အကြောင်း ပြောပြခဲ့သည်။ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက မိမိတို့အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် "ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ပညာရေးကောလိပ် တို့တွင် သော်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖွင့်လှစ်သည့် သင်တန်းတွင်သော်လည်းကောင်း၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး သူနာပြုသင်တန်း၊ သားဖွားနှင့်အကူသားဖွား သင်တန်းတွင်သော်လည်းကောင်း တက်ရောက်နိုင်အောင်လည်း များစွာကူညီပေးခဲ့ပါသည်" ဟု စာရေးသူအား ပြန်လည်ရှင်းပြခဲ့သည်။ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ရုံးမှ ထောက်ခံချက်တစ်စောင်ရရှိပြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် လျှောက်ရန်အတွက် အတိုင်းမသိဝမ်းသာခဲ့ပါသည်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်အထိ လျှောက်လွှာတင်သွင်းကာ ၀င်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်ခဲ့ပြီး လူတွေ့မေးမြန်းခဲ့သော်လည်း ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် သို့ တက်ရောက်ခွင့်မရရှိခဲ့ပေ။
ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ဥပဒေဌာနမှ ၀န်ထမ်းတစ်ဦးက စာရေးသူအား ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် အတွက် လျှောက်လွှာခေါ်ယူနေသည့်အကြောင်းကို ဖုန်းဆက်အကြောင်းကြားလာခဲ့သည်။ စာရေးသူကြားသိသည့်အခါ လျှောက်လွှာရရှိရန် ပြည်နယ်ပညာရေးမှူးရုံးသို့ သွားရောက်စုံစမ်းခဲ့ပြန်သည်။ လျှောက်လွှာတင်သွင်းရန် လိုအပ်သည့် အချက်အလက်များပြည့်စုံစွာဖြည့်ပြီး ထောက်ခံစာများအပြည့်အစုံဖြင့် တင်သွင်းခဲ့သော်လည်း ၀င်ခွင့်စာမေးပွဲပင် ဖြေဆိုခွင့်မရရှိခဲ့ပေ။ စာရေးသူဇာတိရွာမှညီလေးတစ်ယောက်ကို စာရေးသူက အစအဆုံး အစွမ်းကုန် ကြိုးစားကူညီခဲ့သော်လည်း ကံဆိုးစွာဖြင့် တက်ရောက်ခွင့်နှင့် ကင်းဝေးခဲ့ရပါသည်။
တက်ရောက်ခွင့်မရသည့် အကြောင်းရင်းနှင့်အားနည်းချက်များကို စာရေးသူပြန်လည်စဉ်းစားပြီး လေ့လာသည့်အခါ သက်ဆိုင်ရာတက္ကသိုလ်များ၊ သက်ဆိုင်ရာသင်တန်းများသို့ တက်ရောက်နိုင်အောင် အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် ကူညီခဲ့သော်လည်း တက်ရောက်ခဲ့သည် ပအိုဝ်းလူငယ်မောင်မယ်များသည် များသောအားဖြင့် သက်ဆိုင်ရာတက္ကသိုလ်များ၊ သက်ဆိုင်ရာသင်တန်းများတွင် ဆုံးခန်း တိုင်အောင်တက်ရောက်မှုမရှိခြင်းနှင့် ဆုံးခန်းတိုင်အောင်တက်ရောက်သော်လည်း တာဝန်ကျသည့်အရပ်ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်မှုမရှိခြင်းတို့ကြောင့် အထူးဒေသ(၆) ကိုယ်စားပြုတက်ရောက်နိုင်ရန် ခက်ခဲစေပါသည်။ တာဝန်ကျရာဒေသသို့ တာဝန်ထမ်းဆောင်သည့်ပုဂ္ဂိုလ်များသည် ယခုအချိန်တွင် အစိုးရ ဌာနအသီးသီး၌ အရာရှိဖြစ်သွားသည့်ပုဂ္ဂိုလ်များလည်းတွေ့ရှိရသည့်အတွက် များစွာဝမ်းသာဂုဏ်ယူမိပါသည်။ နောက်ပိုင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ ကြိုးစားအားထုတ်မှုကြောင့် အထက်ပါတက္ကသိုလ်များနှင့်သင်တန်းများတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားပြုတက်ရောက်ခွင့်ရရှိခဲ့သည် ဟု လေ့လာသိရှိခဲ့ရပါသည်။
ခွန်အောင်သက်ဦး၊ ဦးစီးမှူး (မြို့ပြ)၊ ဟိုပုံးမြို့၊ လယ်ယာစိုက်ပျိုးရေးနှင့် လယ်မြောင်းဦးစီးဌာန |
၂၀၁၅-ခုနှစ်တွင်လည်း နေ့စားလပေး ၀န်ထမ်းခန့်အပ်ခြင်းတွင်သော်လည်းကောင်း၊ ပညာရေးကောလိပ် (၄)လသင်တန်းတွင်သော်လည်းကောင်း ပအိုဝ်းလူငယ်မောင်မယ်ဒေသခံများ များစွာဝင်ရောက်နိုင်ရန် အစိုးရဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပအိုဝ်းလူငယ်ကွန်ယက်မှ တာဝန်ရှိပုဂ္ဂိုလ်များက အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များပျံ့နှံ့ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သည့်အတွက် ပအိုဝ်းလူငယ်မောင်မယ်ဒေသခံများ များစွာဝင်ရောက်ဖြေဆိုခဲ့သည်ကို ကြားသိတွေ့ရှိရသည့်အတွက် ၀မ်းသာမိပါသည်။
စာရေးသူဝမ်းသာဂုဏ်ယူနေခိုက်ပင် ၂၀၁၆-ခုနှစ်၊ ဇန်န၀ါရီလ(၆)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ အထူးသင်တန်း (၂)နှစ် ဖွင့်လှစ်နေသည်ကို ထပ်မံကြားသိတွေ့မြင်ရသည့်အတွက် ထပ်မံ၍အတိုင်းမသိဝမ်းသာဂုဏ်ယူနေမိပါသည်။
စာရေးသူဝမ်းသာဂုဏ်ယူရင်း စိုးရိမ်စိတ်တစ်ခုဝင်လာမိပါသည်။ တစ်ချိန်က သက်ဆိုင်ရာတက္ကသိုလ်များ၊ သက်ဆိုင်ရာသင်တန်းများတွင် တက်ရောက်ပညာသင်ကြားနိုင်အောင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ တာဝန်ရှိခေါင်းဆောင်များ ကြိုးစားကူညီဆောင်ရွက်ပေးခဲ့သော်လည်း တာဝန်ကျသည့်ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ခြင်းမရှိသည့် ပအိုဝ်းလူငယ်မောင်မယ်များအား စာရေးသူလူငယ်အနေဖြင့် များစွာနှမြောသကဲ့သို့ ရင်ထဲတွင်လည်း နာကျင်မှုများစွာဖြစ်ပေါ်နေပါသည်။ ထို့သို့ လုပ်ဆောင်ခြင်းသည် တာဝန်ရှိခေါင်းဆောင်များနှင့် ပအိုဝ်းလူမျိုးကို မျက်နှာထောက်ထားမှုမရှိသည်သာမက အနာဂတ်ပအိုဝ်းလူငယ်များ၏ အခွင့်အရေး တက်လမ်းများကို ပိတ်ပင်ရာရောက်ပါသည်။ ထို့ကြောင့် လက်ရှိသက်ဆိုင်ရာတက္ကသိုလ်များ၊ သက်ဆိုင်ရာသင်တန်းများတွင် တက်ရောက်ပညာသင်ယူနေကြသည့် ပအိုဝ်းလူငယ်မောင်မယ်များသည် ရရှိထားသည့်အခွင့်အရေးများကို မိမိတို့ဒေသ၊ လူမျိုးနှင့် အနာဂတ်ပအိုဝ်းလူငယ်များအတွက် အဆိပ်အတောက်မဖြစ်စေဘဲ ဦးဆောင်လမ်းပြပေးသည့် ခေါင်းဆောင်ကောင်းများဖြစ်ရန် စာရေးသူ လေးနက်စွာ တိုက်တွန်းပါသည်။
ပအိုဝ်းလူမျိုးသည် သမိုင်းအစဉ်အလာကြီးမားစွာရှိသည့် လူမျိုးဖြစ်သကဲ့သို့ သမိုင်းနာကြည်းချက်မြောက်များစွာဖြင့် ရှင်သန်နေသည့်လူမျိုးလည်းဖြစ်ပါသည်။ သမိုင်းကိုပြန်လည်လေ့လာကြည့်ပါက ပဒေသရာဇ်ခေတ်တွင် ပညာသင်ကြားခွင့်မရရှိခဲ့ခြင်း၊ ပညာတတ်မြောက်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်လေရှိပါသော်လည်း နေရာမပေးခြင်း တို့ကို တွေ့ရှိရမည်အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် "ဘွဲ့ရသော်လည်း ပေါက်ပြားကိုင် ခြံပေါက် ဘွဲ့မရသော်လည်း ပေါက်ပြားကိုင် ခြံပေါက်" နှင့် "စာတတ်ရင်လည်း ထမင်းစားရတယ် စာမတတ်ရင်လည်း ထမင်းစားရတယ်" ဆိုသည့် စကားပုံများသည် ပအိုဝ်းလူမျိုးများကို ဖိနှိပ်ထားသည့် စကားပုံများသာဖြစ်သောကြောင့် ထိုကဲ့သို့ ပဒေသရာဇ်အမွေဆိုးများကို တိုက်ထုတ်ဖယ်ရှားရန်နှင့် ခေတ်သစ်အတွေးအခေါ်များဖြင့် ပြောင်းလဲရန်အထူး လိုအပ်လှပါသည်။
နိဂုံးချုပ်အနေဖြင့် ခေါင်းဆောင်ကောင်းများ၊ တာဝန်ရှိလူကြီးများသည် ပညာရပ်များကို လုံလောက်စွာ သင်ယူခွင့်မရရှိခဲ့သော်လည်း မျိုးချစ်စိတ်ဓါတ်ကိုအရင်းခံပြီး အတွေ့အကြုံများဖြင့် အနာဂတ်လူငယ်များ အတွက် ဆူးခင်းလမ်းများကို ထိုးဖောက်ပေးခဲ့ပြီးဖြစ်ပါသည်။ လူငယ်များအနေဖြင့် ဆက်လက်ပြုပြင်မွမ်းမံ ရန်နှင့် အဆင့်မြှင့်တင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် လက်ရှိလူငယ်များ၏ ပခုံးပေါ်တွင် တာဝန် ကျရောက်လာပြီဖြစ်ပါသည်။ လူငယ်များသည် အနာဂတ်၏ဖန်တီးရှင်များဖြစ်သည်နှင့်အညီ မိမိတို့လူမျိုး၊ ဒေသ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာတာဝန်များကို အကောင်းဆုံးဖြစ်အောင် အစွမ်းကုန်ကြိုးစားအားထုတ်ပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင်များ၊ တာဝန်ရှိလူကြီးများ၏ ကျေးဇူးတရားများကို အခွင့်ကောင်းချိန်တွင် ပြန်လည်ပေးဆပ်ရန် အချိန်တန်ပြီ ဖြစ်ပါတော့သည်…။…။…။
ခွန်သွောင်းထို (ခွန်ဖြားဗွာခမ်း)
Like On Facebook
Follow On Twitter
Subscribe On RSS