Wednesday, January 27, 2016

အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ဟိုပုံးမြို့၏ ကျောင်းဆောင်သစ်နှစ်ဆောင် အပ်နှံခြင်းနှင့် ပညာရေးစုံညီပွဲတော်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၂၇) ရက်



ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဟိုပုံးမြို့ ကျောင်းအဆင့်တိုးမြှင့်ခြင်းအထိမ်အမှတ်နှင့် ကျောင်းဆောင်သစ်နှစ်ဆောင် အပ်နှံခြင်း၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၂၃) ရက်နေ့က အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။




အခမ်းအနားတွင် ပညာပါရမီဆောင်နှင့် လုမ္ဗနီဆောင် ကျောင်းဆောင်သစ်နှစ်ဆောင်အား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်ပညာရေးမှူး ညွန်ကြားရေးမှူး ဦးမြင့်အောင်နှင့် ပြည်နယ်ပညာရေးမှူး(ငြိမ်း) ဦးချစ်ဆွေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်၍ အထက(၂) ကျောင်းမှ ကျောင်းသူလေးများက စုံညီပွဲတော်ဒို့နွဲးပျော် တေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ကာ  ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ  ဦးခွန်စံလွင်မှ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် လျှံထူးအောင်ကုမ္ပဏီ မန်နေဂျာ ဦးသီဟမှ အဆောင်အဦးဆိုင်ရာ မှတ်တမ်းများကို ဦးမြင့်အောင်ထံသို့ လွဲပြောင်းပေးအပ်ပြီးနောက်  ကျောင်းအကျိုးတော်ဆောင် ဦးခွန်မြင့်သိန်းက ကျောင်းဆောင်သစ်နှင့် ပက်သက်၍ ဆောင်ရွက်မူများကို ရှင်းလင်းပြောကြားခဲ့ပါသည်။



ဆက်လက်၍ ဧည့်သည်တော်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများကို နေရာအရောက် ပေးအပ်ကာ တာဝန်ရှိသူများက လက်ခံရယူကြပါသည်။ စုံညီပွဲတော်အတွက် ဒေသဦးစီးဥက္ကဋ္ဌနှင့် လျှံထူးအောင်ကုမ္ပဏီမှ အလှူငွေကျပ် (၂) သိန်းစီ ပေးအပ်ခဲ့ပါသည်။ ထို့နောက် အထက်တန်းပြ ထူးချွန်ဆရာမတဦးနှင့်  မြို့နယ်အဆင့် ဘက်စုံထူးချွန်ဆုရ ကျောင်းသားတဦးကို ဒေသဦးစီးဥက္ကဋ္ဌနှင့် ပြည်နယ် ပညာရေးမှူးတို့မှ ဆုများချီးမြှင့်ခဲ့ပြီး၊ ဆဋ္ဌမတန်းကျောင်းသူလေးများက “ဆီမီးခွက်အက” ဖြင့်လည်းကောင်း၊ န၀မတန်းကျောင်းသူ/သား များမှ “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရှိရပါသည်။
 
နန်းဦးခမ်း (ဟိုပုံး)
Powered by Blogger.