တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၂၃) ရက်
တို့ဘာသာ၊ သာသာနာ၊ ဓလေ့ထုံးစံ ၊ ယဉ်ကျေးမှုအစရှိသော လူမျိုးတစ်မျိုး၏ ဂုဏ်အင်္ဂါလက္ခဏာသည် တောရွာကနေပင် အစပြုခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့်ပင် တောရွာကို တန်ဖိုးထား ချစ်မြတ်နိုးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် တောရွာကိုစုစည်းနိုင်မှသာ မြို့နယ်ကို တည်ဆောက်နိုင်ပြီး မြို့နယ်ရှိမှသာ တိုင်းပြည်ဆိုသော ကမ္ဘာရွာကြီးလည်း ပေါ်ထွက်လာမည်ဖြစ်သည်။ ဘယ်အရာမဆို နတ်၊ ဗြဟ္မာ၊ သိကြားမင်းတို့ဖန်ဆင်းပေးသော အရာမဟုတ်ကြောင်းကို မြတ်ဘုရားဟောကြားတော်မူသော အတ္တာဟိ အတ္တနော နာထော ဆိုသည့်တရားအတိုင်း အရာရာသည် ကိုယ့်ကိုကိုသာ အားကိုးရမည်ဖြစ်ကြောင်းနှင့် ရွှေ၊ ငွေ၊ ရတနာ၊ ပစ္စည်းဥစ္စာဟူသော အရင်းအနှီးသည် လူသားအရင်းအဖြစ်လောက်တန်ဖိုးမရှိပေ။
ပအိုဝ်းလူမျိုးဘ၀တစ်ခုလုံးအတွက် အကောင်းအဆိုး၊ ဆင်းရဲချမ်းသာစသော ဘ၀ကုသိုလ်ကံ၏ အရင်းအမြစ်သည် ပအိုဝ်းလူမျိုးတစ်ဦးချင်းစီ၏ ပုခုံးအပေါ်၌သာ မှီတည်နေပါသည်။ ထို့ကြောင့် ပအိုဝ်း လူမျိုးတို့ ဘ၀ကိုစတင်တည်ထောင် စဉ်အခါကပင် ယခုအချိန်ထိ တောရွာကပင်စခဲ့သည်ဖြစ်၍ တောရွာနှင့် ပအိုဝ်း ၊ ပအိုဝ်းနှင့်တောရွာ ခွဲထား၍မရနိုင်ပါ။
ထိုထက်မက ပအိုဝ်းဒေသအတွင်း အခွန်တော်ပဒေသရာဇ်စနစ်ဆိုးဝင်ရောက်လာစဉ်က ထိုစနစ်ဆိုးကြီးကို မခံစားနိုင်တော့ကြောင်း တော်လှန်တိုက်ခိုက်ရေး ကျင့်သုံးလိုက်သော ၁၃၂၄ ခုနှစ်တွင် မျိုးချစ်ခေါင်းဆောင် ဖြားတန်ကောင်ခဲ ဦးဆောင်သော ပဒေသရာဇ်စနစ်တော်လှန်ရေးအဖွဲ့သည်လည်း တောရွာကပင် မျိုးချစ်စိတ်ဓါတ် ပေါ်ထွက်လာခြင်းဖြစ်သည်။ ထို့ကြောင့် အစစအရာရာသည် အရင်းအနှီးကသာ စတင်၍ ပေါ်ထွက်လာသော တန်ဖိုးရှိအရာများဖြစ်၍ ချစ်မြတ်နိုးတန်ဖိုးထားသင့်ပါသည်။`
တို့တောရွာသည် လူမျိုး ၊ဘာသာ၊ သာသာနာအတွက် အကျိုးရှိစေရန် တက်ညီလက်ညီနှင့် ဆက်လက်ထိန်းသိမ်း နိုင်ရန်အတွက်သော်လည်းကောင်း၊ ဖော်ထုတ်သင့်သော သမိုင်းအကြောင်းအရာ များအတွက်သော်လည်းကောင်း အခြေခံ တိကျမှန်ကန်မှုရှိသော ဒေသပင်ဖြစ်ပါသည်။ တောရွာသည် ပအိုဝ်းလူမျိုးအတွက် အသည်းနှလုံးဖြစ်သောကြောင့် တောရွာ ဖွံ့ဖြိုးတိုးတက်အောင် ၊ အရည်အသွေး ပြည့်မှီအောင် လုပ်ဆောင်သင့်ပါသည်။
အဘယ်ကြောင့်ဆိုသော် မြို့တွင်း၌နေထိုင်ကြသော ပအိုဝ်းလူမျိုးများသည် ၎င်းနေထိုင်သော ပတ်ဝန်းကျင်၌ ကျယ်ဝန်းသည်သာမက လူမျိုး၊ဘာသာမတူညီသော လူမျိုးပေါင်းစုံ တိုင်းရင်းသားပေါင်းစုံများ အကြားတွင် နေထိုင် ရသောကြောင့် လူမျိုးအရေး၊ ဓလေ့ထုံးစံစသော လူမှုလုပ်ငန်းများကို တောရွာတွင် ရှိနေသကဲ့သို့ ကျယ်ကျယ်ဝန်းဝန်းနှင့် စိတ်ချမ်းချမ်းသာသာ လွတ်လွတ်လပ်လပ် မဆောင်ရွက် နိုင်သောကြောင့် ရှေ့အနာဂတ် ပအိုဝ်းလူမျိုးအတွက် အရည်အသွေးပြည့်မှီသော ကမ္ဘာရွာကြီးဖြစ်လာစေရန် မိမိပအိုဝ်းတောရွာကို ဆက်လက်ထိန်းသိမ်းရန်အတွက် ရပ်ရွာတွင်နေထိုင်သော လူတစ်ဦးချင်းစီမှ ရပ်ရွာ လူကြီး၊ ရွာသမာဓိကြီးများ အဆင့်ထိ အရည်အသွေးပြည့်မှီမှသာ ရွာ၏ အရည်အသွေးသည်လည်း ခေတ်မီသော ကမ္ဘာရွာကြီးဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ထို့ကြောင့် မိမိတောရွာကို အသက် ထက်သမျှချစ်မြတ်နိုးပြီး ခေတ်မီတိုးတက်အောင် ထိန်းသိမ်းကြပါစို့ဟု အကြံပေးကာ ၎င်းဆောင်းပါးဖတ် ပရိတ်သတ်အပေါင်း ရွှင်လန်းချမ်းမေ့ပါစေလို့ ရေးသားရင်း နိဂုံးချုပ်အပ်ပါသည်။
နန်းစိန်း (အွံအား)
Like On Facebook
Follow On Twitter
Subscribe On RSS