Friday, January 8, 2016

လင်းခေးမြို့နယ်နှင့် မိုင်းပန်မြို့နယ်ရှိ ပအိုဝ်းများအကြောင်း တစ်စေ့တစ်စောင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၈) ရက်


ပအိုဝ်းတိုင်းရင်းသားများသည် အများအားဖြင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အခြေချနေထိုင်ကြသည်ကို စာဖတ်သူတို့အများစု သိရှိကြပြီးသားဖြစ်နေပါလိမ့်မည်။ ယခုတင်ပြလိုသည်ကား ရှမ်းပြည်နယ်ရှိ လင်းခေးမြို့နယ်နှင့်မိုင်းပန်မြို့နယ်တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားများအကြောင်း မိမိလက်လှမ်းမီသလောက် သိရှိထားသည်ကို စာဖတ်သူတို့အား မျှဝေပေးလိုခြင်းပင်ဖြစ်သည်။




လင်းခေးမြို့နယ်ဘက်တွင် ပအိုဝ်းတိုင်းရင်းသားအများစုနေထိုင်ကြသည့်ဒေသမှာ ပန်တဝီးတောင်ပေါ်ဒေသဖြစ်သည်။ လင်းခေးမြို့နယ်ရှိ ပအိုဝ်းတိုင်းရင်းသားများနေထိုင်သော ရွာများမှာ ပန်တဝီး၊ ပုန်းလောင်း၊ စံပူး၊ ထီတဲ၊ ထီရီး၊ ပင်သွန်၊ နောင်လင်၊ ပင်တခ၊ ဟွေးနိန်၊ ကုန်းလင်နှင့် မိုင်းထွန်ရွာ[စုစုပေါင်း(၁၁)ရွာ]တို့ဖြစ်သည်။ မိုင်းပုတ်၊ နောင်ချိုရွာသစ်၊ ပန်တခ၊ မုတ်၊ ဗိုအင်၊ နောင်လို၊ ပင်မီ၊ သံခွင်၊ လုံးခင်၊ ဟွေးဖုန်း၊ လောင်းမအို၊ နောင်လင်၊ နောင်သြ၊ လုပ်လို၊ လောင်းဘုရား၊ ဗိုပချား၊ မိုင်းလန်နှင့် ပင်ခမ်းရွာ[စုစုပေါင်း(၁၈)ရွာ]တို့သည်ကား မိုင်းပန်မြို့နယ်ရှိ ပအိုဝ်းတိုင်းရင်းသားနေထိုင်သော ရွာများဖြစ်သည်။ မိုင်းပန်မြို့နယ်တွင် ပအိုဝ်းတိုင်းရင်းသားအများစုနေထိုင်ကြသည့်ဒေသမှာ ပင်ပီးဒေသဖြစ်ပြီး ပင်ပီးဒေသမှ သံလွင်မြစ်အရှေ့ဘက်ခြမ်း-ထိုင်းနိုင်ငံနယ်စပ်အထိ ပအိုဝ်းတိုင်းရင်းသားများ အနှံ့အပြားနေထိုင်ကြသည်။ ထို့အပြင် ပအိုဝ်းတိုင်းရင်းသားများသည် မိုင်းပန်မြို့နယ်နှင့်ထိစပ်သည့်ထိုင်းနိုင်ငံအတွင်းတွင်လည်း နေထိုင်ကြသေးသည်ဟု သိရှိရသည်။ မိမိလက်လှမ်းမီသိရှိထားသော ထိုင်းနိုင်ငံအတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများနေထိုင်သည့်ရွာများမှာ ပလောဝ်နှင့် ဟိုလန်ရွာတို့ဖြစ်သည်။
လင်းခေးမြို့နယ်၊ ထီတဲရွာတွင် နေထိုင်သူ ဦးသြပိန္နနှင့်ရွာသူရွာသားများ၏ ပြောပြချက်အရ လင်းခေးမြို့နယ်ရှိ ပအိုဝ်းတိုင်းရင်းသားများနေထိုင်သည့်ရွာ(၁၈)ရွာခန့်သည် အကြောင်းအမျိုးမျိုးကြောင့် နေထိုင်သူမရှိတော့ဘဲ ပျက်စီးပျောက်ကွယ်သွားသည်လည်းရှိခဲ့ကြောင်းဟု သိရသည်။ ပျက်စီးပျောက်ကွယ်သွားခဲ့သည့်ရွာများမှာ ကောင်လုံးထွန်၊ ပင်ဟံဖွန်၊ ကောင်မိုင်းစရွမ်၊ ပုတ်ပေ၊ မိုင်းကင်၊ လွယ်ခူ၊ ခြုံးထောက်၊ ခြုံးပုတ်၊ ကုန်းတုံ၊ ဆင်ပင်၊ ခိုင်းကော့၊ ကောင်ကလား၊ ပုတ်နျား၊ မိုင်းစင်တို့ဖြစ်သည်။ ရွာပျက်စီးပျောက်ကွယ်ရသည့်အကြောင်းအမျိုးမျိုးရှိသည့်အနက် မိမိသိရှိရသော ရွာပျက်ရခြင်းအကြောင်းရင်းများမှာ ထိုင်းနိုင်ငံသို့ အိမ်လုံးကျွတ်သွားရောက်အလုပ်လုပ်ကိုင်ခြင်း၊ စစ်ဘေးစစ်ဒဏ် မကြာခဏခံခဲ့ရခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ တပ်သားသစ်များ စုဆောင်းမှုခံခဲ့ရခြင်း၊ လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းနှင့် ရေကြည်ရာမြက်နုရာ မြေဆီလွှာပိုမိုကောင်းမွန်သည့်ဒေသသို့ ပြောင်းရွေ့အခြေချလုပ်ကိုင်ကြခြင်းစသည်တို့ဖြစ်သည်။
လင်းခေးမြို့နယ်ရှိ ပအိုဝ်းတိုင်းရင်းသားများလုပ်ကိုင်စိုက်ပျိုးကြသည့်သီးနှံများမှာ နှမ်းလုံး၊ နှမ်း၊ တောင်ယာစပါး၊ ပဲစင်းငုံ၊ ပြောင်းဖူးစသည်တို့ဖြစ်သည်။ ၎င်းကုန်စည်များစီးဆင်းမှုမြန်ဆန်စေရန်အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်မှာမူ လိုအပ်နေသေးပါသည်။ ကတ္တရာကားလမ်းသည် လင်းခေးမြို့မှ မအွန်လောင်းရွာသို့သာ ရောက်ရှိပြီး ပအိုဝ်းတိုင်းရင်းသားများနေထိုင်သော ပန်တဝီးကျေးရွာထိ ကတ္တရာကားလမ်းမပေါက်ရောက်သေးပါ။ မအွန်လောင်းရွာရောက်ပါက ခဲတစ်ပစ်စာကျယ်သော တိန်းချောင်းကို စက်လှေဖြင့် ကူးရသည်။ တိန်းချောင်းမှ ပန်တဝီးကျေးရွာသို့ ပေါက်ရောက်သည်မှာ မြေသားကားလမ်းမျှသာ ဖြစ်သည်။ မြေသားကားလမ်း ပေါက်ရောက်သည်မှာလည်း ပန်တဝီးကျေးရွာအထိသာဖြစ်ပြီး ပအိုဝ်းတိုင်းရင်းသားနေထိုင်ရာ အခြားကျေးရွာများသို့ ကားလမ်းပေါက်ရောက်ခြင်းမရှိသေးဘဲ ဆိုင်ကယ်သွားနိုင်သည့်လမ်းများသာ ရှိသေးသည်။
လင်းခေးမြို့နယ်နှင့် မိုင်းပန်မြို့နယ်ရှိ ပအိုဝ်းများကို ပအိုဝ်းနီဟူ၍ လူသိများရခြင်းအကြောင်းရင်းကိုလည်း တင်ပြလိုပါသေးသည်။ ပအိုဝ်းနီဟူ၍ လူသိများရခြင်းအကြောင်းရင်းမှာမူ လင်းခေးမြို့နယ်နှင့် မိုင်းပန်မြို့နယ်ရှိ ပအိုဝ်းအမျိုးသမီးအများစုသည် ထဘီအနီရောင်ဝတ်စားဆင်ယင်ကြသောကြောင့်ဖြစ်သည်။ ထဘီအနီရောင်ဟုဆိုရာ၌ အနီရောင်(ဗြောင်)ထဘီကိုဆိုလိုခြင်း မဟုတ်ပါ။ အနီရောင်အောက်ခံပေါ် လိမ္မော်နုရောင်၊ အပြာနုရောင်၊ ပန်းနုရောင်စသည့်ဒေါင်လိုက်အရောင်နု(မျိုးစုံ)အစင်းပါသည့် အနီရောင်ထဘီကို ဆိုလိုခြင်းသာဖြစ်သည်။ လင်းခေးမြို့နယ်နှင့် မိုင်းပန်မြို့နယ်ရှိ ပအိုဝ်းအမျိုးသမီးအများစုသည် အဆိုပါဒေါင်လိုက်ရောင်စုံအစင်းပါသည့် အနီရောင်ထဘီနှင့် အပြာ(သို့)အစိမ်း(သို့)ခရမ်းရောင်အပေါ်အင်္ကျီကို ဝတ်စားဆင်ယင်ပြီး ခေါင်းပေါင်းကိုပါ ဆင်ယင်ပေါင်းလေ့ရှိကြသည်။ သို့သော် ယခုခေတ်အမျိုးသမီးငယ်များသည် ထဘီအနီရောင်အပြင် အနက်ရောင်ထဘီကိုပါ ဝတ်ဆင်လာကြပြီဖြစ်သည်။ ထဘီအရောင်မတူသောငြားလည်း တူညီသော သံကွင်းခါးပတ်ကြိုးပတ်ထားသည်မှာ အထင်းသားပင် တွေ့မြင်ရပါသည်။ အမျိုးသားများမှာမူ အခြားဒေသရှိ ပအိုဝ်းအမျိုးသားများဝတ်စားဆင်ယင်သည့်အတိုင်းပင် ဝတ်စားဆင်ယင်ကြသည်။ ယခုအချိန်အခါတွင် လင်းခေးမြို့နယ်နှင့် မိုင်းပန်မြို့နယ်ရှိ ပအိုဝ်းအမျိုးသမီးများသည် အနီရောင်ထဘီကို အဓိကဝတ်ဆင်နေကြသော်လည်း ပအိုဝ်းအမျိုးသမီးထုတစ်ခုလုံး၏ အသည်းစွဲဝတ်စုံဖြစ်သည့် ပအိုဝ်းအမျိုးသမီးအနက်ရောင်ဝတ်စုံကို စတင်ခေတ်စားဝတ်ဆင်လာကြသည်ကို တွေ့မြင်ရပါသည်။
လင်းခေးမြို့နယ်နှင့် မိုင်းပန်မြို့နယ်ရှိ ပအိုဝ်းအမျိုးသမီးများဝတ်စားဆင်ယင်မှုသည် အခြားဒေသရှိ ပအိုဝ်းအမျိုးသမီးများနှင့် အနည်းငယ်ကွဲပြားသော်လည်း ဘာသာစကားမှာ ကွဲပြားခြားနားခြင်းမရှိပါ။ အခြားဒေသရှိပအိုဝ်းများနှင့် သံနေသံထားအနည်းငယ်ကွာဟမှုနှင့် ဒေသိယစကားများ အနည်းငယ်မတူညီသည်များသာ ရှိသည်။ အခြားဒေသရှိ ပအိုဝ်းများနည်းတူ လင်းခေးမြို့နယ်နှင့် မိုင်းပန်မြို့နယ်ရှိ ပအိုဝ်းများသည် ဘာသာတရားကိုင်းရှိုင်းမှု၊ သံဃာတော်များ၏သြဝါဒခံယူတတ်မှု၊ အလှူအတန်းရက်ရောမှု၊ ယဉ်ကျေးမှုအစဉ်အလာကောင်းထိန်းသိမ်းမှု၊ ဧည့်ဝတ်ကျေပွန်မှု၊ ဖော်ရွေမှု၊ အလုပ်ကြိုးစားမှုစသည့်ဂုဏ်တို့နှင့် ပြည့်စုံစွာဖြင့် နေထိုက်ကြလျက်ရှိကြောင်း မိမိလက်လှမ်းမီသိရှိသမျှ စာဖတ်သူများအား တင်ပြလိုက်ပါသည်။
 
ခွန်လှစိုး
Powered by Blogger.