Saturday, January 16, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လူမှုရေးဌာန၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)နှင့် လူမှုရေးဆိုင်ရာ သုတေသနလုပ်ဆောင်မှုအဖွဲ့(Social Policy and Poverty Research Group –SPPRG) တို့ပူးပေါင်းဖွင့်လှစ် သော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက်ကလေးငယ်များကို “အစာအာဟာရ(Nutrition)” သင်တန်း (သို့) “ရက် ၁၀၀၀ စီမံကိန်း” သင်တန်း ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် ၃ ရက်တာသင်တန်းဖွင့်လှစ်ခဲ့ခြင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်




ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လူမှုရေးဌာန၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)နှင့် လူမှုရေးဆိုင်ရာ သုတေသနလုပ်ဆောင်မှုအဖွဲ့(Social Policy and Poverty Research Group –SPPRG)  တို့ ပူးပေါင်းဖွင့်လှစ်သော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက်ကလေးငယ်များကို  “အစာအာဟာရ (Nutrition)”  သင်တန်း (သို့) “ရက် ၁၀၀၀ စီမံကိန်း” သင်တန်း ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောက်ဖူးကုန်းကျေးရွာအုပ်စုတွင် တစ်နေရာ၊ ဖွားစောကျေးရွာအုပ်စုတွင် တစ်နေရာနှင့် တမဆေးကန်ကျေးရွာအုပ်စု တွင်တစ်နေရာ စုစုပေါင်း (၃) နေရာကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ သုံးရက်ဆက်တိုက် တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ပါ သည်။
အဆိုပါသင်တန်း၏ ရည်ရွယ်ချက်မှာ အာဟာရ၏အခြေခံ၊ အစာအုပ်စု (၃) စု၊ အာဟာရဆိုင်ရာ ပညာပေးပုံနှင့် မျိုးရိုးလိုက် သံသရာအကြောင်းကို သိရှိစေရန်၊ မျှတသည့် ထမင်းတစ်နပ်တွင် ပါဝင်သော အစားအစာပမာဏကို သိရှိစေရန်နှင့် ထမင်းဟင်းများကို ဘေးကင်းစွာ ပြင်ဆင်ချက်ပြုတ်တတ်စေရန် စသည်တို့ ဖြစ်ပါသည်။ ၎င်းသင်တန်းတွင် တမဆေးကန်ကျေးရွာအုပ်စုအတွက် မန်ကျည်းကန် ဘုန်းတော်ကြီးကျောင်းတွင် မန်ကျည်းကန်ရွာနှင့် ငါးမြှောင်တောင်ရွာတို့က ပူးပေါင်းဖွင့်လှစ်ပြီး သင်တန်းဆရာများအဖြစ် ဆရာဒေါက်တာစောဧဒင် (Save The Children) နှင့် SPPRG အဖွဲ့မှအဖွဲ့ဝင်တို့ကလည်းကောင်း၊ ဖွားစောကျေးရွာအုပ်စု အတွက် ဆွဲလဲအိုဘုန်းတော်ကြီးကျောင်းတွင် ဆွဲလဲအိုရွာ၊ လက်ယက်မရွာနှင့် ဖွားစောရွာတို့က ပူးပေါင်းဖွင့်လှစ်ပြီး သင်တန်းဆရာများအဖြစ် ဆရာစိုင်းဝေဇော်နောင် (Save The Children) နှင့် SPPRG အဖွဲ့မှအဖွဲ့ဝင်တို့ကလည်းကောင်း၊ ကျောက်ဖူးကုန်းကျေးရွာအုပ်စုအတွက် ကျောက်ဖူးကုန်းဘုန်းတော်ကြီး ကျောင်းတွင် ကျောက်ဖူးကုန်းရွာ၊ ကသစ်ကုန်းရွာနှင့် ဘိုးမြတ်သာရွာတို့က ပူးပေါင်းဖွင့်လှစ်ပြီး သင်တန်းဆရာများအဖြစ် ဆရာမသူဇာဝင်း (Save The Children) နှင့် SPPRG အဖွဲ့မှအဖွဲ့ဝင်တို့က လည်းကောင်း ပါဝင်သင်ကြားပို့ချပေးခဲ့ပါသည်။ သင်ခန်းစာခေါင်းစဉ်များအဖြစ် အာဟာရ၏ အခြေခံ၊ အစားအစာချက်ပြုတ်စားသောက်ရာတွင် မဖြစ်မေနေပါဝင်သင့်သော အစာအုပ်စု(၃)စု၊ မျှတသောထမင်း တစ်နပ်တွင် ပါဝင်သောထမင်း၊ အသားဟင်း၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ ပမာဏ အချိုးအစား၊ မျိုးရိုးလိုက်အာဟာရချို့တဲ့မှု သံသရာနှင့် ထမင်းဟင်းများကို ဘေးကင်းစွာ ချက်ပြုတ်စားသောက် နည်း စသည်တို့အပြင် သစ်သီးဝလံများတွင်ပါဝင်သော ဗီတာမင်ဓါတ်များအကြောင်း၊ မွေးကင်းစ ကလေးများကို မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်း၏ အဓိပ္ပါယ်နှင့် ၎င်းတစ်မျိုးတည်းသာ တိုက်ကျွေးခြင်းကြောင့် ကလေးကိုသာမက မိခင်နှင့် မိသားစုများမှရရှိလာသော အကျိုးကျေးဇူးများကို အကျယ်တ၀င့် ပို့ချဆွေးနွေးခြင်း စသည့်အခန်းကဏ္ဍ တို့ပါဝင်သည်။ ဆက်လက်ပြီး သင်တန်းဆရာက မိမိတို့နိုင်ငံသည် သစ်သီးဝလံများ ပေါများကြသော်လည်း မွှေးကင်းစအရွယ် မှ အသက် ၂ နှစ်အထိကလေးများကို အသက်အရွယ်အလိုက် မည်သည့်အရာကို မည်ကဲ့သို့ကျွေးရမည်ဆိုသော ကျွေးပုံကျွေးနည်း မသိရှိခြင်း၊ ဖြည့်စွက်စာ၏ အပျော့အမာ၊ တစ်ရက်တာကျွေးရမည့်ပမာဏနှင့် ကျွေးရမည့်အကြိမ်ရေကို မသိရှိခြင်း၊ အစာအာဟာရ၏ သန့်ရှင်းမှုမရှိခြင်းနှင့် ကလေးငယ်များကို အလိုက်သင့်ကျွေးမွေးမှု မရှိခြင်းကြောင့်  သစ်သီးဝလံပေါများသော်လည်း အစာအာဟာရချို့တဲ့နေကြကာ လေးငယ်များ၏ ဖွံ့ဖြိုးမှုလျော့ကျခြင်း၊ ဉာဏ်ရည်မမှီခြင်းများ ဖြစ်ပွားလေ့ရှိကြပြီး လူ့စွမ်းအားအရင်းအမြစ်ကိုလည်း ထိခိုက်နေကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် အခြားအခြားသော အရေးအရာများကိုထိခိုက်နေ ကြောင်းပြောကြားသွားခဲ့ပါသည်။ ဆက်လက်ပြီး အခြားနိုင်ငံများ၏ အစာအာဟာရချို့တဲ့မှုမှာ (၁၀%)ကျော်သာရှိပြီး၊ မိမိတို့နိုင်ငံ၏ အစာအာဟာရချို့တဲ့မှုမှာ (၃၅.၁%)ရှိကာ ရာခိုင်နှုန်း အလွန်ကွာခြားနေပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျရခြင်း၏ ပြဿနာအကြောင်းရင်းမှာ အစာအာဟာရချို့တဲ့ခြင်းကြောင့်လည်း တစ်ခုအပါအ၀င်ဖြစ်၍ ယခုသင်တန်းသည် မိမိတို့အတွက် သာမက မိမိတို့နိုင်ငံအတွက်လည်း အလွန်အရေးပါကြောင်းထပ်မံပြောကြားခဲ့ပါသည်။ အဆိုပါ (၃)ရက်တာသင်တန်းဖြစ်မြှောက် အောင်မြင်ရေးအတွက် ကျေးရွာလူကြီးများ “မြတ်သစ္စာလူမှုကူညီရေးအသင်း” နှင့် ကျေးရွာအတွင်း ဆန်များကိုလိုက်လံထောက်ပံ့ပေးနေသော “ဆန်ဘဏ်အသင်း” တို့က တတ်အားသမျှ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသင်တန်းကို SPPRG အဖွဲ့၏ စီမံကိန်း(Project) နယ်မြေတွင် ပါဝင်သော စစ်ကိုင်းတိုင်း ဒေသကြီး၊ မြောင်မြို့နယ်တွင် ဖွင့်လှစ်ခဲ့ပြီး ကျေးရွာအုပ်စုပေါင်း(၃)စုမှ ကျေးရွာပေါင်း(၈)ရွာအတွက် သင်တန်းနေရာစုစုပေါင်း(၃)နေရာကို (၃)ရက်ဆက်တိုက် တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ပါသည်။ ထိုသင်တန်းတွင် မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လူမှုရေးဌာန၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN) မှ ၀န်ထမ်း(၁)ဦး နှင့် လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနမှ ၀န်ထမ်း(၂)ဦးအပါအ၀င် စုစုပေါင်းသင်တန်းသား(၈၀)ဦး တက်ရောက်ခဲ့ပါ သည်။
ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လူမှုရေးဌာန၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)သည် လူမှုရေးဆိုင်ရာသုတေသနလုပ်ဆောင်မှုအဖွဲ့(Social Policy and Poverty Research Group – SPPRG)  နှင့် ပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက်ကလေးငယ်များကို  “အစာအာဟာရ (Nutrition)” သင်တန်း (သို့) “ရက် ၁၀၀၀ စီမံကိန်း” သင်တန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့်ဆီဆိုင်မြို့နယ်တို့တွင် ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရပါ သည်။ ပထမဦးဆုံးအနေဖြင့် လူမှုရေးဆိုင်ရာသုတေသနလုပ်ဆောင်မှုအဖွဲ့(Social Policy and Poverty Research Group-SPPRG) အဖွဲ့၏ စီမံကိန်း(Project) နယ်မြေဖြစ်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လီမော်ကျေးရွာနှင့် ဟိုနားကျေးရွာတို့တွင် ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး အခြားမြို့နယ် ဖြစ်သော ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့တွင်လည်း အဆိုပါသင်တန်းမျိုးကို ထပ်မံဖွင့်လှစ်သွားရန် အစီအစဉ်ရှိပါကြောင်းသိရသည်။
 
ခွန်ရဲအောင်(ပင်လောင်း)
Powered by Blogger.