Sunday, January 17, 2016

(၅) ကြိမ်မြောက် ပညာရည်ချွန်ဆုပေးပွဲကို တောင်ကြီးမြို့နယ်၊ ကက္ကူကျေးရွာအုပ်စု၊ ဆောင်းဖိုးရွာတွင် ကျင်းပခဲ့

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်



တောင်ကြီးမြို့နယ်၊ ကက္ကူကျေးရွာအုပ်စု၊ ဆောင်းဖိုးရွာတွင် ၂၀၁၄-၂၀၁၅ပညာသင်နှစ် ဘွဲ့ရရှိသူများ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ၊ ဆောင်းဖိုးအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အတန်းစုံ၌ ထူးချွန်စွာ အောင်မြင်သူများနှင့် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းတွင် အောင်မြင်သူများအား ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို၂၀၁၆-ခုနှစ်၊ ဇန်န၀ါရီလ(၁၆)ရက်၊  ဆောင်းဖိုးဘုန်းကြီးကျောင်းတွင် ဆောင်းဖိုးကျောင်းထိုင်ဆရာတော် ကမကထပြုပြီး ကျင်းပလာခဲ့သည်မှာ (၅) ကြိမ်မြောက်ရှိပြီဟု သိရှိခဲ့ရပါသည်။


အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးခွန်သူရအောင်၊ ဦးခွန်ရဲထွေး၊ ဦးခွန်ဒီကော၊ တောင်ကြီးခရိုင် လက်ထောက်ပညာရေးမှူး ဦးမြင့်အောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ ရုံးအဖွဲ့မှူး ဦးစောခွန်ကျော်ဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆောင်းဖိုး(အထက-ခွဲ) ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/မများ၊ ရွာနီးနားရှိ ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဒေသခံပြည်သူများ တက်ရောက်အားပေးခဲ့ပါသည်။
အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ တောင်ကြီးခရိုင် လက်ထောက်ပညာရေးမှူး ဦးမြင့်အောင်နှင့် တောင်ကြီးမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ရဲထွေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ခြင်း၊ ဆောင်းဖိုးကျောင်းထိုင်ဆရာတော်မှ သြ၀ါဒမြွက်ကြားရာတွင် '' ယခုလိုပွဲကျင်းပရခြင်းသည် ဒေသခံမိဘများနှင့် လူငယ်လူရွယ်များ ပညာရေးကို အားပေးလာအောင် ရည်ရွယ်၍ကျင်းပခဲ့ကြောင်း၊ ပညာ၏အရေးကြီးပုံကို ရှင်းလင်းခဲ့ကြောင်း၊ ယခုလို မိဘနှင့်ကျောင်းသား/သူများ ပညာရေးအားပေးလာသည်ကို တွေ့မြင်ရသည့်အတွက် ၀မ်းသာမိပါကြောင်း'' မြွက်ကြားခဲ့ပါသည်။


ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ အမှာစကားပြောကြားရာ၌ ယနေ့ခေတ်သည် ITခေတ်၊ နည်းပညာခေတ် ဖြစ်သည်နှင့်အညီ ပညာရေးကဏ္ဍသည် များစွာအရေးပါသည့် အခန်းကဏ္ဍဖြစ်နေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးအသုံးစရိတ်များကို တစ်နှစ်ထက်တစ်နှစ် ပိုမိုမြှင့်တင်ပြီး ဘဏ္ဍာငွေအသုံးစရိတ်ချပေးနေကြောင်း၊ ပညာရေးကို တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒေသရှိမိဘပြည်သူများအနေဖြင့် ကျောင်းနေအရွယ် သားသမီးများကို ကျောင်းရောက်ရှိအောင် ပို့ဆောင်းပေးနိုင်ရန်နှင့် အတန်းပညာပြီးဆုံးအောင် သင်ယူနိုင်ရန် ဆက်လက်ပြီး အဆင့်မြှင့်ပညာ တက္ကသိုလ်/ကောလိပ် အသီးသီးကို ရောက်ရှိအောင် ကျောင်းသားမိဘများနှင့် ကျောင်းဆရာ/မများ၊
 ကျောင်းသူ/သားများအားလုံး ညီညွတ်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆောင်းဖိုးဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းမိသားစုများအား ဒေသခံဆရာ/မ  များသော်လည်းကောင်း၊ ဒေသခံမဟုတ်သည့်ဆရာ/မ များသော်လည်းကောင်း ကျောင်းသား/သူများအားလုံးကို မိမိဒေသကဲ့သို့သဘောထားပြီး ပညာရေးထူးချွန်အောင် ဆောင်ရွက်ပေးနိုင်ရန် အထူးမှာကြားလိုကြောင်း၊ သို့မှသာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ပြီး ပညာကိုအခြေခံသည့် လုပ်ငန်းကိစ္စများကို ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် လေးနက်စွာ တိုက်တွန်းခဲ့ပါသည်။
တောင်ကြီးမြို့နယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ရဲထွေးမှ အားပေးစကားပြောကြားရာတွင် ဒေသ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ဆောင်ရာ၌ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအကျဆုံးဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် ယခုလိုပညာရေး မြှင့်တင်မှုပြုလုပ်ခြင်းသည် အဓိကကျသည့် လုပ်ငန်းရပ်ဖြစ်ပါကြောင်း၊ ဒေသခံမိဘပြည်သူများအား မိမိတို့၏ သား/သမီးပညာရေးကို ပိုမိုပြီးအားပေးစေလိုကြောင်း၊ ဒေသ၊ လူမျိုး၊ နိုင်ငံတော်က အားကိုးအားထားရသည့် အနာဂတ် ကြယ်ပွင့်လေးများ ပေါ်ထွန်းစေလိုကြောင်း ပြောကြားခဲ့ပါသည်။
တောင်ကြီးမြို့နယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်မှ အားပေးစကားပြောကြားရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရသာပြောင်းလဲ၍မရနိုင် မိဘပြည်သူများအားလုံးလည်း ပြောင်းလဲမှသာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပညာရေးဝန်ထမ်းနှင့် ကျောင်းသူ/သားများအတွက် ယခုလို ပညာရည်ချွန်ဆုပေးပွဲများဖြင့် ဂုတ်ပြုသင့်ပါကြောင်း၊ မိမိအနေနှင့်လည်း ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရန် တာဝန်ရှိပါကြောင်း၊ ဒေသခံမိဘပြည်သူများနှင့်ပညာရေးဝန်ထမ်းများ မိမိနှင့်အတူ ပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
တောင်ကြီးခရိုင်လက်ထောက်ပညာရေးမှူး ဦးမြင့်အောင်မှ အားပေးစကားပြောကြားရာတွင် မိမိသည် ပအိုဝ်းဒေသဖြစ်သည့် နောင်ခဲကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့်အတွက် ဆောင်းဖိုးဒေသသည် မိမိနှင့်ရင်းနှီးခဲ့သည့် ဒေသဖြစ်ပါကြောင်း၊ ကျောင်းသား/သူများသည် ကာယ၊ ဥာဏ၊ ပညာ၊ စရိတ္တ စသည်တို့ဖွံ့ဖြိုးတိုးတက်အောင် ဆရာ/မများက အကောင်အထည်ဖော်ပေးပြီး ကျောင်းသား/သူများ၏ ထူးချွန်တတ်မြောက်မှုများကို အသိအမှတ်ပြုရန်လိုအပ်ပါကြောင်း၊ ပညာရည်ချွန်ဆုပေးပွဲသည် ကောင်းသောယှဉ်ပြိုင်မှုကို ဖြစ်ပေါ်စေသည့်အတွက် မဖြစ်မဖြစ်လုပ်ပေးသင့်ပါကြောင်း၊ ယခုလို ဆရာတော်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဦးဆောင်ပြီး ကျင်းပပေးသည့်အတွက် မိမိတို့ပညာရေးဌာနအနေဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါကြောင်း၊ ပညာရေးတိုးတက်မှုမှာ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုနှင့်ရုပ်ပိုင်းဆိုင်ရာတိုးတက်မှု ကဏ္ဍနှစ်ခုဟာ ညီတူညီမျှ တိုးတက်ရန်အထူးလိုအပ်ပါကြောင်း၊ ''မိဘဆရာပူးပေါင်း ကလေးပညာကောင်း'' ဆိုတဲ့ဆောင်ပုဒ်သည် တာဝရလုပ်ဆောင်ရမည့်အရာဖြစ်ပါကြောင်း၊ ဆရာနှင့်မိဘများက ပူးပေါင်းလုပ်ဆောင်မှု အားနည်းနေပါက နစ်နာသူမှာ ကျောင်းရှိကလေးများသာ ဖြစ်ကြောင်း၊ မိဘများနှင့်ဆရာ/မ များသည် မိမိတို့တာဝန်များကို ကျေပွန်စွာဖြင့် ဆက်လက်၍ ပူးပေါင်းလုပ်ဆောင်ပါက ''ပညာရေးဖြင့်ခေတ်မှီဖွံ့ဖြိုးသောနိုင်ငံတော်ကြီးတည်ဆောက်အံ့'' ဆိုသည့် ပညာရေးရည်မှန်းချက်ကို တည်ဆောက်နိုင်လိမ့်မည်ဟု ပြောကြားခဲ့ပါသည်။
ဆောင်းဖိုး(အထက-ခွဲ) ကျောင်းအုပ်ဆရာကြီး ဆရာဦးခွန်အောင်ဆန်းမှ အမှာစကားပြောကြားရာတွင် ပညာရေးမြှင့်မားသည့် လူမျိုးများသည် နိုင်ငံလည်းတိုးတက် မြှင့်မားပါကြောင်း၊ ပညာရေးအရေးကြီးကြောင်းကိုအကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ပညာရည်ချွန်ဆုပေးပွဲပြီးပါက စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသည့်အတွက် ၄ တန်း၊ ၈ တန်းနှင့် ၁၀ တန်းသည့်အစိုးရမေးခွန်းကို ဖြေဆိုရမည်ဖြစ်သောကြောင့် ကျောင်းတွင်စာကျက်ဝိုင်းထားရှိရာ မိဘများအနေနှင့်လည်း မိမိတို့၏သား/သမီများ တက်ရောက်မှုရှိမရှိ ပါဝင်ကူညီပေးရန် လိုအပ်ကြောင်း၊ မိဘများအား မိမိတို့၏ သား/သမီးများကို သူငယ်တန်းမှ (၁၀)တန်းအောင်မြင်သည်အထိ ဆုံးခန်းတိုင်အောင် ပညာရေးကို ဆက်ဆက်အားပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ကျောင်းသုံးရန်အတွက် ကွန်ပျူတာ(၂)လုံးလှူဒါန်းခဲ့ပြီး ကျောင်းအုပ်ဆရာကြီးက ဂုတ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ ဆုချီးမြှင်ခြင်းအခမ်းအနားတွင် ပရိယတ္တိပညာရေး ပထမကြီးတန်းအောင်(၁)ဦး၊ B.A ဘွဲ့ရ(၁)ဦးနှင့် ၁၀တန်းအောင် (၁၅)ဦးတို့ကို ဆောင်းဖိုးရွာ ဒေသခံပြည်သူများ၏ ဂုတ်ပြုမှုအစီအစဉ်ဖြင့် ဆုချီးမြှင့်ခဲ့ပါသည်။ ချီးမြှင့်သည့်ဆုငွေပမာဏများမှာ ပရိယတ္တိပညာရေး ပထမကြီးတန်း(၁၂၀၀၀၀)ကျပ်၊ ဘွဲ့ရ(၁၅၀၀၀၀)၊ ၁၀တန်းအောင်(၁၂၀၀၀၀)ကျပ်၊ ၁၀ တန်းကို ဂုတ်ထူးဖြင့်အောင်မြင်ပါက (၁)ဘာသာကို (၄၀၀၀၀)ကျပ်ဖြင့်အသီးသီးချီးမြှင့်ခဲ့ပါသည်။ ၁၀တန်းအောင်မြင်သူ(၁၅)ဦးအနက် မြန်မာဂုတ်ထူးရရှိသူ(၁)ဦးနှင့် ဘောဂဗေဒ ဂုတ်ထူးရရှိသူ(၁)ဦး ပါဝင်ခဲ့သည်။
သူငယ်တန်းမှ န၀မတန်းအထိ ပထမ၊ ဒုတိယနှင့် တတိယ ထူးချွန်ဆုရရှိသည့်ကျောင်းသား/သူများကို (အထက-ခွဲ)ဆောင်းဖိုးကျောင်းအစီအစဉ်ဖြင့် ဆုချီးမြှင့်ခဲ့ပြီး ဆရာ/မများ ကျောင်းတက်မှန်ကန်ဆုကိုလည်း ဆရာမ(၂)ဦးအား ဆုချီးမြှင့်ပါသည်။ ထို့အပြင် ၂၀၁၄-၂၀၁၅ခုနှစ်အတွင်း ကျောင်းသုံးရန်လိုအပ်သည်များကို လှူဒါန်းခဲ့သည့် အလှူရှင်များအား ကျောင်းအုပ်ဆရာကြီးမှ ဂုတ်ပြုလွှာများ ပြန်လည်ပေးအပ်ပြီး ဆုပေးခြင်းအစီအစဉ်ကို အောင်မြင်စွာကျင်းပခဲ့ပါသည်။
ဆုပေးပွဲအစီအစဉ်အပြီးတွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ခွန်သွောင်းထို (ခွန်ဖြားဗွာခမ်း)

Powered by Blogger.