Saturday, February 13, 2016

(၆၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးရေလှောင်တမံဖွင့်ပွဲ အောင်မြင်စွာကျင်းပ


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်



(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးလျော့ချရေး၊ သောက်သုံးရေးဖူလုံရေးနှင့် ဒေသစိမ်းလန်းစိုပြည်ရေးဟူသော ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ ရှမ်းပြည်နယ် ဆည်မြောင်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပြီဖြစ်သော ကျောက်တလုံးကြီး ရေလှောင်တမံဖွင့်ပွဲ အခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်၊ သောကြာနေ့၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒေသခံ တိုင်းရင်းသား မိဘပြည်သူများ တက်ရောက်ခဲ့ကြပါသည်။





ရှေးဦးစွာ ကြွရောက်လာကြသော ဧည့်သည်တော်လူကြီးမင်းများနှင့် ဧည့်ပရိသတ်များက မုဒ်ဦးထိပ်တွင် နေရာယူကြရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်၊ PNA-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ကွပ်ကဲရေးမှူး ဦးခွန်မြင့်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ ဧည့်သည်တော် လူကြီးမင်းများက တမံတည်ဆောက်ပြီးစီးခြင်းအခြေအနေကို ကြည့်ရူ့စစ်ဆေးကာ ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာများဖြင့် ပက်ဖြန်းပြီး ဗဟိုမဏ္ဍပ်တွင် နေရာယူခဲ့ကြပါသည်။




ထို့နောက် ပအိုဝ်းအမျိုးသားခေါင်းဆောင် အဘဦးအောင်ခမ်းထီမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့သို့ ပြောကြားရာတွင် အခုလို (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသော အားဖြင့် ရှမ်းပြည်နယ် ဆည်မြောင်းဦးစီးဌာနနှင့်တကွ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ ဒေသခံမိဘပြည်သူများ၏ ကူညီမှုကြောင့် ကျောက်တလုံးကြီးရေလှောင်တမံကို အောင်မြင်စွာ ဖွင့်လှစ်နိုင်သည့်အတွက် အလွန်ပင် ၀မ်းသာဂုဏ်ယူမိပါကြောင်း၊ ကြွရောက်လာကြသော တိုင်းမှူးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ ဒေသခံမိဘ ပြည်သူများအားလုံး ကျန်းမာ ချမ်းသာကြစေလိုကြောင်း၊ ရေဟူသည်မှာ ကျွန်ုပ်တို့ သက်ရှိသတ္တ၀ါရော သက်မဲ့သတ္တ၀ါပါ အထူးအရေးပါသော သဘာဝအရင်းအမြစ်တစ်ခုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးခါစတွင် လူဦးရေ သန်းပေါင်း(၁၇)သန်းရှိရာမှ ဒီကနေ့အခြေအနေအရ သန်းပေါင်း (၆၀)၀န်းကျင်ရှိနေပြီဖြစ်၍ ရေသည် အဓိကအခန်းကဏ္ဍတွင် ရှိနေကြောင်း၊ ထို့ကြောင့် ကုန်းပေါ်ဒေသတွင် နေထိုင်သော ကျောက်တလုံးကြီးမြို့နယ် ဒေသခံမိဘပြည်သူများလည်း သောက်သုံးရေကို အဓိက လိုအပ်နေပါကြောင်း၊ အခုကျောက်တလုံကြီးရေလှောင်တမံသည် လယ်ယာမြေစိုက်ပျိုးရန်မဟုတ်ဘဲ ဒေသခံနှင့် ပတ်ဝန်းကျင်ရှိ မိဘပြည်သူများ သောက်သုံးရေ ဖူလုံစေရန် ရည်ရွယ်ပြီး တည်ဆောက်ခြင်းသာဖြစ်ကြောင်း၊ ဤသည်မှာ နိုင်ငံတော်၏ မေတ္တာစေတနာများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များကို အလွန်ပင် ကျေးဇူးတင်ပါကြောင်းနှင့် ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံတော်ကြီးတည်တံခိုင်မြဲအောင် နိုင်ငံအ၀န်းတွင် မှီတင်နေထိုင်ကြသော တိုင်းရင်းသားများ နိုင်ငံ့တာဝန်ကို ၀ိုင်းဝန်းထမ်းဆောင်ကြစေလိုကြောင်း ပြောကြားသွားပါသည်။


ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းက အမှာစကား ပြောကြားရာတွင် ဒီကနေ့ ကျောက်တလုံးကြီးရေလှောင်တမံဖွင့်ပွဲကို လာရောက်ကြသော ဧည့်သည်တော်ကြီးများနှင့်တကွ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဘဦးအောင်ခမ်းထီဦးဆောင်သော မိဘပြည်သူများအားလုံး ကျန်းမာချမ်း သာကြစေလိုကြောင်း၊ အခုလို ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နေ့ထူးနေမြတ်ဖြစ်သော ပြည်ထောင်စုနေ့တွင် မိဘပြည်သူများအတွက် ကျောက်တလုံးကြီးရေလှောင်တမံကို ဖွင့်လှစ်နိုင်သည့်အတွက်ကြောင့် မိမိအနေနှင့် အထူးပင်ဝမ်းသာမိပါကြောင်း၊ ကျောက်တလုံးကြီးမြို့နယ်ရှိ မိဘပြည်သူများသည် သောက်သုံးရေကို စိမ့်စမ်းရေများမှ သွယ်ယူရပြီး နွေရာသီတွင် ရေရှားပါးမှုနှင့် ကြုံတွေ့နေရသည်ကို ကြားသိရကြောင်း၊ အခုလို ကျောက်တလုံးကြီးရေလှောင်တမံ ပြီးစီးအောင်မြင်ခဲ့သည်အတွက် မိဘပြည်သူများ သောက်သုံးရေကို ပိုမိုအဆင်ပြေနိုင်လိမ့်ဖြစ်ပြီး အပန်းဖြေစရာနေရာတစ်ခုလည်း ဖြစ်လာတော့မည်ဖြစ်ကြောင်း၊ ဤကဲ့သို့ ပအိုဝ်းဒေသ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ လျှပ်စစ်မီး ရရှိရေး အစရှိသည့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာသည်မှာ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဘဦးအောင်ခမ်းထီနှင့်တကွ ပအိုဝ်းခေါင်းဆောင်များ၏ မှန်ကန်သော ဦးဆောင်မှုပင်ဖြစ်ကြောင်း၊ ဤသည်မှာ ပအိုဝ်းခေါင်းဆောင်ကြီးများနှင့် ပအိုဝ်းမိဘပြည်သူများက ငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို အလေးထားပြီး ပြည်ထောင်စုစိတ်ဓာတ် အပြည့်နှင့်ဆောင်ရွက်ခဲ့ခြင်း၏ အကျိုးကျေးဇူးများပင်ဖြစ်ကြောင်း၊ ဤမှန်ကန်သော ခေါင်းဆောင်မှုအောက်တွင် ပအိုဝ်းမိဘပြည်သူများအနေနှင့် အတူလက်တွဲပါဝင်ပြီး မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး စသည့် နိုင်ငံ့အကျိုးကို ဆထက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါကြောင်း။


ရှမ်းပြည်နယ် ၀န်ကြီးချုပ်ကိုယ်စား စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူက အမှာစကားပြောကြားရာတွင် အခုလို ဖွင့်လှစ်လိုက်သော ကျောက်တလုံးကြီးမြို့နယ်ခွဲရှိ ကျောက်တလုံး ကြီးရေလှောင်တမံသည် ရှမ်းပြည်နယ်၏ (၁၃)ခုမြောက် ရေလှောင်တမံတစ်ခုပင် ဖြစ်ကြောင်း၊ ကျောက်တလုံးကြီးမြို့နယ် သောက်သုံးရေ ဖူလုံမှုမရှိသည့်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချပ်ခွင့်ရဒေသပိုင် မြေတူးစက်နှင့် ဒေသခံအကုန်ကျခံ၍ ၂၀၁၃ခုနှစ်၊ စက်တင်ဘာလတွင် ရေကန်တူး တာပေါင်ဖို့ပြီး ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှု၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ၏ ပံ့ပိုးကူညီမှုဖြင့် ဆည်မြောင်း ဦးစီးဌာနက ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ (၁၉)ရက်နေ့တွင် စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်စေတနာနှင့် ငွေကြေးမြောက်များစွာ အကုန်ကျခံပြီး တည်ဆောက်ပေးသော ရေလှောင်တမံသည် မိဘပြည်သူများ များစွာအကျိုးကျေးဇူး ရှိမည်ဖြစ်သောကြောင့်  သားစဉ်မြေးဆက် အကျိုးပြုနိုင်ရန်အတွက် ရေလှောင်တမံ ရေရှည်တည်တံ့ခိုင် မြဲအောင် ဒေသခံပြည်သူများ ၀ိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်စေလိုကြောင်း။


ရှမ်းပြည်နယ် ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက ရေလှောင်တမံနှင့် ပတ်သက်သည့် အချက်အလက်များ ရှင်းလင်းရာတွင် ကျောက်တလုံးကြီးရေလှောင်တမံသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီး မြို့၏ မြောက်ဘက်မြို့ဝင်အနီးတွင် တည်ရှိပြီး ပူးလာချောင်းနှင့် ပလောင်ခယ်ချောင်းတို့ကို တမံပိတ်ပြီး တည်ဆောက် ထားခြင်းဖြစ်ကြောင်း၊ ရေဆင်းဧရိယာ(၀.၇)စတုရန်းမိုင်ရှိပြီး နှစ်စဉ် ပျမ်းမျှမိုးရေချိန် (၅၅)လက်မခန့် ရွာသွန်းပါကြောင်း၊ တမံအမြင့် ၄၀ ပေရှိပြီး တမံစုစုပေါင်းအလျား (၁၅၇၃)ပေ ရှိကြောင်း၊ ရေထုတ်ပြွန် အမျိုးအစားမှာ HDEE ပိုက်ကို သံကူကွန်ကရစ် အမျိုးအစားနှင့် တည်ဆောက်ထားပြီး ရေထုတ်ပြွန်(၂)ခုနှင့် ထည့်သွင်းတည်ဆောက်ထားကြောင်း၊ ရေပိုလွှဲအမျိုးအစားမှာ သံကူကွန်ကရစ်နှင့်တည်ဆောက်ထားပြီး အကျယ်ပေ(၂၀)ရှိကြောင်း၊ ရေလှောင်တမံစီမံကိန်းကို (၁၉.၁.၂၀၁၅)တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ပြီး (၃၁.၁.၂၀၁၆)ခုနှစ်တွင် စီမံကိန်းအားလုံး ပြီးစီး အောင်မြင်ခဲ့ကြောင်း။
တမံ၏ ကန်ရေပြည့် ရေလှောင်ပမာဏသည် (၂၈၆.၅)ဧကပေ ရှိပြီး စုစုပေါင်းရေဂါလန်သန်းပေါင်း (၈၀)ကို သိုလှောင် ပေးနိုင်မည်ဖြစ်ကြောင်း၊ တမံတည်ဆောက်ခြင်းလုပ်ငန်းအတွက် စုစုပေါင်းကုန်ကျငွေ (၁၀၅၂.၇)ကျပ်သန်းဖြစ်ပြီး နိုင်ငံတော်အစိုးရ သမ္မတသီးသန့်ရန်ပုံငွေမှ ကျခံဆောင်ရွက်ပေးခဲ့သည် ဖြစ်ကြောင်း၊ တမံဆောင်ရွက်စဉ် ထွက်ရှိလာသော ပယ်မြေများကို စနစ်တကျ သယ်ပို့ပြီး ဒေသခံများအတွက် ဘောလုံးကွင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုနှစ်တွင် အယ်လ်နီညို ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်အရ အပူချိန်မြင့်မားခြင်း၊ ရေရှားပါးခြင်း ဖြစ်စဉ်များဖြစ်ပေါ်နိုင်သည့်အတွက် ဒေသခံပြည်သူများအနေနှင့် ရေကိုအကျိုးရှိရှိသုံးစွဲပြီး၊ တမံ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ၀ိုင်းဝန်းဆောင်ရွက် ပေးစေလိုကြောင်း။      ။


ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်က အမှာစကား ပြောကြားရာတွင် ရာသီဥတု ပြောင်းလဲလာမှုကြောင့် ဒီကနေ့ လေသယံဇာတ၊ ရေသယံဇာတနှင့်အတူ အဘက်ဘက်တွင်  ယိုယွင်းမှုများ ရှိနေကြောင်း၊ ထို့ကြောင့် မိဘပြည်သူများနှင့် သက်ဆိုင်ရာပုဂ္ဂိုလ် များအနေနှင့် ၎င်းကို သားစဉ်မြေးဆက်လက်ထက်တွင် လွတ်မြောက်နိုင်ရန်နှင့် ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ရန်လိုအပ်သည့် အနေအထားတွင် ရှိနေပါကြောင်း၊ ထိုကဏ္ဍများ အောင်မြင်ရန် ဒေသခံ မိဘပြည်သူများနှင့် လက်တွဲဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတအနေနှင့် ဒီမိုကရေစီစနစ် လျှောက်လမ်းနေသော ဒီနေ့ဒီအချိန်အခါတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများသည် ပြည်ထောင်စုဖွား တိုင်းရင်းသားများသာဖြစ်သောကြောင့် မိမိတို့ကျရာ အခန်းကဏ္ဍတွင် အတူကတွ ပူးပေါင်းသွားကြရန် တိုက်တွန်းခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်အောင်၊ တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်သည့်နေရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဒေသခံမိဘပြည်သူများက အတူတကွ လက်တွဲ ဆောင်ရွက်ရမည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားသွားခဲ့ပါသည်။








ထို့နောက် ကျောက်တလုံးကြီးမြို့နယ် ဒေသခံ ဦးခွန်သန်းထိုက်အောင်မှ ကျေးဇူးတင် အမှာစကားပြောကြားပြီး ကြွရောက်လာကြသော ဧည့်သည်တော်လူကြီးမင်းများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း၊ ရေလှောင်တမံ၏ ရေဝေရေလဲဧရိယာတွင် သစ်တောများ မပြုန်းတီးအောင် ထိန်းသိမ်းသွားရန်နှင့် သစ်ပင်များ စိုက်ပျိုးသွားရန်ရှိကြောင်း၊ ရေလှောင်တမံတည်ဆောက်မှု အောင်မြင်ရန်အတွက် ဒေသခံမြေပိုင်ရှင်များက စိတ်စေတနာကြည်ဖြူစွာ လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

ခွန်ထင်;လေအောင်;



Powered by Blogger.