Tuesday, February 2, 2016

လွှတ်တော်ကိုယ်စားလှယ်သစ်များအတွက် စောင့်ကြိုနေသော စာမေးပွဲပုစ္ဆာများ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်



နိုင်ငံရေးစနစ် အသွင်ကူးပြောင်းခြင်းလုပ်ငန်းစဉ်ကို လေ့လာကြည့်ပါက အဆင့်(၄)ဆင့်ဖြင့် တွေ့မြင်နိုင်ပါသည်။
၁/    အုပ်ချုပ်ရေးစနစ်ပုံသဏ္ဍန် အဆင့်ဆင့် ပြောင်းလဲခြင်း(Transition)
၂/    ဖြေလျော့မှုများ ပြုလုပ်ခြင်း(Decentralization)
၃/    ဒီမိုကရေစီ ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်း(Democratization)
၎/    ဒီမိုကရေစီ အတည်တကျ ဖြစ်ပေါ်ခြင်း(Democratic Consolidation) ဟူ၍ ဖြစ်သည်။ များသောအားဖြင့် အသွင်ကူးပြောင်းခြင်း လုပ်ငန်းစဉ်များသည် အဆင့်တစ်ဆင့်မှ နောက်တဆင့်သို့ ရောက်ရှိရန် ကြန့်ကြာလေ့ ရှိသည်။ ကူးပြောင်းရာတွင်လည်း ရှေ့မတိုး၊ နောက်မဆုတ်ဘဲ ရပ်တန့်နေသည်များလည်း ရှိသည်။ ရပ်တန့် နေရာမှ နောက်သို့ ပြန်လှည့်သည်များလည်း ရှိသည်။
မြန်မာပြည် ဒီမိုကရေစီ၏ ပြောင်းလဲမှုဖြစ်စဉ်သည် မြန်ဆန်သည်။ ၂၀၁၀ ခုနှစ်မှ စတင်၍ နိုင်ငံရေးစနစ်တစ်ခုမှ နောက်နိုင်ငံရေးစနစ်တစ်ခုသို့ ကူးပြောင်းခဲ့ပြီး အဆင့်(၁)ကို အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့ပါသည်။ ၂၀၁၂ ကာအလွန်တွင် ဖြေလျှော့မှုများ ပြုလုပ်ခြင်းဆိုသော အဆင့်(၂)အထိ (၂)နှစ်အတွင်းမှာပင် အပေါင်းလက္ခဏာများဖြင့် တက်လှမ်းနိုင်ခဲ့သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးအဆင့်အနေဖြင့် အဆင့်(၂)ဖြစ်သော ဖြေလျော့မှုများ ပြုလုပ်ခြင်း နှင့် အဆင့်(၃) ဖြစ်သော ဒီမိုကရေစီ ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်း ဟူသော ဆင့်(၂)ခုကြားတွင် ရောက်ရှိဟန်တူသည်။ ပြောင်းလဲမှု ဖြစ်စဉ်တွင် အဆင့်တစ်ခုမှ နောက်အဆင့်တစ်ခုသို့ ပြောင်းလဲရန် ကြန့်ကြာလေ့ ရှိသော်လည်း မြန်မာနိုင်ငံ၏ ပြောင်းလဲမှု ဖြစ်စဉ်မှာ မြန်ဆန်ခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၁၀ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး ကျင်းပခဲ့ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဖြင့် စတင်ပြောင်းလဲ အုပ်ချုပ်ခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ရေးဆွဲပြဌာန်းထား ရှိမှုအရ နိုင်ငံ၏ အဓိကမဏ္ဍိုလ်ကြီး (၃)ရပ်ဖြစ်သော အုပ်ချုပ်ရေးမဏ္ဍိုလ်၊ ဥပဒေပြုရေးမဏ္ဍိုလ်နှင့် တရားစီရင်ရေးမဏ္ဍိုလ်ကို သီးခြားရပ်တည်စေခဲ့ပြီး အပြန်အလှန်ထိန်းကျောင်းခြင်းဖြင့် နိုင်ငံတော်ကြီးကို မောင်းနှင်စေခဲ့ပါသည်။
၂၀၁၁-ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ စတင်ခဲ့သော လွှတ်တော်ပထမသက်တမ်းသည့် ၂၀၁၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၉)ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၅-ရွေးကောက်ခံကိုယ်စားလှယ်များ၏ ဒုတိယ အကြိမ် လွှတ်တော်အစည်းအဝေးများကို ယခု ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် စတင်ခေါ်ယူ ကျင်းပပြုသွားခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကိုလည်း ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး မခေါ်ယူမီ ရက်အနည်းငယ်ကပင် အနိုင်ရပါတီမှ ခန့်အပ်အတည်ပြု ထားနှင့်ပြီးသား ကို သတင်းမီဒီယာများမှ ဖော်ပြခဲ့ကြသည်။
ပထမလွှတ်တော်သက်တမ်းတွင် ဥပဒေပြုရေးအာဏာရ လွှတ်တော်မှ အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်သူ အစိုးရအဖွဲ့ကို အတိုင်းအတိုင်တစ်ခုထိ ထိန်းညှိပေးနိုင်ခဲ့သည်ကို တွေ့မြင်မှတ်သားထား ရပါသည်။ ပထမသက်တမ်းတွင် လွှတ်တော်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စိုးမိုးခဲ့ပြီး အစိုးရအဖွဲ့တွင်လည်း ထိုနည်းလည်း   ကောင်းပင်ဖြစ်သည်။ ယခု လာမည့် ဒုတိယလွှတ်တော်သက်တမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စိုးမိုးလာမည်ဖြစ်ပြီး အစိုးရအဖွဲ့တွင်လည်း ၎င်းတို့ ဖွဲ့စည်းခွင့် ရထားသည်။ ဤအချက်ပေါ် ပြည်သူလူထုများမှ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြမည် ဖြစ်သည်။  စည်းရုံးရေး ကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏  ဟောပြောစည်းရုံးမှုအရ လူကိုမကြည့်၊ ပါတီကိုသာကြည့် ဆိုသည့်အတိုင်း ပြည်သူများမှ မျက်စိစုံမှိတ် မဲပေးခဲ့ပြီးဖြစ်၍ ယခုထွက်ပေါ်လာသော ကိုယ်စားလှယ်များ သည်လည်း လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပမှု မပြုလုပ်ခင် သိသင့်သိထိုက်သည့် နိုင်ငံ့အရေး ကိစ္စရပ်များ၊ ကိုယ်ရည်ကိုယ်သွေးများကို လေ့လာသင်ယူ မြှင့်တင်ထားပြီး ဖြစ်သည့်အတွက် ပထမလွှတ်တော် ကဲ့သို့ တာဝန်ထမ်းဆောင်နိုင်မည်လား (သို့မဟုတ်) ပထမလွှတ်တော်ထက် ပိုမိုထမ်းဆောင်နိုင်မည်လား ဆိုသည်ကို ပြည်သူများမှ စိတ်ဝင်တစား စောင့်ကြည့်နေကြပါသည်။
လူကိုမကြည့်၊ ပါတီကိုသာကြည့် ဆိုသည့်အတိုင်း ပြည်သူလူထုက ထောက်ခံသော ပါတီတစ်ခု၏ ကိုယ်စားလှယ်များ  လွှတ်တော်ထဲ ရောက်လာကြမည်ဖြစ်၍ နိုင်ငံ့အရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး စသည်တို့ ပိုမိုမြန်ဆန်လာမည်ဟု ယူဆစရာများ ရှိလာမည်ဖြစ်သည်။ သို့သော် တစ်ဘက်တွင်လည်း လူထုထောက်ခံသော ပါတီတစ်ခု၏ ကိုယ်စားလှယ်များသာ စိုးမိုးထားသောကြောင့် ဥပဒေပြုရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍတို့ အပြန်အလှန်ထိန်းကျောင်းမှု အားနည်းချိနှဲ့လာနိုင်ဟု ယူဆစရာ ရှိလာသည်။ အတိုက်အခံ ပျောက်ဆုံးသော နိုင်ငံရေးအခင်းအကျင်း ဖြစ်လာနိုင်သည့် လွှတ်တော်သက်တမ်းတစ်ခု ဖြစ်လာနိုင်သည်။ အတိုက်အခံ အားနည်းပါက အုပ်ချုပ်မှုအပိုင်းတွင် သော်လည်းကောင်း၊ ဥပဒေပြုမှုအပိုင်းတွင် သော်လည်းကောင်း အာဏာရှင် ဆန်သွားနိုင်ပါသည်။ ဆိုလိုသည်က ဥပဒေပြုအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့ တစ်ခုတည်းလို ဖြစ်သွားကာ ဒီမိုကရေစီ၏ အနှစ်သာရများ ပျောက်ကွယ်သွားနိုင်သည်။ တဘက်တွင်လည်း ပြည်ထောင်စုအဆင့်သို့ ရောက်ရှိလာ ရွေးကောက်ပွဲအောင်နိုင်သူ ပါတီစုစုပေါင်းသည် (၁၀)ပါတီထက် မပိုသော အရေအတွက်ပင် ဖြစ်နေသည်ကိုလည်း စဉ်းစားစရာပင် ဖြစ်လာသည်။
ထို့အပြင် ဒီမိုကရေစီယဉ်ကျေးမှုတစ်ခု ဖြစ်ပေါ်လာရန် လိုအပ်ပါသည်။ လွှတ်တော်နှင့် ပြည်သူကြား ဒီမိုကရေစီယဉ်ကျေးမှု ပေါ်ထွန်းလာရန် ဖြစ်သည်။ မဲဆန္ဒရှင် ပြည်သူများသည် လွှတ်တော် ဟူသည်ကို ၎င်းတို့၏ နားလည်နိုင်မှုစွမ်းရည်ထက် ကျော်လွန်ပြီး သဘောပေါက်ရန် ခက်ခဲဆဲ ဖြစ်သည်။ ရွေးကောက်ခံ ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်၏ အခန်းကဏ္ဍများ၊ လွှတ်တော်တွင် ပြည်သူ့အကျိုးကို မည်ကဲသို့ ဆောင်ရွက်ပေးခဲ့သည်၊ ဆောင်ရွက်လျက် ရှိနေသည်၊ ဆောင်ရွက်ပေးရန်ရှိသည် စသည်တို့ကို ချပြနိုင်ရန် လိုအပ်သည်။ ဤသည်များသည် လွှတ်တော်နှင့် ပြည်သူကြား အရေးကြီးသော ဒီမိုကရေစီယဉ်ကျေးမှု အလေ့အထတစ်ခု ဖြစ်သည်။ ရွေးကောက်ခံကိုယ်စားလှယ်များ ဆိုသည်မှာ ပြည်သူများကိုယ်စား လွှတ်တော်သို့ သွားရောက်အမှုထမ်းရသော ပုဂ္ဂိုလ်များ ဖြစ်သည့်အားလျော်စွာ လွှတ်တော်ဆောင်ရွက်ချက် များ၊ ရလဒ်များကို ပြည်သူများမှ သိထိုက်သည်။ သိခွင့် ရရှိမည်ဖြစ်သည်။ ထိုကဲ့သို့ ဒီမိုကရေစီယဉ်ကျေးမှု အလေ့အထတစ်ဖြစ်ပေါ်လာပြီး လွှတ်တော်ဆောင်ရွက်ချက်များကို  ပြည်သူသို့ ချပြနိုင်ပါက ကိုယ်စားလှယ်များ အနေဖြင့် လူထု၏ ထောက်ခံမှုကို ကျွဲကူးရေပါ ရရှိလာနိုင်မည် ဖြစ်သည်။ ပထမလွှတ်တော်သက်တမ်းတွင် ကိုယ်စားလှယ်များမှ ပြည်သူများထံသို့ လွှတ်တော်တွင်း ဆောင်ရွက်ချက်အခြေအနေများ ချပြနိုင်မှု မရှိ သလောက်ပင် နည်းပါးခဲသည်ကို တွေ့မြင်ရပါသည်။
မည်သို့ပင်ဆိုစေကာမူ ၂၀၁၅ ရွေးကောက်ပွဲကြီးတွင် ပြည်သူများ ထောက်ခံ၍ ပန်းဝင်သွားသည့် ပါတီလည်း ၀င်ခဲ့ပြီးဖြစ်သည်။ ပြည်သူများ လိုချင်သည့်၊ ပြည်သူအတွက် အာမခံချက် ပေးနိုင်သည့် အစိုးရဖြစ်ဖို့သာ လိုတော့သည်။ ပြည်သူကို ရှေးရှု၍  ပြည်သူ့အကျိုးပြုဖို့ရန် လွှတ်တော်ထဲ ရောက်ခြင်းဖြစ် သည်။ လွှတ်တော် ရှိ၍ရှိမှန်း မသိသော ပြည်သူများအား သိရှိနိုင်လာအောင် ဖော်ဆောင်ပေး ရတော့မည် ဖြစ်သည်။ လွှတ်တော်အသံ ပြည်သူ့ အသံ၊ ပြည်သူ့လိုအပ်ချက် လွှတ်တော်ဖော်ဆောင်ရွက် ဆိုသည့်အတိုင်း ပြည်သူများမှ ရွေးချယ်တင်မြောက်ပေးလိုက်သည့် လွှတ်တော်ကိုယ်စားလှယ်အသစ်များအနေနှင့် ပထအမကြိမ် လွှတ်တော်လောက် ပြည်သူ့တာဝန် ထမ်းဆောင်နိုင်မည်လော။ သို့မဟုတ် ပထမသက်တမ်း လွှတ်တော်၏ အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာ ရယူပြင်ဆင်ပြီး ပြည်သူများအား ပေးအပ်ထားသော ကတိက၀တ်များ၊ ပြည်သူများမှ ပေးအပ်သော တာဝန်များကို ပိုမိုထမ်းဆောင်နိုင်ကြမည်လော ဆိုတာကို ပြည်သူများ၏ မေးခွန်းပုစ္ဆာများကို ဖြေကြားရဖို့ ရှိနေပြီး ပြည်သူများမှ အဖြေရလဒ်များ စောင့်ကြိုလျက် ရှိနေကြောင်း မိမိ၏ အမြင်များအား ရေးသားသုံးသပ်လိုက်ရပါသည်။

Kka Sp(Opinion)







Powered by Blogger.