Tuesday, February 2, 2016

မိခင်နို့ တိုက်ကျွေးခြင်း၏အကျိုးကျေးဇူးများ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်


မွေးကင်းစမှ (၆)လအထိ ကလေးငယ်များကို မိခင်နို့ရည်တစ်မျိုးတည်း တိုက်ကျွေးရမည်ဆိုတာ မိခင်တိုင်း သိကြနေပြီဖြစ်သော်ငြာလည်း  ကျွန်တော်တို့ ပအိုဝ်းလူမျိုး အများစုဟာ မသိကြသေးပါ။ သိကြသော်လည်း နည်းစနစ်အတိုင်းလိုက်နာမှုမရှိပါ။ အဘယ်ကြောင့်ဆိုသော် ရှေးရိုးအစဉ်အလာများ၊ အစွဲများ ရှိနေသေးကြောင့်ဖြစ်သည်။ အဘယ်ကြောင့် မွေးကင်းစမှ (၆)လအထိ ကလေးငယ်များ မိခင်နို့ရည် တစ်မျိုးတည်း တိုက်ကျွေးသင့်ပါသလဲ။ နည်းစနစ်ဖြင့် တိုက်ကျွေးပါက မည်သို့ အကျိုးကျေးဇူးများ ရရှိမည်နည်း။ နည်းစနစ်ဖြင့် မတိုက်ကျွေးဘဲ ရေနှင့်ဖြည့်စွက်တိုက်ကျွေးခြင်းဖြင့် မည်သို့အန္တရာယ် တိုးပွား လာမည်နည်း။ ထိုကြောင့် ဖတ်မိသမျှ ပြန်လည် မျှဝေစေချင်ပါတယ်။ မွေးကင်းစမှ (၆)လမတိုင်မီ ကလေးငယ်များ ကို ရေနှင့် ဖြည့်စွက်အစာတိုက်ကျွေးခြင်းသည် အထူးသဖြင့် ရောဂါဖြစ်စေသောအရာမှာ ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်စေနိုင်သည့် ပိုးမွှားများကို သယ်ဆောင်လာတတ်ပါသည်။ ရေကိုဖြစ်စေ၊ အခြား အရည်များကို ဖြစ်စေ ၊ အနည်းအပါးမျှသာ သောက်သုံးခြင်းကြောင့် မွေးကင်းစကလေးငယ်၏ ဗိုက်ကို ပြည့်သွားစေကာ အာဟာရဓါတ် အပြည့်ပါဝင်သော မိခင်နို့အား စို့ချင်စိတ်ကို လျော့ပါးသွားစေနိုင်ပါသည်။ ကလေး၏ အာဟာရပြည့်ဝမှုအပေါ်တွင် ဆိုးကျိုးများ သက်ရောက်စေနိုင်ပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်ခဲ့သော သုတေသနအရ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများနှင့်တကွ အာဟာရဓါတ်မပါဝင်သော အရည်များအား စောစီးစွာ ဖြည့်စွက်တိုက်ကျွေးခြင်းကြောင့် ၀မ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှု အန္တရာယ်ဖြစ်စေနိုင်ကြောင်းကို အတည်ပြုခဲ့ပြီးဖြစ်ပါသည်။ မွေးကင်းစ ကလေးငယ်တစ်ဦး အား မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းထက် ရေ၊လက်ဖက်ရည်နှင့် ဆေးဖက်ဝင် အပင်တို့ဖြင့် ဖော်စပ် ထားသော အရည်များအား မိခင်နို့အပြင် ထပ်မံတိုက်ကျွေးခြင်းက ကလေးငယ်၏ အသက်အရွယ်ပေါ်တွင်မူ တည်ပြီး ၀မ်းပျက်ဝမ်းလျှောရောဂါကို နှစ်ဆ၊ သုံးဆလောက် ပိုမိုခံစားရနိုင်ဖွယ် ရှိပါသည်။ ထို့ပြင် မွေးကင်းစမှ (၆)လအထိ မိခင်နို့တိုက်ကျွေးခြင်းနှင့် (၆)လမတိုင်မိ ရေနှင့် ဖြည့်စွက်အစာတိုက်ကျွေး ခြင်းဖြင့် ဥာဏ်ရည်ကွာခြားမှုများ သိသာထင်ခြားစေပါသည်။ ထိုကြောင့်လည်း ကျွန်တော်တို့ ပအိုဝ်းများသည် မွေးကင်းစမှ(၆)လမတိုင်မီ ကလေးငယ်များကို (၃)လ၊(၃)လကျော်ပြီဆိုရင်  ရေနှင့် ဖြည့်စွက်အစာများ တိုက်ကျွေး နေကြသည်ကို တွေ့မြင်ရပါသည်။
မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေးငယ်အတွက် ရနိုင်သော အကျိုးကျေးဇူးများမှာ မွေးကင်းစမှ မိခင်နို့ဦးရည်သည် ကလေးငယ်၏ ပထမဦးဆုံးရရှိသော ရောဂါကာကွယ်ဆေး ဖြစ်ပါသည်။ အခြားဖန်တီးပြုလုပ်နိုင်သော မည်သည့်အရာနှင့်မျှ မတူဘဲ မိခင်နို့တစ်မျိုးတည်းတွင်သာ ရောဂါများကို ကာကွယ်နိုင်သော ဂုဏ်သတ္တိများသည် နို့ဦးရည်တွင် ရာခိုင်နှုန်းအများဆုံးပါဝင်သည်။ ကလေးသည် မွေးကာစတွင် ရောဂါခုခံကာကွယ်မှု အင်အားဓါတ် အထူးနည်းပါးစွာ မွေးဖွားလာပါသည်။ ထိုကြောင့် မိခင်နို့ တိုက်မှသာလျှင် ကလေးအတွက် ၀င်ရောက်လာတတ်သော (ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုး) စသည်တို့ကြောင့် ဖြစ်တတ်သော ရောဂါများခံနိုင်ရည်ရှိပါမည်။ အထူးသဖြင့် (၆)လအောက် ကလေးများသည် လတ်တလော အသက်ရူလမ်းကြောင်း၌ ဖြစ်တတ်သောရောဂါများနှင့် ၀မ်းလျောရောဂါ များကြောင့် အသက်ဆုံးရှုံး ရတတ်ပါသည်။ မိခင်နို့သည် သာလျှင် ၄င်းရောဂါ(၂)မျိုးကို ကာကွယ်နိုင်ရုံ မျှမက နားပြည်ယိုခြင်းကဲ့သို့ အခြားကူးစက်ရောဂါ များကိုလည်း ကာကွယ်ပေးပါသည်။
မိခင်နို့တိုက်ကျွေးခြင်းဖြင့် အသက်(၆)လအထိ ကလေးတစ်ဦးအတွက် အာဟာရစံနှုန်းပြည့်ဝခြင်း သည် မိခင်နို့ရည် တစ်မျိုးတည်းနှင့် ကလေးအသက်(၆)လအထိ မည်သည့် ရေအစာမျှ ကျွေးရန်မလိုဘဲ စံနှုန်းပြည့် အစာအဟာရတစ်ခုအဖြစ် ကျင့်သုံးနိုင်ပါသည်။ ကလေးကြီးထွားစေရန် အင်အားအပြည့်အ၀ ပါရှိသည့်အပြင် ပရိုတင်းဓါတ်၊ ဗီတာမင်ဓါတ်နှင့် ရေလည်း အချိုးအစားမျှတစွာ ပါဝင်သဖြင့် အစာကြေ လွယ်ရုံသာမကဘဲ ပုံမှန်ကြီးထွားမှုကို ဖြစ်စေပြီး အာဟာရချို့တဲ့မှု ရောဂါကို ကာကွယ်ပေးပါမည်။ မိခင်နို့စို့ ရသော ကလေးတွင် ပန်းနာရင်ကျပ်၊ နှင်းခူနှင့် အခြားအစာနှင့် မတည့်၍ ဖြစ်သော ယားယံမှုမျိုး မဖြစ်တတ် ပါ။ နို့ဗူးစို့သော ကလေးတွင်သာ နို့နှင့်မတည့်၍ အဆိုပါရောဂါများဖြစ်တတ်ပါသည်။
ကလေးသည် မိခင်ရင်ခွင်အတွင်း၌ နို့စို့ရခြင်းကြောင့် မိခင်နှင့် အတွေ့အထိများခြင်း သံယောဇဉ် ပိုတွယ်ခြင်း၊ လုံခြုံမှုပိုရခြင်းစသော အကျိုးတရားများကို ရရှိစေပါသည်။ သုတေသနပြုချက်များအရ မိခင်နို့စို့ရသော ကလေးများသည် နို့မှုန့်ရရှိသော ကလေးများထက် ဥာဏ်ရည်ပိုကောင်းသည်ကို လေ့လာ တွေ့ရှိရပါသည်။ ထိုကြောင့် ရှေးရိုးအစဉ်အလာများ၊အစွဲများ ဖယ်ရှားပြီး မိမိကလေးငယ်များ မွေးစမှ(၆)လအထိ မိခင်နို့တစ်မျိုးတည်းဖြင့် (ရေလုံးဝ)မတိုက်ကျွေးပေးပါရန် ဖော်ပြလိုက်ပါသည်။
 
(ကိုးကားချက်-မိခင်နို့တစ်မျိုးတည်း စနစ်တကျတိုက်ကျွေးရေး ရပ်ရွာအခြေပြု ထိရောက်စွာ ဆက်သွယ်ပညာပေးခြင်း အလုပ်ရုံဆွေးနွေးပွဲ သင်တန်းသားလက်စွဲစာအုပ်/Unicef  )
 
ခွန်ချစ်အေး ( ၆မဲင် )
Powered by Blogger.