Wednesday, February 3, 2016

ကိုယ်ကျင့်တရားကောင်းဖို့က ပထမ


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်


လူတိုင်းတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာတန်ဖိုးထားသည့်အရာများ ကိုယ်စီရှိကြသည်။ သို့ဖြစ်၍ လူတို့၏တန်ဖိုးထားသည့်အရာများမှာ မတူညီကြပါ။ အချို့လူများသည် ရုပ်ဝတ္ထုချမ်းသာမှုအပေါ် တန်ဖိုးထားကြပြီး အချို့မှာမူ ပညာရေးဆိုင်ရာတတ်မြောက်အောင်မြင်မှု၊ အချို့မှာကား နိုင်ငံရေးသြဇာရှိမှုတို့အပေါ် တန်ဖိုးထားကြသည်။ အချို့သောလူများသည် မိမိကိုယ်ကိုမိမိ အလွန်ပင်တန်ဖိုးထားကြသည်။
ထိုမိမိကိုယ်ကိုမိမိ လေးစားတန်ဖိုးထားကြကုန်သော လူများသည် အလွန်အပြစ်ကြီးသော အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုကျူးလွန်မိမည်ကို လွန်စွာ စိုးထိတ်ကြောက်လန့်ကြသည်။ သူတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ တန်ဖိုးထားသည့်အရာမှာ ကိုယ်ကျင့်တရားဖြစ်သည်။ စင်စစ်အားဖြင့် ကောင်းမွန်သော ကိုယ်ကျင့်တရား ထိန်းသိမ်းထားနိုင်မှုမှာ ယခုဘဝတွင်သာမက နိဗ္ဗာန်မရရှိမီ နောင်တမလွန်ဘဝများစွာအထိ အကျိုးများလှပါသည်။ ထို့ကြောင့် ပညာရှိများ ဆိုရိုးစကား ထားရှိခဲ့သည်မှာ ‘‘ပစ္စည်းဥစ္စာဆုံးရှုံးလျှင် ဘာမျှမဆုံးရှုံးသေး၊ ကျန်းမာရေးဆုံးရှုံးလျှင် အနည်းငယ်ဆုံးရှုံးသည်၊ ကိုယ်ကျင့်တရားဆုံးရှုံးလျှင်ကား အကုန်ဆုံးရှုံးလေပြီ’’ဟူ၍ ဖြစ်သည်။ မြင့်မြတ်သောလူသားတစ်ဦးဖြစ်ချင်သူအတွက် ကိုယ်ကျင့်တရားသည် အရေးအကြီးဆုံးပင်ဖြစ်သည်။
ကိုယ်ကျင့်တရားကောင်းမွန်မှုမှာ လူတစ်ဦးတစ်ယောက်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် အဓိကဆက်နွယ်နေသော်လည်း အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုပပျောက်ရေး ကြိုးပမ်းရန်မှာ အစိုးရတွင် တာဝန်ရှိလေသည်။ အဂတိလိုက်စားမှုကို အမြစ်ပြတ် မတိုက်ဖျက်နိုင်သေးသရွေ့ အစိုးရ၏အုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုသည် ထိထိရောက်ရောက်ရှိဦးမည်မဟုတ်သည်မှာ ဆိုစရာပင်မလိုတော့ပြီ။ ဤသို့လျှင် အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် တာဝန်တင်ရှိလာသော နိုင်ငံတော်အစိုးရသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ(၁၉၄၈)ကို ဖျက်သိမ်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ(၂၀၁၃)ကို ထုတ်ပြန်ကြေညာကာ ၂၀၁၃၊ စက်တင်ဘာလ(၁၇)ရက်နေ့မှစ၍ စတင်အကျိုးသက်ရောက်စေသည်။ ထိုနေ့ကတည်းကပင် အစိုးရသည် ထိုအဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုကို အမျိုးသားတာဝန်တစ်ရပ်အဖြစ် စတင်တိုက်ဖျက်ခဲ့လေပြီဖြစ်သည်။
အဂတိလိုက်စားမှုနှင့်အကျင့်ပျက်ခြစားမှုမှ ကင်းရှင်းခြင်းသည် နိုင်ငံနှင့်နိုင်ငံသားများ၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်သည်။ သို့ဖြစ်ပါ၍ အဂတိလိုက်စားမှုမှတ်တမ်းတွင် နိုင်ငံနှင့်နိုင်ငံသားများ၏ပုံရိပ်ကို မြှင့်တင်နိုင်အောင် မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံ၏ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြစေလိုကြောင်း မြန်မာနိုင်ငံသားများအား ဤဆောင်းပါးမှ အလေးအနက်မေတ္တာရပ်ခံအပ်ပါသည်။

(Putting moral character first/Khin Maung Aye/GNLM ကိုဘာသာပြန်သည်)
ခွန်လှစိုး

Powered by Blogger.