Sunday, March 13, 2016

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂၀၁၃-၂၀၁၄မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောက်ရွက်ပြီးစီးမှု ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပ


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မတ်လ (၁၄) ရက်


ဆင်းရဲနွမ်းပါမှုလျော့ချစေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ဆောက်ရွက်ပေးသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂၀၁၃-၂၀၁၄မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောက်ရွက်ပြီးစီးမှု ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ မတ်လ(၁၃)ရက်၊ တနင်္ဂနွေနေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်စံပြကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဘဦးအောင်ခမ်းထီ၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ ရှမ်းပြည်နယ်ပြည်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်၊ ရှမ်းပြည်နယ်ရှိ ဌာနဆိုင်ရာဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌဦးခွန်စံလွင်နှင့် ဦးစီးအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံ
မိဘပြည်သူများ တက်ရောက်ခဲ့ကြပါသည်။






ရှေးဦးစွာ ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းတို့က ၀န်ထမ်းအိမ်ရာ၊ ကျောင်းဆောင်သစ်နှင့် စာသင်ဆောင်ဖွင့်ပွဲအခမ်းအနားကို လည်းကောင်း၊ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း (ရေလှောင်ကန်)ဖွင့်ပွဲ အခမ်းအနားကို လည်းကောင်း၊ လမ်း/တံတားနှင့် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပြီးစီးမှု အခမ်းအနားကိုလည်းကောင်း အသီးသီး စက်ခလုတ်နှိပ် ဖဲကြိုးဖြတ်ဖွင့်လှစ်ကြကာ ၎င်းလုပ်ငန်းများနှင့် ပတ်သက်သော အချက်အလက်များကို တာဝန်ရှိသူမှ ရှင်းလင်းဖတ်ကြားသွားခဲ့ပါသည်။



ထို့နောက် ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများနှင့် ဒေသခံမိဘပြည်သူများက မဏ္ဍုပ်တွင် နေရာယူကြပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် အဘဦးအောင်ခမ်းထီက အမှာစကား ပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားရာတွင် အခမ်းအနားသို့ ကြွရောက်လာကြသော တာဝန်ရှိလူကြီးမင်းနှင့်တကွ ဒေသခံမိဘပြည်သူများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလိုကြောင်း၊ အခုလိုနေ့မျိုးတွင် မိဘပြည်သူများ လိုလားတောင်းတနေကြသော ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေးစသည့်လုပ်ငန်းများကို အောင်မြင်စွာ ဖွင့်လှစ်နိုင်သည့်အနေအထားဖြစ်သောကြောင့် မိဘပြည်သူများအတွက် နေ့ထူးနေ့မြတ်ဖြစ်သည်ဟု ပြောကြားစေလိုကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း(၁၃၅)မျိုးနှင့် အေးအတူပူအမျှ ဆိုသကဲ့သို့ တစ်ဦးကိုတစ်ဦး ၀ိုင်းဝန်းကူညီနေထိုင်သော နိုင်ငံဖြစ်ကြောင်း၊ ဒီလို ပူပေါင်းဆောင်ရွက်မှုကြောင့် အောင်မြင်မှုရရှိနေသည်ကို ဒီကနေ့ ကျင်းပသော ဖွင့်ပွဲက သက်သေပြနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့မိဘပြည်သူများ ပိုင်ဆိုင်သော ပြည်ထောင်စုကြီး တိုးတက်ပြောင်းလဲအောင် အဘက်ဘက်မှ ၀ိုင်းဝန်းလုပ်ဆောင်ကြ စေလိုကြောင်း။


ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်က အမှာစကားပြောကြားရာတွင် ဒီကနေ့ ကြွရောက်လာကြသော ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောက်ရွက်ပေးနေသော ဌာနဆိုင်ရာဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒေသခံမိဘပြည်သူများအတွက် နေ့ထူးနေ့မြတ်မှာ အမှာစကားပြောခွင့်ရသောကြောင့် အထူးပင် ၀မ်းမြှောက်မိပါကြောင်း၊ ယခုမိမိနေထိုင်ကြသော ရှမ်းပြည်နယ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ(၅)ခု၊ မြို့နယ်(၅၅)မြို့နယ်၊ ခရိုင်(၁၃)ခရိုင်နှင့် မြို့ပေါင်း(၈၆)မြို့၊ ကျေးရွာအုပ်စုပေါင်း (၁၃၀၀)ကျော်ရှိပြီး ကျယ်ဝန်းလှသော ပြည်နယ်တစ်ခု ဖြစ်ကြောင်း၊ ထို့အပြင် ရှမ်းပြည်နယ်တွင် လူမျိုး(၃၃)မျိုးနေထိုင်သော ပြည်နယ်တစ်ခုလည်း ဖြစ်ကြောင်း၊ မိမိတို့အစိုးရ အဖွဲ့အနေနှင့် တာဝန်ယူသော ကာလတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေသည်မှာ မိဘပြည်သူများ သိရှိနိုင်ပြီဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် လျှပ်စစ်မီးရရှိရေး၊ ကောင်းမွန်သော သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်လုပ်ငန်းများကို မိမိတို့တာဝန်ယူသော အစိုးရသက်တမ်းတွင် တာဝန်ယူ ဆောက်ရွက်ခဲ့ပြီဖြစ်ကြောင်း၊ ဒီကနေ့ ခေတ်စနစ်အရ ပြည်သူကို ဗဟိုပြုသောစနစ်ဖြစ်၍ ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောက်ရွက်ရမည့်တာဝန်ရှိနေပြီး ဤကဲ့သို့ ဆောင်ရွက်ရာတွင် မိဘပြည်သူများကလည်း ၀ိုင်းဝန်းကူညီ မှသာလျှင် အောင်မြင်မည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက် မှသာလျှင် အဆင်ပြေနိုင်သည့် အနေအထားရှိသောကြောင့် မိမိတို့ပြည်နယ်၊ မိမိတို့နိုင်ငံ ဒီထက်မက ဖွံ့ဖြိုးတိုးတက်အောင် မိဘပြည်သူ များအနေနှင့် ၀ိုင်းဝန်းလက်တွဲဆောင်ရွက်ပေးစေလိုကြောင်း။


နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အမှာစကား ပြောကြားရာတွင် ဒီကနေ့ အခမ်းအနားသို့ ကြွရောက်လာကြသော ရှမ်းပြည်နယ်အစိုးရအဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံမိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟူ၍ အဓိက လုပ်ငန်းကြီး(၂)ရပ်ကို လုပ်ဆောင်နေပါကြောင်း၊ ထို့သို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နယ်စပ်ဒေသ တည်ငြိမ်ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသ လူမှုဘ၀ဖူလုံရေး၊ နယ်စပ်ဒေသ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး စသည့် မူဝါဒများ ချမှတ်ထားပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအ၀င် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနသာင်္ရီတိုင်းနှင့် ကျန်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တော်တော်များများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်စသောမြို့နယ်များတွင် မိမိတို့ဝန်ကြီးဌာနအနေနှင့် ၂၀၁၁မှ ၂၀၁၆အထိ ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွားရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ သောက်သုံးရေရရှိရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ ပြည်သူ့ဆက်ဆံရေး၊ သာသနာရေး၊ အိမ်ယာဆောက်လုပ်ရေးစသည့် လုပ်ငန်းများကို ပြည်ထောင်စုရံပုံငွေ (၁၁၆၄၈.၀၄၆)သန်း သုံးစွဲ ဆောင်ရွက်ခဲ့ပါကြောင်း။


ဆက်လက်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင် ကျေးဇူးတင် အမှာစကားပြောကြားရာတွင် အခုလို အခမ်းအနားတွင် မိဘပြည်သူများကိုယ်စား ကျေးဇူးတင်အမှာစကား ပြောကြားခွင့်ရရှိသောကြောင့် အထူးပင်ဝမ်းမြှောက်မိပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂၀၁၃-၂၀၁၄မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ဒေသဖွံ့ဖြိုးရေး  လုပ်ငန်းများ ဆောက်ရွက်ပြီးစီးမှု ဖွင့်ပွဲအခမ်း အနားကို ကြွရောက်ချီးမြှင့်ပေးပါသော ပအိုဝ်းအမျိုးသားခေါင်းဆောင်အဘဦးအောင်ခမ်းထီ၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ ရှမ်းပြည်နယ် ပြည်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် နယ်စပ်ရေးရာ ၀န်ကြီးများ၊ ဧည့်သည်တော်များ၊ မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေလိုကြောင်း၊ မိမိတို့အနေနှင့် အခုလိုဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည်မှာ ငြိမ်းချမ်းရေးမယူခင်ကတည်းက အမျိုးသားစိတ်ဓာတ်ကို အရင်းခံပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးယူပြီးသောကာလတွင် နိုင်ငံတော်နှင့် ပူးပေါင်း၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များအနေနှင့် တာဝန်ယူသော သက်တမ်းတွင်လည်း မိမိတို့ဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခင်ကဲ့သို့ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုသာ အားစိုက်လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အစိုးရ၀န်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့ INGO၊ NGOအဖွဲ့များ၊ လူမှုအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများနှင့် ဒေသခံမိဘပြည်သူများ၏ ၀ိုင်းဝန်းကူညီမှုများကြောင့် မိမိတို့ဒေသသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဖွံ့ဖြိုးလာခဲ့ရကြောင်း၊ လာမည့်အနာဂတ်တွင် ဒေသဖွံ့ဖြိုးတိုးတက်မှုသာမက လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘ၀မြှင့်တင်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မိဘပြည်သူများအနှေနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်း အမှာစကား ပြောကြားသွားပါသည်။




ထို့နောက် အခမ်းအနားသို့ ကြွရောက်လာကြသော လူကြီးမင်းများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌဦးခွန်စံလွင်က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အဆိုပါအခမ်းအနားကို အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;

Powered by Blogger.