Wednesday, March 23, 2016

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် (၆၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား ပြုလုပ်ကျင်းပ


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မတ်လ (၂၃) ရက်


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုး တိုးတက်ရေး(ဒဲဉ်သီးဗွေ)ကွင်း၌ ဒီကနေ့ ၂၀၁၆ခုနှစ်၊ မတ်လ(၂၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် (၆၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ပါသည်။



ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများနှင့် ဧည့်ပရိသတ်များက အသီးသီးနေရာယူကြပြီး (((())(((အ.ထ.က ပန်တခွါမှ ဘင်ခရာအဖွဲ့နှင့် ပအိုဝ်းအမျိုးသားအလံတော်ကို ကိုင်ဆောင်သောအဖွဲ့က ကွင်းထဲသို့ ချီတက်ကြကာ ပအိုဝ်းအမျိုးသားအလံတော်ကို လွင့်တင်ခဲ့ကြပါသည်။ ထို့နောက် သဘာပတိ(၇)ဦးကို ရွေးချယ်တင်မြှောက်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ၊ ပအိုဝ်းအမျိုးသားအလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို တညီတညွတ် အလေးပြုခဲ့ကြပါသည်။






ဆက်လက်ပြီး သဘာပတိ ဖြားခွန်သိန်းဖေက ပအိုဝ်းအမျိုးသားနေ့နှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၀ဏ္ဏကျော်ထင် ပအိုဝ်းအမျိုးသား ခေါင်းဆောင် အဘဦးအောင်ခမ်းထီမှ ပေးပို့သော သ၀ဏ်လွှာကို ဦးခွန်မင်းကျော်က သော်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းမှ ပေးပို့လာသော သ၀ဏ်လွှာကို ဖြားခွန်ရဲထွေးက သော်လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်မှ ပေးပို့လာသော သ၀ဏ်လွှာကို ဖြားခွန်တင်ထွဋ်က သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)မှ ပေးပို့လာသော သ၀ဏ်လွှာကို ဖြားခွန်သူရိန်က သော်လည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြပါသည်။




ထို့နောက် ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌဖြားခွန်ဝင်းကိုက နိဂုံးချုပ်အမှာစကားပြောကြားပြီး အလံတင်အခမ်းအနားကို အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ခဲ့ပါကြောင်း၊ ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပအိုဝ်းယိုးယာအကပဒေသာ ပြိုင်ပွဲ၊ အလှယဉ်ကျေးမယ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ပအိုဝ်းစာပေနှင့် ပန်းချီပြိုင်ပွဲများ ပြုလုပ်ကြပြီး အဆိုပါ ပအိုဝ်းအမျိုးသားနေ့(တပေါင်းလပြည့်နေ့)တွင် အနယ်အနယ်အရပ်အရပ်မှ ပအိုဝ်းလူမျိုးများက အလှူပဒေသာပင်များနှင့် စီတန်းလှည့်လည် စုပေါင်းကုသိုလ်များ ပြုလုပ်ကြပါကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;
         
         
         
          
Powered by Blogger.