Wednesday, March 30, 2016

မိမိတို့ပအိုဝ်းလူမျိုး၏ ယဉ်ကျေးမှုများ ခိုင်မာစေလိုသော်….

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မတ်လ (၃၀) ရက် 


 မည်သည့်နိုင်ငံတွင်မဆို နေထိုင်ကြသော လူသားတိုင်းသည် မိမိတို့ ဆင်းသက်လာသည့်မျိုးနွယ်၊ မိမိတို့လူမျိုး၊  မိမိတို့ ရှင်သန်ပေါက်ဖွားရာ နိုင်ငံ၊ နေရာဒေသကို ချစ်မြတ်နိုးကြသကဲ့သို့ မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံများသည်လည်း မိမိတို့လူမျိုးများကို ချစ်မြတ်နိုးကြပြီး အမိမြန်မာ နိုင်ငံကိုလည်း တန်ဖိုးထား ချစ်မြတ်နိုးကြမည်မှာ လွဲဧကန်ပင် ဖြစ်သည်။ မိမိတို့ပအိုဝ်း လူမျိုးများသည်လည်း “မိမိတို့လူမျိုးကို ချစ်မြတ်နိုးကြပါသည်လော” ဟု မေးလျှင် တစ်ခုတည်းသော အဖြေမှာ “ချစ်မြတ်နိုးပါသည်”ဟု ဖြေကြားမည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် မိမိတို့လူမျိုးကို မည်သို့မည်ပုံ ချစ်မြတ်နိုးကြရမည် ဆိုသည်ကို  သိရှိရန် လိုအပ်ပေသည်။




စာရေးသူအနေနှင့် မိမိလူမျိုးကို အမှန်တကယ်ချစ်မြတ်နိုးပါက မိမိတို့လူမျိုး၏ ယဉ်ကျေးမှုများကို မြှင့်တင်ပေးရမည်၊ ထို့ပြင် မိမိတို့ ယဉ်ကျေးမှုများကို ကာကွယ်ထိန်းသိမ်းကြရမည်ဟု အသိပေး  လိုပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးကို ထင်ပေါ်ကျော်ကြား စေသည်မှာ သူ့၏ ယဉ်ကျေးမှုများသာ ဖြစ်သည်။ တစ်နည်းအားဖြင့် ယဉ်ကျေးမှုကို လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ အသက်သွေးကြောဟု ဆိုလျှင် မှားမည်မထင်ပေ။ သို့သော်လည်း ကျွန်ုပ်တို့အနေနှင့် ယဉ်ကျေးမှုဟူသော ဝေါဟာရ စကားလုံး၏ အဓိပ္ပာယ်သတ်မှတ်ချက်ကို သိရှိနားလည်ရန် လိုအပ်ပါသည်။ 


ဤနေရာတွင် စာရေးဆရာ ကျော်ဝင်း ရေးသားထားသော “ထောင်စုသစ် အိုင်ဒီယာများ” စာအုပ်မှ ပြန်ဆိုထားသည်ကို ပြန်လည်မျှဝေစေချင်ပါသည်။ မြန်မာဝေါဟာရ “ယဉ်ကျေးမှု” ဆိုသော စကားကို အင်္ဂလိပ် ဘာသာစကားတွင် Culture ဟုလည်းကောင်း၊ Civilization ဟူလည်းကောင်း နှစ်မျိုးသုံးထားပါသည်။ အဘိဓာန်၏ ဖွင့်ဆိုချက်အရ Culture ၏ သဘောမှာ လူ့အဖွဲ့အစည်းတစ်ရပ်ရှိ လူများ မျှဝေလက်ခံထားကြသည့် အိုင်ဒီယာများ၊ ယုံကြည်မှုများ၊ ဓလေ့ထုံးစံများကို ဆိုလိုသည်။ တစ်နည်းအားဖြင့် “စရိုက်”နှင့် နီးစပ်သည်ဟု ကျွန်ုပ်တို့ နားလည်နိုင်ပါသည်။ Civilization မှာ Culture ဖြင့် စည်းရုံးဖွဲ့စည်းထားသည့် လူမှုအဖွဲ့အစည်းကို ဆိုလိုပါသည်။ ဤသို့ လူ့အဖွဲ့အစည်းတစ်ရပ်လုံး လွမ်းခြုံတည်ရှိနေသော အိုင်ဒီယာများ၊ ယုံကြည်မှုများ၊ ဓလေ့ထုံးစံများကို ခြုံငုံပြီး ယဉ်ကျေးမှုဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။  ယဉ်ကျေးမှုတွင် ဘာသာစကား၊ သမိုင်း၊ ဘာသာတရား၊ ဓလေ့ထုံးစံနှင့် အဖွဲ့အစည်းများ ပါရှိသည်ဟု ၄င်းက ဖော်ပြထားပါသည်။ 


ထို့ကြောင့်  မိမိတို့ပအိုဝ်းလူမျိုးများ၏ ယဉ်ကျေးမှုများ ကွယ်ပျောက်မသွားစေရန်အတွက်  မိမိတို့ ဘာသာစကား၊ သမိုင်း၊ ဘာသာတရား၊ ဓလေ့ထုံးစံနှင့် အဖွဲ့အစည်းများ ထာဝစဉ်ရှင်သန်နေမှသာလျှင် အသက်ရှူချောင်မည် ဖြစ်ပါသည်။ ကမ္ဘာတည်သရွေ့ မိမိတို့ပအိုဝ်းလူမျိုးများ မပျောက်ပျက်စေရန်အတွက် အထက်ပါ ဖော်ပြထားသော မိမိတို့ ပအိုဝ်းလူမျိုးများ၏ ယဉ်ကျေးမှု လက္ခဏာများကို ပြန်လည် စစ်ဆေးသင့်ပြီ ဖြစ်ပါသည်။ ခေတ်ကာလ၏ တောင်းဆိုမှုအရ ယနေ့အချိန်နှင့် နောင်တချိန်တွင် မိမိတို့ ပအိုဝ်းလူမျိုး၏ ယဉ်ကျေးမှုများကို ကာကွယ်ထိန်းသိမ်းရာ၌ အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိလာနိုင်သည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် မိမိပအိုဝ်းလူမျိုးတို့အနေနှင့် ခေတ်ကာလ ပြောင်းလဲတိုက်စားမှုများကို မခံရလေအောင် ကြိုတင်ကာကွယ်ထားရမည် ဖြစ်သည်။ လူဦးရေတိုးတက်လာသည်နှင့်အမျှ ကမ္ဘာမြေကြီးသည် ကျဉ်းကျုံ့လာသည့် သဘောရှိသည်။ ကမ္ဘာမြေကြီးကျဉ်းကျုံ့လာသည်နှင့်အမျှ လူသားတို့၏ မတူညီသော ယဉ်ကျေးမှုများလည်း အချင်းချင်းနေရာလုလာသည့် သဘောရှိသည်။ 


ယခုလက်ရှိ ပအိုဝ်းဒေသတွင် ယခင်က မသိမကြားဖူးသော Happly New Year ၊ Valentines Day စသည့် ယဉ်ကျေးမှုများ ရှိလာခဲ့ပြီ ဖြစ်သည်။ အချို့သော ယဉ်ကျေးမှုများသည် သိထားရန်သာလိုပြီး ကျင့်သုံးရန် မသင့်ပေ။ ဥပမာအားဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း၏ ကမ္ဘာ့ရွာယဉ်ကျေးမှုအရ အနောက်တိုင်းယဉ်ကျေးမှုတစ်ခုဖြစ်သော Happly New Year သည် ပြက္ခဒိန်နှစ်တစ်နှစ်၏ ကုန်ဆုံးမှုကို အသိအမှတ်ပြုခြင်း၊ နှစ်သစ်ကို ကြိုဆိုခြင်းဖြစ်သောကြောင့် လိုက်ရောရန်သင့်သော်လည်း  Valentines Day မှာမူ သမိုင်းအထောက်အထားမရှိ၊ အချက်အလက် ခိုင်လုံမှုမရှိဘဲ စီးပွားရေးသမားများ၏ ဖန်တီးမှု၊ အနုပညာသမားများ၏ တွန်းအားပေးမှု တစ်ခုသက်သက်သာ ဖြစ်သောကြောင့် လက်ခံရန် စဉ်းစားရမည့် အချက်ပင် ဖြစ်သည်။ ဤသည်မှာ ချစ်သူများနေ့ဟုခေါ်သော Valentines Dayကို အပြစ်တင် ကဲ့ရဲ့ခြင်းမဟုတ်။ မိမိတို့ ပအိုဝ်းလူမျိုးများကို အခြားသော ယဉ်ကျေးမှုကြီးတစ်ခုက လွှမ်းမိုးသွားနိုင် သည်နှင့် ယနေ့ခေတ်တွင် ယဉ်ကျေးမှုများ နေရာလုလာနိုင်သည့် သဘောရှိသည်ကို အသိပေးလိုခြင်းသာ ဖြစ်သည်။ 


ဒုတိယ စိန်ခေါ်မှုတစ်ခုမှာ ယနေ့မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဟူသော ခေါင်းစဉ်အောက်တွင် ရုန်းကန်နေသည့် အခြေအနေဖြစ်နေသည်ဟု ဆိုလျှင်မမှားပေ။ ပအိုဝ်းလူမျိုးများ သည်လည်း အမိမြန်မာနိုင်ငံတွင် နေထိုင်ကြသော အခြားတိုင်းရင်းသားနည်းတူ ဖွံ့ဖြိုးတိုးတက်ရေးဘက်သို့ ဦးတည်သွားနေသည့် အခြေအနေတွင် ရှိနေပါသည်။ ထိုသို့ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သွားရာတွင် အဘက်ဘက်က ပညာရပ်များကို လေ့လာဆည်းပူးရမည်ဖြစ်၍ မိမိတို့၏ ယဉ်ကျေးမှုဓလေ့များဘက်သို့ အချိန်ပေးမှု လျော့နည်းလာသည်ကို တွေ့မြင်ရပါသည်။ ဤသည်ကို မြို့ပေါ်နေ ပအိုဝ်းလူငယ် မောင်မယ်များကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။ ဥပမာအားဖြင့် တောင်ကြီးမြို့သည် ပအိုဝ်းလူမျိုးများ၏ ယဉ်ကျေးမှု အချက်အချာကျရာမြို့ဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် တောင်ကြီးမြို့တွင် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု (ဗဟို)အဖွဲ့အစည်း၊ ပအိုဝ်းတစ်မျိုးသားလုံးကို ကိုယ်စားပြုသော ပွဲတော် ကျင်းပရာ (ဒဲဉ်သီးဗွေ)ကွင်းနှင့် အခြားအဖွဲ့အစည်းများ၏ ဆိုင်ရာရုံးချုပ်များ  တည်ရှိရာ မြို့တော်ဖြစ်ပြီး အခြားမြို့များနှင့် နှိုင်းယှဉ်ပါက အစစအရာရာ သာလွန်နေသည်ကို  တွေ့နေရပါသည်။ သို့သော်လည်း မြို့ပေါ်နေ ပအိုဝ်းလူငယ်များ ပအိုဝ်းစာ၊ ပအိုဝ်းဘာသာစကားကို ကောင်းမွန်စွာ မဖတ်တတ်၊ မဆိုတတ် သည်မှာ စိတ်မချမ်းမြေ့စရာအဖြစ် တွေ့နေရပါသည်။ 


ထိုသူတို့သည် ပအိုဝ်းစာပေးလေ့လာ သင်ယူရမည့်အချိန်တွင် ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် အခြားသော အသက်မွေးမှုဆိုင်ရာ ပညာရပ်များကို အစားထိုးလာကြခြင်းပင် ဖြစ်သည်။  ဤသည်မှာ တစ်ဖက်တွင် တိုးတက်မှုဘက်ကို ဦးတည်သည်ဟု ဆိုသော်လည်း တစ်ဖက်တွင် မိမိတို့၏ ယဉ်ကျေးမှုများကို အနေဝေးအောင် တွန်းပို့နေသည်ကို တွေ့မြင်နေရပါသည်။  တစ်ဖက်တွင်လည်း ပတ်ဝန်းကျင်၏ လွှမ်းမိုးတိုက်စားခြင်းကြောင့် မိမိတို့၏ ယဉ်ကျေးမှုများ ပျောက်ကွယ်နေရသည့် အချက်ကို သတိချပ်စေလိုပါသည်။ ဤသည်မှာ ထိုသူများကို အပြစ်ဆို၍ မရပါ။ အချို့တွင် နေရာဒေသနှင့် အခြေအနေအပေါ် မှုတည်ပြီး နေထိုင်ရာရသည်က တစ်ကြောင်း၊ နိုင်ငံရေးအသိပညာ အားနည်းသည်က တစ်ကြောင်း ရှိနေပါသည်။ ပတ်ဝန်းကျင်၏ လွှမ်းမိုး ၀ါးမြိုခြင်း ခံရမှုများကို ပအိုဝ်းအနည်းစု နေထိုင်သော နေရာဒေသများတွင် တွေ့မြင်နိုင်ပါသည်။ ဤအချက်သည်လည်း မိမိတို့ပအိုဝ်းလူမျိုးများ၏ ယဉ်ကျေးမှုများ ပျောက်ကွယ်မသွားစေရန် မိမိတို့ပအိုဝ်းလူမျိုးအနေနှင့် ထည့်သွင်းစဉ်းစားရမည့် အချက်တွင် ပါဝင်နေပါသည်။ 
ယဉ်ကျေးမှုဟုဆိုရာတွင် သူသူငါငါ အသိများသည့် အရာတစ်ခုမှာ ဓလေ့ထုံးစံပင် ဖြစ်သည်။ ပအိုဝ်းလူမျိုးများသည် အများအားဖြင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး ခရစ်ယာန်ဘာသာကို လည်း အနည်းအကျဉ်း ကိုးကွယ်ယုံကြည်ကြသည်။ အများအားဖြင့် တောင်ယာများလုပ်ကိုင်ကြပြီး စိတ်ထားဖြူစင်ကြသည်။ ဆရာတော်နှင့် ခေါင်းဆောင်ကြီးများ၏ သြ၀ဒကို ခံယူကြပြီး စုပေါင်းဆောင်ရွက်  တတ်ကြသော လူမျိုးဖြစ်သည်။ တောရွာများတွင် လူပျိုအပျို လည်သည့် ဓလေ့ရှိပြီး အချစ်ရေးဆိုရာတွင် ရိုးရှင်းသော စကားများဖြင့် လည်းကောင်း၊ စကားထာ စကားဝှက်များဖြင့် လည်းကောင်း ဆိုတတ်ကြသည်။ မိမိတို့ ပအိုဝ်းဝတ်စုံများကို အမြတ်တနိုး ၀တ်ဆင်ကြသည် စသည့် များပြားလှသော ဓလေ့ထုံးစံကို ပိုင်ဆိုင်ထားသည့် လူမျိုးဖြစ်ပါသည်။ 
ထိုချစ်စရာကောင်းသော ဓလေ့ထုံးစံများကို ကွယ်ပျောက်မသွားစေရန် ခေတ်စနစ်၏ ကြိုးဆွဲရာတွင် သတိပြုနေထိုင်တတ်ရမည် ဖြစ်သည်။ ယခင်က ကိုးရီးယားဇာတ်လမ်း မပေါ်မီ အချိန်တွင် မိမိတို့လူမျိုး အကွဲအပြဲ၊ ဆန်းပြားသောဝတ်စုံများ ၀တ်ဆင်ခြင်း မရှိပေ။ အရေးအကြောင်း တစ်ခုခုပေါ်ပါက်ပါက ခေါ်ရပြောရ လွယ်ကူ၏။ ဆိုင်ကယ်၊ ကား ခေတ်မစားမီ အချိန်ကာလတွင် မိမိလူမျိုးတို့သည် ကျောင်းကန်၊ ပွဲလမ်းသဘင်များကို ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနှင့် သွားကြသည်။ ဖုန်းခေတ်မပေါ်မီ မိမိတို့ ပအိုဝ်းလူပျို အပျိုများ ဆွမ်းတော်ပြင်ဆင်ရာတွင် လည်းကောင်း၊ ကျောင်းသား/သူများ စာကျက်ရာတွင်လည်းကောင်း၊ သာရေး၊ နာရေး ကူညီဆောင်ရွက်ရာ တွင်လည်းကောင်း တက်တက်ကြွကြွရှိပါသည်။ Facebookက မွေးဖွားပေးသော ယဉ်ကျေးမှုလားမသိ မိသားစုတောင် စကားသိပ်မပြောဖြစ်တော့ပေ။ ဤသည်မှာ ခေတ်စနစ်၏ ကြိုးဆွဲရာကို လိုက်က နေရသောကြောင့် တစ်ဖက်တွင် မိမိတို့လူမျိုးများ၏ ဓလေ့ထုံးစံများ အထီးကျန်နေရပါသည်။ ခေတ်စနစ်အပြောင်းအလဲကို မလိုက်လျောပြန်သော်လည်း ခေတ်စနစ်၏ ပစ်ပါယ်မှုကို ခံရတတ်ပြန်၏။ မည်သို့ပင် ဖြစ်စေကာမှု ပအိုဝ်းလူမျိုးများအနေနှင့် မိမိတို့၏ ရင်ဘတ်ထဲတွင် မိမိတို့ပအိုဝ်းလူမျိုး၏ ယဉ်ကျေးမှုများကို ထိန်းသိမ်းရမည်ဟူသော အသိစိတ်ကို အစဉ်ကိန်းအောင်းနေစေလိုပါသည်။ 
မည်သို့ပင် ဖြစ်စေကာမူ အကြောင်းကြောင့် အကျိုးဖြစ်လာသည်။ သမိုင်းကို မချစ်လျှင် သမိုင်း၏ တရားခံ ဖြစ်တတ်သကဲ့သို့ မိမိတို့၏ယဉ်ကျေးမှုကို မချစ်လျှင် မိမိတို့လူမျိုး ကွယ်ပျောက်သွားနိုင်သည့် တရားခံဖြစ်မည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ဘ၀ရှင်သန်ရာခြင်းမတူသော ရှုပ်ထွေးလှသည့် လူ့ဘ၀တွင် နေထိုင်ကြသော ပအိုဝ်းလူမျိုးသည် မိမိတို့၏ ယဉ်ကျေးမှုများကို မြှင့်တင်ရန် တစ်ချို့သောနေရာ၌ အခက်အခဲများနှင့် ကြုံတွေ့နေရတတ်ပါသည်။ သို့သော် မိမိတို့လူမျိုး၊ မိမိတို့ ယဉ်ကျေးမှုများအပေါ် ထာဝစဉ် ချစ်မြတ်နိုး နေရမည် ဖြစ်သည်။ မိမိတို့၏ ယဉ်ကျေးမှု ကွယ်ပျောက်ခြင်း၊ မပျောက်ခြင်းသည် မိမိတို့ ပအိုဝ်းလူမျိုးနှင့်သာ သက်ဆိုင်သောကြောင့် မိမိတို့ပအိုဝ်းလူမျိုးများ အနေနှင့် မိမိတို့၏ ယဉ်ကျေးမှုများ ထာဝစဉ် ခိုင်မာစေရန်အတွက် မိမိတို့ တတ်ကျွမ်းသော အဘက်ဘက်မှ ၀ိုင်းဝန်းလှုပ်ရှား ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းလိုက်ရပါသည်။ 

ခွန်ထင်;လေအောင်;


Powered by Blogger.