Thursday, May 12, 2016

သိထားသင့်သော လယ်ယာမြေကိစ္စရပ်များနှင့် စီမံခန့်ခွဲမှုအဖွဲ့အစည်းများ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၁၃) ရက်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နေထိုင်ကြသောတိုင်းရင်းသားများသည် အများအားဖြင့် စိုက်ပျိုးရေးကို လုပ်ကိုင်ဆောင်ရွက်သည့် တောင်သူလယ်သမားများဖြစ်ကြသည်။ သို့ဖြစ်ပါ၍ တောင်သူများလိုက်နာရန် စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများ၏ တာဝန်၊ ၀တ္တရား၊ လုပ်ပိုင်ခွင့်နှင့် လယ်ယာမြေဥပဒေ၊ သစ်တောဥပဒေ၊ အစရှိသည့် တောင်သူလယ်သမားနှင့် သက်ဆိုင်သောဥပဒေများကို ပြဌာန်းထားပါသည်။ ထို့ကြောင့် မိမိမြန်မာနိုင်ငံတော်တွင် တရားဥပဒေစိုးမိုးမှု(Rule Of Law) ရှိလာရေး အတွက် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရန် လူတိုင်း၌ တာဝန်ရှိပါသည်။ “ဥပဒေကိုမသိ နားမလည်ဟုဆိုရုံမျှဖြင့် ဥပဒေကသင့်ကို ခွင့်လွတ်လိမ့်မည်မဟုတ်” ဟူသည့်အတိုင်း လူတိုင်းက ဥပဒေကိုလိုက်နာရမည်မှာ အမှန်ပင်ဖြစ်ပါသည်။
လယ်ယာမြေကိစ္စရပ်များဆောင်ရွက်ရန်ရှိပါက ဥပဒေပါ စကားရပ်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုလည်း နားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဥပဒေကိုသက်ဆိုင်ရာ ရေတိုရေရှည်လုပ်ငန်း အသုံးရန်ပြုရန်အတွက် အဓိကအသုံးပြုသွားမည်ဖြစ်သောကြောင်း ဖြစ်ပါသည်။ တစ်ဆက်တည်း၌  တောင်သူလယ်သမားဆိုသည့်အဓိပ္ပါယ်ကိုလည်း နားလည်ထားရပါမည်။ သို့မှသာ မိမိနှင့် မိမိလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများအဆက်အစပ် ရှိနေမည်ဖြစ်ပါသည်။
ကျေးလက်နေပြည်သူများအနေဖြင့်လည်း အဓိကအရေးပါသော မြေယာစီမံခန့်ခွဲမှု ဆိုင်ရာ အဖွဲ့(၃)ဖွဲ့ ကိုသတိပြုမှတ်သားပြီး ၎င်းတို့၏တာဝန်နှင့် လုပ်ငန်းသဘောသဘာဝကို ယေဘုယျနားလည် ထားသင့်ပါသည်။
 ၁။ ဗဟိုလယ်ယာစီမံခန့်ခွဲမှု အဖွဲ့အနေနှင့် အမြဲတမ်းစိုက်ပျိုးမြေဖြစ်သော လယ်ယာမြေများကို စီမံခန့်ခွဲရန်အတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးမှဥက္ကဌအဖြစ်ဆောင်ရွက်၍ အခြားအစိုးရဌာန အကြီးအကဲများနှင့်လည်းဖွဲ့စည်းထားပါသည်။ ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာအုပ်စုအဆင့်အထိ လယ်ယာ စီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းထားပါသည်။ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဥက္ကဌအဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ ဆောင်ရွက်ပါသည်။ ဤအဖွဲ့အနေဖြင့် လယ်ယာမြေမှတ်ပုံတင်ခြင်း၊ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်၊ ပေါင်နှံရောင်းချ၊ ငှားရမ်း၊ ပေးကမ်း၊ လဲလှယ်ခြင်းတို့သာမက မြေနုကျွန်းလုပ်ပိုင်ခွင့်နှင့်  ရွှေ့ပြောင်းတောင်ယာခုတ်ထွင် စိုက်ပျိုးရေးကိစ္စတို့နှင့် ပတ်သက်သောကိစ္စရပ်များကို တာဝန်ယူစီမံအုပ်ချုပ်သွားရန်ဖြစ်သည်။ ဗဟိုလယ်ယာစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေအငြင်းပွားမှု များကိုလည်းအဓိက ဖြေရှင်းဆောင်ရွက်ပေးမည့်အဖွဲ့လည်း ဖြစ်သည်။

၂။ မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၊ လုပ်ငန်းအဖွဲ့နှင့် အထူးအဖွဲ့များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်သည် မြေလွတ်မြေလပ်နှင့် မြေရိုင်းများအသုံးပြုရန် လျှောက်ထားမှုများကိုစိစစ်ခွင့် ပြုရန်နှင့် အမှန်တကယ်အသုံးချမှုကို စိစစ်ကြီးကြပ်စီမံခန့်ခွဲနိုင်ရန် ဗဟိုကော်မတီကို ပြည်ထောင်စုအဆင့် တွင် ဖွဲ့စည်းပြီးလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးသည် ဥက္ကဌ အနေဖြင့်ပါဝင်ပြီး အခြားသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းမှ တာဝန်ပေးအပ်ခံရသူများပါဝင်သည်။ မြေလွတ် မြေရိုင်းလျှောက်ထားသည့်ကိစ္စရပ်များအား စိစစ်သုံးသပ်နိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် လုပ်ငန်းအဖွဲ့များနှင့် လုပ်ကိုင်ခွင့်ရသူများစည်းကမ်းချက်နှင့်အညီ လုပ်ငန်းဆောင်ရွက်ခြင်း ရှိမရှိစစ်ဆေးရန် အထူးအဖွဲ့များကို ဗဟိုကော်မတီမှ ဖွဲ့စည်းဆောင်ရွက်သည်။
၃။ မြေယာခွဲဝေအသုံးချမှု စိစစ်ဆောင်ရွက်ရေးကော်မတီသည် ပြည်ထောင်စုအဆင့်တွင်သာ ဖွဲ့စည်း၍  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဌအဖြစ် ပါဝင်၍ အခြားဌာနဆိုင်ရာတာဝန်ပေးအပ်သူများ ပါဝင်သည်။ ဤကော်မတီ၏ အဓိကတာဝန်မှာ မြေအသုံးချရေးဆိုင်ရာမူဝါဒရေးဆွဲ လမ်းညွန်ချက်ပေးရန်နှင့် မြေယာခွဲဝေမှုများကို ချမှတ်ထားသော မူဝါဒလမ်းညွန်ချက်နှင့် အညီစိစစ်သုံးသပ်သွားရန်ဖြစ်သည်။ သစ်တော၊ စိုက်ပျိုးမွေးမြူရေး၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ၊ အခြားမြေအသုံးချမှုဆိုင်ရာများနှင့် ပတ်သက်၍ မူဝါဒပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းအထောက်အကူပြုရန် အဓိကရည်ရွယ်ပါသည်။
ထို့ကြောင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူများကို ၎င်း၏ လုပ်ပိုင်ခွင့်  အခွင့်အရေးများကို အပြည့်အ၀ပေးရန် လိုအပ်ပါသည်။ ထိုအခွင့်အရေးများသည် တောင်သူလယ်သမားများအနေဖြင့် အောက်ဖော်ပြပါ ဥပဒေပါ ပြဌာန်းထားသည့်အတိုင်း ခံစားခွင့်များ ရရှိနိုင်သည်။ လက်ဝယ်ထားပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်အပြည့်အ၀ပေးရန်၊ အကျိုးအမြတ်ခံစားပိုင်ခွင့် အာမခံချက်ရရှိရန်၊ ရောင်းချခွင့်ဟုဆိုရာ၌ ပြည်သူလူထု ထိုက်သင့်လျှောက်ပတ်သော ဈေးနှုန်းအတိုင်း ရရှိစေရန်၊ ပေါင်နှံ၊ ဌားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်နှင့် အမွေဆက်ခံခွင့်၊ အမွေဆက်ခံမှု အငြင်းပွားမှုဖြစ်ပါက ဥပဒေနှင့်အညီ တရားရုံးတွင် အဆုံးအဖြတ်ခံယူရာ၌ မိမိတို့ဘက်က နစ်နာမှုမရှိလေအောင် အကာအကွယ်ပေးရန်နှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြုပ်နှံလိုသူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရာတွင် မိမိတို့ဘက်မှ နစ်နာမှုမရှိစေရန် စသည့်အခွင့်အရေးများ အပြည့်အ၀ခံစားနိုင်ရမည်။ တောင်သူလယ်သမားများအနေဖြင့် သတ်မှတ် ထားသည့်စည်းကမ်းများကို လိုက်နာရန် တာဝန်ရှိပြီး၊ ထိုစည်းကမ်းများကို မဖောက်ဖျက်ပါက အဆိုပါ လုပ်ပိုင်ခွင့် အခွင့်အရေးများကို ရရှိမည်ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံတွင် တောင်သူလယ်သမားများအနေဖြင့်ရပိုင်ခွင့်၊ အခွင့်အရေးများရရှိသလို လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများကိုလည်း တိကျသေချာစွာ  လိုက်နာရမည်ဖြစ်သည်။ လယ်ယာမြေဥပဒေပါ လုပ်ပိုင်ခွင့်ရသူများ၏အခွင့်အရေးများကို  ၂၀၁၂ - ခုနှစ်၊ သြဂုတ်လ (၃၁)ရက်မှစ၍ မြေအသုံးချခွင့်ရသူ တောင်သူတိုင်း လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်လျှောက်ထားရယူပြီး၊ အောက်ဖော်ပြပါ တာဝန်နှင့် စည်းကမ်းချက်တွေလိုက်နာရန်လိုပါသည်။  မြေခွန်နှင့် အခြားအခွန်အခများကို ဥပဒေအတိုင်း ပေးဆောင်ရမည်။ လယ်ယာမြေရောင်းချ၊ ပေါင်နှံ၊ ဌားရမ်း၊ လဲလှယ်၊ ပေးကမ်းခြင်းနှင့် အမွေဆက်ခံခြင်းကိစ္စရပ်များကို သက်ဆိုင်ရာ မြို့နယ်မြေစာရင်းရုံးတွင် မှတ်ပုံတင်ရပါမည်၊ ကျသင့်သည့် မှတ်ပုံတင်ခနှင့် စာချုပ်ခေါင်း အခွန်ပြေစာပေးသွင်းပြီး မှတ်ပုံတင်ရမည်။ လယ်ယာမြေကို အမွေဆက်ခံခွင့်ရရှိပါက သက်ဆိုင်ရာမြို့နယ် မြေယာစာရင်းရုံးတွင် မှတ်ပုံတင်ခြင်းများပြုလုပ်ရမည်။ ပေါင်နှံခြင်းပြုလုပ်ပါက အစိုးရဘဏ် သို့မဟုတ် အစိုးရအသိအမှတ်ပြုသော ဘဏ်တွင်သာ ပေါင်နှံရမည်။ တရားဝင်ခွင့် ပြုချက်မရှိဘဲကျူးကျော်မလုပ်ကိုင်ရ။ ခွင့်ပြုချက်မရဘဲ မြေအသုံးချခြင်း မပြောင်းလဲရ။ ခွင့်ပြုချက်မရရှိဘဲ သီးနှံပြောင်းလဲစိုက်ပျိုးခြင်းမပြုရ။ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေလှပ်မထားရ။ လယ်ယာမြေလုပ်ပိုင်ခွင့်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ နိုင်ငံတော်ခွင့်ပြုမိန့်မရဘဲ နိုင်ငံခြားသား(သို့) နိုင်ငံခြားသားပါဝင်သော အဖွဲ့အစည်း၊ ရောင်းချ၊ ပေါင်နှံ၊ ဌားရမ်း၊ လဲလှယ်၊ ပေးကမ်းခြင်းများ မပြုရ စသည့်အချက်အလက်များသည် တောင်သူလယ်သမား၊ မြေယာလုပ်ပိုင်ခွင့်ရသူများ၏ လိုက်နာရမည့် တာဝန်၊ ၀တ္တရားများ၊ စည်းကမ်းများပင်ဖြစ်သည်။
တောင်သူများအနေဖြင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း အစရှိသောမြေများကို လယ်ယာလုပ်ပိုင် ခွင့်လျှောက်ပြီးပါက လယ်ယာလုပ်ပိုင်ခွင့် ဥပဒေအတိုင်း လယ်ယာမြေများကို အသုံးချရာတွင် ၊ အခြားနည်းဖြင့် အသုံးချခြင်း၊ လယ်ယာမြေသည် အမြဲတမ်း စိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက် သတ်မှတ်ခွင့်ပြုထားသောမြေဖြစ်သည်။ လယ်ယာမြေများကို စိုက်ပျိုးရေးအတွက် အသုံးမပြုဘဲ အခြားနည်းလမ်းများဖြင့် (ဥပမာ-အိမ်ဆောက်လုပ်ခြင်း၊ မွေးမြူရေးစားကျက်ပြုလုပ်ခြင်း၊ ငါးကန်ပြုလုပ်ခြင်း၊ သစ်တောတည်ထောင်ခြင်း) အသုံးမပြုမပါက ရေရှည်တွင် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေးကို ထိခိုက်စေနိုင်ပါသည်။ သို့ဖြစ်၍ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုလိုပါက သက်ဆိုင်ရာမှခွင့်ပြုချက် ရယူရန်လိုအပ်ပါသည်။ ထို့ကြောင့် မြေယာကို အခြားနည်းဖြင့် အသုံးပြုလိုလျှင် မြို့နယ်မြေစာရင်းရုံးတွင် လျှောက်ထားရမည်။ မြို့နယ်မြေစာရင်းရုံးမှ ကွင်းဆင်းစစ်ဆေးပြီး တွေ့ရှိချက်ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်ကာ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆက်လက် တင်သွားပြသွားမည်။ ခရိုင်မြေယာ စီမံခန့်ခွဲမှုအဖွဲ့မှ ပြည်နယ်/တိုင်း လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ကို ဆက်လက်တင်ပြသွားမည်။ လျှောက်ထားသော မြေသည် လယ်ယာမြေဖြစ်ပါက  ပြည်နယ်/တိုင်း လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ သဘောထားမှတ်ချက်ဖြင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြ ရမည်။ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုမိန့် ထုတ်ပေးခြင်း/ ငြင်းပယ်ခြင်း ဆောင်ရွက်မည်။ လျှောက်ထားသည့် လယ်မြေမှတပါး အခြားလယ်ယာမြေဖြစ်ပါက အမှုတွဲကို ပြည်နယ်/တိုင်း အစိုးရအဖွဲ့သို့တင်ပြကာ ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း ဆုံးဖြတ်ချက် ရရှိမည်ဖြစ်သည်။
ထို့ကြောင့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာအကြောင်းကို ဖတ်လိုက်ရခြင်းအားဖြင့် တောင်သူများသည် ဥပဒေပြဌာန်းချက်များအရ လယ်ယာလုပ်ပိုင်ခွင့် မြေများအသုံးပြုပိုင်ခွင့်များ သိရှိနိုင်မည်ဖြစ်သကဲ့သို့ တောင်သူများအနေဖြင့်လည်း ဤဥပဒေတွင်ပါရှိသည့် တာဝန်ဝတ္တရားများကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မိမိတို့တောင်သူဘ၀အာမခံချက်နှင့် နိုင်ငံတော်ဘဏ္ဍာအတွက် တစ်ဘက်တစ်လမ်းမှ ၀င်ငွေပေးဆောင်ရာရောက်ကြောင်း တင်ပြလိုက်ရပါသည်။

ကိုးကားချက်    -    မြေယာရပိုင်ခွင့်များ၊ မြေယာစောင့်ရှောက်ရေး တောင်သူတိုးချဲ့ ပညာပေးမှတ်စု

ခွန်ဟော်ထို (သီးသဲင်းဝေင်နယ်)
Powered by Blogger.