Sunday, May 29, 2016

ကောင်းမွန်သော ဆက်ဆံရေး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၃၀) ရက်


ဆက်ဆံရေးသည် လူမှုအသိုင်းအ၀ိုင်း နယ်ပယ်အသီးသီးတွင် အရေးကြီးလှသည်။ မည်သည့် အလုပ်တွင်မဆို ဆက်ဆံရေးကောင်းမွန်မှသာ အလုပ်ခွင်၌် အဆင်ပြေမည်ဖြစ်သည်။ စီးပွားရေးကောင်းမွန်သူတစ်ဦးသည် မည်မျှပင်စီးပွားရေးကောင်းမွန်စေကာမူ ဆက်ဆံရေးမကောင်းလျှင် ထိုသူ၏ စီးပွားရေး နယ်ပယ်တွင် အဆင်မပြေမှုများလာနိုင်ပါသည်။ ကုန်စုံဆိုင်၊ စားသောက်ဆိုင်များတွင်လည်း ပစ္စည်း၊ အစား အသောက် မည်မျှပင်စုံလင်ကောင်းမွန်စေကာမူ၊ ထိုဆိုင်များတွင် လုပ်ကိုင်နေသော အရောင်းဝန်ထမ်းများ ဆက်ဆံရေးမကောင်းလျှင် ၀င်ရောက်ဝယ်ယူသုံးဆောင်မည့် ပုဂ္ဂိုလ်နည်းပါးနေမည်ဖြစ်သည်။  အဖွဲ့အစည်းတွင် လုပ်ကိုင်နေသော ပုဂ္ဂိုလ်များသည်လည်း ဆက်ဆံရေးကောင်းမွန်မှသာ အဖွဲ့အစည်း တစ်ခုနှင့် တစ်ခု ပူးပေါင်းဆောင်ရွက်ရန် အဆင်ပြေမည်။ ထို့ကြောင့် နေရာတိုင်းတွင် အဆင်ပြေချောမွေ့စေရန် ဆက်ဆံရေးကောင်းမွန်သော လူတစ်ယောက်ဖြစ်ရန်လိုအပ်သည်။
ဆက်ဆံရေးကောင်းမွန်သော လူတစ်ယောက်ဖြစ်ရန် လူလူချင်းတွေ့လျှင် သဘောကျရမည်။ “ငါ” ဟူသောစကားကို လျှော့သုံးရမည်။ “ရှင်၊ ခင်ဗျား၊ သင်”များများသုံးရမည်။ တစ်ဖက်လူ၏ ပြဿနာကို စိတ်ဝင်စားရမည်။ စိတ်ဝင်စားမှုကို ပြသတတ်လျှင် သူတစ်ပါးလည်း ၀မ်းသာမည်။ မိတ်ဆွေကောင်းရရန် အချိန်ပေးရမည်။ ကိုယ်ကျိုးတစ်ခုတည်းသာ မကြည့်ရ။  ပြုံးရွှင်သောမျက်နှာထားသည်လည်း ဆက်ဆံရေးတွင် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။ အပြုံးဟူသည် “မိမိကသဘောကျကြောင်း၊ တွေ့ရတာ ၀မ်းသာကြောင်း” ဖော်ပြပေးနေသည်။ အပြုံးသည် သင်တန်းဆင်းလက်မှတ် ရတာထက်ပို၍ အရေးကြီးသည်။ ပြုံးရွှင်သောမျက်နှာသည် ၀ယ်ယူချေးငှား၍ မရနိုင်ပါ။ ပေးတတ်မှသာလျှင် အသုံးတည့်သည့် လက်နက်သဖွယ်ဖြစ်သည်။ ပြုံးရွှင်သော မျက်နှာထားရှိမှသာလျှင် ဆွဲဆောင်မှုကောင်းမွန်သော ဆက်ဆံရေးရရှိ မည်ဖြစ်သည်။ လူမှုဆက်ဆံရေးပညာတွင် ဆွဲဆောင်မှုကောင်းသောဆက်ဆံရေး ရှိခြင်းသည် သံလိုက် ဓါတ်အားကောင်းခြင်းကဲ့သို့ပင်ဖြစ်သည်။ ဆက်ဆံရေး သံလိုက်ဓါတ်အားကောင်းသူများသည် အဆိုးမြင် စိတ်ဓါတ်မရှိကြဘဲ၊ အကောင်းမြင်စိတ်ဓါတ်အားကောင်း သူများဖြစ်ကြသည်။ လူအများစိတ်ဓါတ်ကို ဆွဲဆောင်စေနိုင်ရုံမျှမက သူတို့၏ စိတ်ဓါတ်ကိုလည်း မြင့်မားသထက်မြင့်မားအောင် မြင့်တင်ပေးနိုင်ကြသည်။ ပွင့်လင်းစွာပြောဆိုတတ်သူများကို လူအများက ချစ်ခင်လေးစားကြသည်။
ဆွဲဆောင်မှုရှိသော ဆက်ဆံရေးသံလိုက်ဓါတ်အားကောင်းသူဖြစ်အောင် မည်သို့မည်ပုံ နေထိုင်ကြရမည်မှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ အခြားလူများမှ ကောင်းသည့်အရည်အချင်းများကို ရှာဖွေကြည့်ခြင်း။
၂။ အပြစ်ရှာဝေဖန်မှု မရှိခြင်း။
၃။ မည်မျှသေးငယ်သည်ဖြစ်စေ၊ အောင်မြင်မှုကို အသိအမှတ်ပြုခြင်း။
၎။ ပြုံးပြုံးရွှင်ရွှင်ရှိခြင်း။
၅။ ပွင့်လင်းသည့်စိတ်ရှိခြင်း။
၆။ အခြားလူများအပေါ် အမှန်တကယ် စိတ်ဝင်စားမှုရှိခြင်း။
၇။ မိမိကပြောခြင်းထက်၊ အကြိမ်များစွာ ပိုနားထောင်ခြင်း။
၈။ ပေးအပ်ခြင်း။
၉။ ငြင်းခုံမှုမပြုခြင်း။
ဤအချက်များသည် မိမိစိတ်ကို ဖြူစင်သန့်ရှင်းစေပြီး လူအများ၏ လေးစားမှုကိုရရှိစေပါသည်။ ဤပုဂ္ဂိုလ်မျိုးမှသာလျှင် ဆွဲဆောင်မှုရှိပြီး ဆက်ဆံရေးသံလိုက်ဓါတ်အားကောင်းသူ ဖြစ်ပါလိမ့်မည်။
အချုပ်အားဖြင့်ဆိုရသော် ဆက်ဆံရေးသည် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး အစရှိသော နေရာများတွင် အရေးပါအရာရောက်လှသောကြောင့်  ဆက်ဆံရေးကောင်းမွန်သောသူ ဖြစ်အောင်ကြိုးစားနေထိုင်ရန် လိုအပ်ပါသည်။  ဆက်ဆံရေးသည် လူတိုင်းအတွက်အရေးကြီးသည်။ ဆက်ဆံရေးကောင်းမွန်လျှင် ပဋိပက္ခနည်းပါးမည်။ ထို့ကြောင့် ကမ္ဘာကြီးငြိမ်းချမ်းအောင်ဖော်ဆောင်ရန် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားသင့်ပါသည်။


No.1
ကိုးကားချက် -  အရှင်က္ကုဒ္ဓိယ
နန်းခမ်းညာ (ကောင်တန်ဒေသ)

Powered by Blogger.