Tuesday, May 31, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုအလုပ်အမှုဆောင် (စတုတ္ထအကြိမ်) မျက်နှာစုံညီ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၃၁) ရက်






၂၀၁၆-ခုနှစ်၊ မေလ(၃၁)ရက်၊ အင်္ဂါနေ့ တောင်ကြီးမြို့ ကန်ကြီးရပ်ကွက် ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ကွင်းတွင် (၂၀၁၅-၂၀၂၀) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုအလုပ်အမှုဆောင် (စတုတ္ထအကြိမ်) မျက်နှာစုံညီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုအလုပ်အမှုဆောင် သဘာပတိဦးခွန်မောင်တုတ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး ပြီးခဲ့သည့်ရွေးကောက်ပွဲကာလနှင့် ရုံးအတွင်းရှိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှေးဆက်လုပ်ရမည့်လုပ်ငန်စဉ်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို ဗဟိုအလုပ်အမှုဆောင်များအနေဖြင့်  အကျယ်တ၀င့် တင်ပြဆွေးနွေးကြရန် ပြောကြားသည်။ ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုအလုပ်အမှုဆောင် ဥက္ကဌ ဦးခွန်စံလွင်မှ အမှာစကား ပြောကြားချက်မှာ အနာဂတ်တိုင်းပြည်တစ်ခုလုံး စည်းပင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွှတ်ရန် လိုအပ်ကြောင်း၊ သို့မှသာလျှင် မိမိတို့မျော်လင့်ထားသော   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်မည်ဖြစ်ပါကြောင်း၊ ဆဋ္ဌမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံမှ ချမှတ်ထားသော ရှေးလုပ်ငန်းစဉ်များ (၉)ရပ်ကိုလည်း အကောင်အထည်ဖော် လှုပ်ရှားဆောင်ရွက်နေကြောင်း၊ ၂၀၁၅-ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွှေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် လွတ်တော်ကိုယ်စားလှယ် (၁၁) ဦးဝင်ရောက်ယှဉ်ပြိုင်ရာမှာ၊ လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးက အနိုင်ရရှိခဲ့ပါကြောင်း၊ မိမိတို့ပါတီမှ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီ စည်းလုံးညီညွှတ်မှုကြောင့် အောင်မြင်မှုများရရှိခဲ့ပါသည်။   ဒီအောင်မြင်မှုများကို ကျေနပ်အားရမှုမရှိဘဲ ဆက်လက်ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း၊ အခြားလူမျိုးများလုပ်ဆောင်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လေ့လာဆည်းပူးရန် လိုအပ်ကြောင်း၊ မိမိတို့အမျိုးသားအနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ်လူငယ်များကိုလည်း လက်တွဲရန်၊ အားပေးကူညီရန် အလွန်ပင်လိုအပ်ကြောင်း၊ အမျိုးသားပေးတာဝန်များကို မိမိတို့ကိုယ်စီ ပခုံးနှစ်ဖက်တာဝန်ယူထမ်းဆောင်ရန် လိုအပ်ကြောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် အသက်သွေးကြေားတဖွယ်ဖြစ်သော အမျိုးသားရေးလုပ်ငန်းစဉ်များကို  မိဘပြည်သူများထံအချိန်မှီ ပြန်လည် ပြောပြနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး၊ ပညာရေးနှင့်  အမျိုးသားရေးလုပ်ငန်းများကို မည်သို့ ရှေ့ဆက်လုပ်ဆောင်ရမည်ကိုလည်း ပြောပြရန်လိုအပ်ကြောင်း၊ ဒီကနေ့ ခေတ်အခြေအနေအရ အမျိုးသားရေးလုပ်ငန်းဆောင်ရွက်ရာတွင် ညီညွှတ်မှု၊ ပူးပေါင်းပါဝင်မှု၊ အားပေးကူညီမှုများရှိနေသည်ကို မြင်တွေ့နေရပါကြောင်း၊ မိမိတို့ပအိုဝ်းအမျိုးသားများသည် အမျိုးသားနိုင်ငံရေးကို အစဉ်ထာဝရဦးတည် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး စသည့်အရေးအရာများကို ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်လူကြီးမင်းများ လုပ်ကိုင်ဆောင်ရွက်သွား ကြမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အစိုးရသည် ဒုတိယပင်လုံညီလာခံ ကျင်းပနိုင်ရန် မူဝါဒ(၈)ချက်ဖြင့် ရက်(၁၀၀) စီမံကိန်းများ ချမှတ်သွားသည်ကို လူတိုင်းအသိပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရဖော်ဆောင်သော နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဗဟိုအလုပ်အမှုဆောင်များအနေဖြင့် မျက်ခြေမပြတ် လေ့လာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အမျိုးသားများရဲ့ လူနေမှုဘ၀ သူတစ်ပါးဖိနှိပ်မှုများမခံရလေအောင် လူတိုင်းကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ မိမိတို့လူမျိုး မျိုးနွယ်စုများနှင့် မိမိတို့လူထုအသိတရားများရရှိရန်အတွက် ၀ိုင်းဝန်းကြိုးစားပေးကြရန် လိုအပ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များ ပြည်တွင်းပြည်ပ ချိတ်ဆက်နိုင်ရန်အတွက် လိုအပ်သည့်ဆက်သွယ်ဆက်ဆံရေး အရည်အသွေး ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်း၊ မိမိတို့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ပအိုဝ်းတမျိုးသားလုံး၏ မူဝါဒရှေးလုပ်ငန်းစဉ်များ(၉)ရပ်ကို အစဉ်တစိုက်ကျင့်သုံးသွားရမည်ဖြစ်သည်။ မိဘပြည်သူများအသိပညာ တိုးတက်လာလေလေ ကျွှန်ပ်တို့အမျိုးသားရေးအတွက် အားကိုးရလေလေ၊ အနာဂတ်တိုင်းပြည်အတွက် စိတ်ချရလေလေဖြစ်ကြောင်း ၊ ယနေ့ဗဟိုအလုပ်အမှုဆောင်သည် ပြည်တွင်း၊ ပြည်ပအလှူရှင်များမှ လာရောက်ကူညီပံ့ပိုးပေးသော သဘာဝအရင်းအမြစ်များ၊ သဘာဝထိန်းသိမ်းရေးနည်းလမ်းများ ဒေသဖွံ့ဖြိုးရေး အခွင့်အလမ်းများကို လက်မလွှတ်စေပဲ မိမိတို့ဒေသတွင်း ကျရောက်လာနိုင်ရန်အတွက် ဗဟိုအလုပ်အမှုဆောင်များမှ ကြိုးပမ်းရမည်ဖြစ်သည်။ ပအိုဝ်းလူငယ်မောင်မယ်များသည်  တရားဝင်အစိုးရ၀န်ထမ်းများ ဖြစ်လာရန်နှင့် နိုင်ငံတော်စိုးရအဖွဲ့တွင် ပအိုဝ်းလူမျိုးများစွာ ပါဝင်နိုင်ရန်အတွက်  ကြိုးစားရန်လိုအပ်ကြောင်း၊ မိမိတို့ပအိုဝ်းလူမျိုးများ ရသင့်ရထိုက်သော အခွင့်အရေးများကို ဥပဒေဘောင်အတွင်းတွင်ရနိုင်ရန် ကြိုးပမ်းအားထုတ်ရမည် ဖြစ်ကြောင်း၊ ဒုတိယ ပင်လုံညီလာခံတွင် မိမိတို့လူမျိုးများနှင့်ထိုက်တန်သော အခွင့်အရေးများကို ရယူနိုင်ရန်  ကြိုတင်ပြင်ဆင်ထားကြမည်ဖြစ်ကြောင်း၊ ယနေ့မျက်နှာစုံညီအစည်းအဝေးပွဲတွင် ကြွရောက်လာကြသော ဗဟိုအလုပ်အမှုဆောင်အနေဖြင့် မိမိတို့လူမျိုးအခွင့်အရေးများ ရယူနိုင်ရန်အတွက် စည်းလုံးညီညွှတ်မှုသည် အလွန်ပင်လိုအပ်ကြောင်း ပြောကြားသွားပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေ (ခ) ဟိုက်ဇော်ဝမ်းမှ အမှာစကားပြောကြားရာတွင်- ဗဟိုအလုပ်အမှုဆောင်ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်မှာ  ပြီးခဲ့သည့်၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အခြေအနေများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ဝန်ထမ်းများမှ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ပြန်လည်တင်ပြခြင်းနှင့် မြို့နယ်အလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခြင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ (၅)နှစ်တာကာလ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အခြေအနေများကို ဆွေးနွေးတင်ပြသွားကြရန်နှင့်  ဌာနတစ်ခုချင်းစီရဲ့ လုပ်ငန်းတာဝန် တင်ပြချက်များကို ဗဟိုအလုပ်အမှုဆောင်အနေဖြင့် အကြံဥာဏ်ကောင်းများ ပေးနိုင်ရန်လိုအပ်ကြောင်း လက်ရှိနိုင်ငံရေးအရ မိမိတို့ပအိုဝ်းဒေသတွင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး လုံခြုံရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ လူတိုင်းတွင် တာဝန်ရှိပြီး မည်သူမဆို အစဉ်တစိုက် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ၊ မဲဆန္ဒနယ်(၁) ဦးခွန်လှဆန်းသည် (၅)နှစ်တာကာလ လုပ်ငန်းဆောင်ရွက်မှုများ ဆွေးနွေးတင်ပြခြင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)  ဗဟိုဌာနချုပ်ရုံး၊ ရုံးအဖွဲ့မှူး ဦးစောခွန်ကျော်ဝင်းမှ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အခြေအနေများကို ပြန်လည်သုံးသပ်ခြင်း တင်ပြဆွေးနွေးပေးခဲ့ခြင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးရှိ စီမံဌာနမှ ဌာနမှူး ခွန်ကျော်အေး၊ လွှတ်တော်ရေးရာဌာနမှ ဌာနမှူး ခွန်အောင်နိုင်၊ ပြန်ကြားရေးဌာနမှ ဌာနမှူး ခွန်ထွန်းလှအောင်၊ ဥပဒေရေးရာဌာနမှ ခွန်ထွိုင်း၊ နည်းဗျူဟာနှင့် သုတေသနဌာနမှ ဌာနမှူး ခွန်ချစ်တင်၊ ၀ပ်ဆိုက်ဌာနမှ ခွန်အောင်မျိုးဦး၊ လေ့ကျင့်ရေးနှင့် ပညာပေးရေးဌာနမှ ဌာနမှူး ခွန်ဆောင်းရွှေ၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ဌာနမှုး ဆရာခွန်ကြည်၊ဥပဒေရေးရာဌာနမှ ခွန်စောလွင်၊ ဘဏ္ဍာရေးဌာနမှ ခွန်အောင်နိုင်၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)ဗဟိုမှ ခွန်စိုးမောင်၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)မှ အတွင်းရေးမှုး ခွန်ချစ်ဦးတစ်နှစ်တာကာလ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြသည်။
ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှဖွဲ့စည်းထားသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအတွက် နည်းပညာ အထောက်အကူပြုအဖွဲ့တာဝန်ခံ ခွန်စောလွင်မှ လုပ်ငန်းအခြေအနေများကိုတင်ပြခြင်း၊ အတွင်းရေးမှုး အထောက်အကူပြုအဖွဲ့ကိုယ်စား ရုံးအဖွဲ့မှုး စောခွန်ကျော်ဝင်းမှဆွေးနွေးတင်ပြခြင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အတွင်းရေးမှုးချုပ် ဦးခွန်သိန်းဖေမှ အမျိုးသားရေး ရှေးလုပ်ငန်းစဉ်များ၊ သဘာဝအရင်းအမြစ် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ သစ်တောထိန်းသိမ်းရေးကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ အဖွဲ့ချုပ်၏ စီမံချက်များကို အတည်ပြုပေးရန် တောင်းဆိုဆွေးနွေးခြင်း၊ အနာဂါတ် မိမိတို့ဒေသဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြခြင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဒုဥက္ကဌဦးခွန်မောင်သောင်းမှ လက်ရှိနိုင်ငံရေး အခြေအနေများကို ဆွေးနွေးတင်ပြခြင်း၊ ထို့နောက် ဗဟိုအလုပ်အမှုဆောင်(၄၉)ဦးက အထွေထွေကဏ္ဍကိုဆွေးနွေးခြင်း၊ ဆုံးဖြတ်ချက်များကို ချမှတ်ခြင်း၊ ဆုံးဖြတ်ချက်(၈)ချက်ကို ဗဟိုအလုပ်အမှုဆောင်အားလုံးက အတည်ပြုပေးခြင်း၊ သဘာပတိဖြားတန် ဦးခွန်မောင်တုတ်မှ နိဂုံးချုပ်အမှာစကားပြောကြားပေးခဲ့ပြီး၊ ၎င်းးဆွေးနွေးပွဲသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုအလုပ်အမှုဆောင်(၄၉)ဦး၊ ဗဟိုကော်မတီဝင်များ ဗဟိုဌာနချုပ်ရုံးမှ ရုံးဝန်ထမ်းများနှင့် လေ့လာသူများ တက်ရောက်ခဲ့သည်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုအလုပ်အမှုဆောင်(စတုတ္ထအကြိမ်) မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးပွဲကို ညနေခင်း(၅း၃၀)အချိန်တွင် အောင်မြင်စွာကျင်းပ ပြီးစီးကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.