Tuesday, June 14, 2016

လူမျိုးတစ်မျိုးဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံဖြစ်သောပညာရေး


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၄) ရက်







ယနေ့ကမ္ဘာကြီးတိုးတက်ပြောင်းလဲလာသည်မှာ လိုက်လို့မမီနိုင်သောအနေအထားအဖြစ် မြင်တွေ့ရပေမည်။ မိုးမျှော်တိုက်တာများ၊ အဆောက်အဦးများ၊ မြစ်ကူးတံတားများ၊ ရှည်လျားကွေ့ကောက်သော တောင်ပတ်လမ်းသွယ်များ၊ နည်းပညာပိုင်းဆိုင်ရာဆိုလျှင်လည်း ကြိုးမလို၊ ပင်ပန်းစရာမလို တစ်ချက်နှိပ်လိုက်ရုံဖြင့်၊ တစ်ချက်ပွတ်လိုက်ရုံဖြင့် မိမိလိုချင်သောနေရာဒေသ ဦးတည်ရာဆီသို့ အလိုအလျောက်ရောက်သည်။ ဇိမ်ခံစက်ပစ္စည်းများသည်လည်း အသစ်သစ်သောမော်ဒယ်ဖြင့် နည်းမျိုးစုံထွက်ပေါ်လျက်ရှိနေသည်။ ထိုသို့ပြောင်းလဲလာခြင်း၏ အခြေခံသည် ပြေးကြည့်မည်ဆိုပါက ပညာရေးကြောင့်ဟုဆိုလျှင် မှားမည်မထင်ပါ။
ဟုတ်ပါသည်။ ပညာရေးကြောင့်သာဖြစ်သည်။ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ပြည် တိုးတက်ပြောင်းလဲလာသည်ကလည်း ပညာရေးကြောင့်ပင်။ လူနေမှုဘ၀ နှိမ့်ကျနေသည်ကလည်း ယင်းပညာရေး အားနည်းခြင်းကြောင့်ပင်ဖြစ်သည်။ လူမျိုးဆိတ်သုန်း ပျောက်ကွယ်သွားသည်ကလည်း ပညာရေးနှိမ့်ပါးမှုကြောင့်ဖြစ်သည်။ ထိုသို့လူမျိုးဆိတ်သုန်းမှု၊ ပညာရေးနှိမ့်ကျမှုမဖြစ်စေရန် မိမိတို့မည်သို့ လုပ်ဆောင်ရမည်နည်း။
အစစအရာရာတိုးတက်ပြောင်းလဲရန် လိုအပ်နေသောမိမိတို့လူမျိုးအဖို့ ပညာရေးကို ဦးစားပေးလုပ်ဆောင်ရန် လိုအပ်လှပေသည်။ ထို့ကြောင့် မိမိတို့လူမျိုးများသည် ၁၉၉၁ ငြိမ်းချမ်းရေးရယူပြီးသည်မှစ၍ အမျှော်အမြင်ကြီးမားသော ခေါင်းဆောင်ကြီးများ၏ ခံယူချက်လမ်းစဉ်အတိုင်း ပထမဦးစားပေး ပညာရေး၊ ဒုတိယဦးစားပေး ပညာရေး၊ တတိယဦးစားပေး ပညာရေး စသည်ဖြင့် မူဝါဒများချမှတ်ကာ ယနေ့ထက်တိုင် ဦးစားပေးလုပ်ဆောင်လာခဲ့သည်။ ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်နိုင်ရေး၊ ကျောင်းမရှိသေးသောကျေးရွာများတွင် ကိုယ်ထူကိုယ်ထကျောင်းများတည်ဆောက်ခြင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများထားရှိခြင်း၊  ကျောင်းဆောင်အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ မူလတန်းအဆင့်ရှိရာမှ အလယ်တန်းအဆင့်ရရှိရေး၊ အလယ်တန်းအဆင့်မှ အထက်တန်းအဆင့် အထိရရှိရေး၊ ကျောင်းဆရာမ မလုံလောက်သောကျေးရွာများတွင် ကိုယ်ထူကိုယ်ထဆရာမများ ခန့်အပ်ခြင်း စသည်များကို အားသွန်ခွန်စိုက် လုပ်ဆောင်လာခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် လွယ်သည်တော့မဟုတ်။ အချိန်ယူပြီး လူအား၊ ငွေအား အသုံးပြုကြရသည်။ အချို့ကျေးရွာများတွင် ကျောင်းဆောင်များ ဆောက်လုပ်လိုသော်လည်း ကျောင်းနေအရွယ်ကလေးများ သတ်မှတ်ဦးရေနှင့် မပြည့်မီ၍ မပြုလုပ်နိုင်သည်များလည်းရှိသည်။ ကျောင်းနေအရွယ်ကလေးများ ကျောင်းကို အဆင်ပြေပြေ တက်ရောက်နိုင်ရန် ကျောင်းဆောင်များ ဆောက်လုပ်ရာတွင် အစိုးရမှ ပံ့ပိုးပေးမှုဖြင့် မလုံလောက်သဖြင့် အဖွဲ့အစည်းများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ရသည်။
ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ကိုယ်ထူကိုယ်ထကျောင်းများ ဆောက်လုပ်ခြင်း၊ ပြည်တွင်းပြည်ပမှ အလှူရှင်များ၏ အထောက်အပံ့ဖြင့် လုပ်ဆောင်ခြင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဦးဆောင်ပြုလုပ်ခြင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ဦးစီးကာ ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ရပ်မိရပ်ဖများမှလည်း ကျောင်းနေအရွယ်ကလေးငယ်များကို အားပေးအားမြှောက်ပြုခြင်းများကို အချိုးညီညီဆောင်ရွက်လာရာ ယခုဆိုလျှင် ပညာရေးအတွက် အခြေခံဖြစ်သော အဆောက်အဦးများ၊ ကျောင်းဆရာ/ဆရာမ များသည် ယခင်ကထက် ပိုမိုပြည့်စုံတိုးတက်လာလျက်ရှိသည်ကို စာရင်းဇယားများအရ တွေ့မြင်နိုင်ပေသည်။ အဆင့်မြင့်ပညာရေးတက္ကသိုလ်ကျောင်းများတွင်လည်း ပအိုဝ်းတိုင်းရင်းသား ကျောင်းသား ကျောင်းသူများမှာ (၁၀၀၀) ဦးနှင့်အထက် နှစ်စဉ်တက်ရောက်ပညာသင်ယူလျက်ရှိနေသည်။ ထိုအခြေအနေများ၊ အရေအတွက်များကို ကြည့်မည်ဆိုပါက ပညာရေးအခန်းကဏ္ဍတွင် တိုးတက်လာသည်ဟု ဆိုရမည်။ သို့သော်ထိုမျှတိုးတက်မှုများကို တင်းတိမ်ကျေနပ်နေ၍မဖြစ်ပေ။ ပညာရေး၏သဘောသဘာဝအရ အရည်အတွက်သာများနေ၍မဖြစ် အရည်အချင်းများ၊ အရည်အသွေးများပါ တိုးတက်ရန် အတွက် လိုအပ်ချက်များစွာရှိနေသေးသည်။
ယခုပညာရေးစနစ်အရ အထောက်အပံ့များတောင်းခံပါက ပြောနေရုံဖြင့်မပြီး၊ ယင်းအတိုင်း တောင်းဆိုနေပါကလည်း ထူးခြားလာမည်မဟုတ်ပေ။ ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော စံ၊ မူ များနှင့် ပြည့်မီမှသာရရှိနိုင်သည်၊ ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသောမူများမှာ မည်သို့နည်း၊ အဘယ်သို့နည်း။ သိရှိထားရန်လိုအပ်ပါသည်။ အခြေခံပညာကျောင်းများဖြစ်သည့် အမကမှ မူလွန်၊ မူလွန်အဆင့်မှ အလယ်တန်းအဆင့်၊ အလယ်တန်းအဆင့်မှ အထက်တန်းအဆင့်များသို့ တိုးမြှင့်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်မူများမှာ-

၁။ အခြေခံမူလတန်းကျောင်းခွဲ(မူခွဲ)အဖြစ် သတ်မှတ်လိုပါကမူလတန်းအဆင့်သင် ကျောင်းသား ကျောင်းသူ (၂၀) ဦးနှင့် (၅၅) ဦး ကြား ရှိရမည်။
၂။  အခြေခံမူလတန်းကျောင်းအဖြစ် သတ်မှတ်လိုပါက မူလတန်းအဆင့်သင် ကျောင်းသားကျောင်းသူ            (၅၅) ဦးနှင့် အထက် ရှိရပါမည်။
၃။ အခြေခံမူလတန်းလွန်ကျောင်း(မူလွန်)အဖြစ် သတ်မှတ်လိုပါက မူလတန်းအဆင့်သင် ကျောင်း သား ကျောင်းသူ (၂၅၀) ဦးနှင့် အထက် ရှိရမည်။
၎။ အခြေခံအလယ်တန်းကျောင်းခွဲ(လယ်ခွဲ)အဖြစ် သတ်မှတ်လိုပါက အလယ်တန်းအဆင့်သင်     ကျောင်းသားကျောင်းသူ (၂၀၀) ဦးနှင့် အထက် ရှိရမည်။
၅။ အခြေခံအလယ်တန်းကျောင်းအဖြစ် သတ်မှတ်လိုပါက အလယ်တန်းအဆင့်သင် ကျောင်းသား ကျောင်းသူ (၂၄၀) ဦးနှင့် အထက် ရှိရမည်။
၆။  အခြေခံအထက်တန်းကျောင်းခွဲ(ထခွဲ)အဖြစ် သတ်မှတ်လိုပါက အထက်တန်းအဆင့်သင် ကျောင်း သားကျောင်းသူ (၃၀၀) ဦးနှင့် အထက် ရှိရမည်။
၇။ အခြေခံအထက်တန်းကျောင်းအဖြစ် သတ်မှတ်လိုပါက အထက်တန်းအဆင့်သင် ကျောင်းသား ကျောင်းသူ  (၂၀၀) ဦးနှင့် အထက် ရှိရမည်ဖြစ်ကြောင်း မူအရသတ်မှတ်ထားသည်။ ပညာရေးဝန်ကြီးဌာနမှ ထိုသို့သတ်မှတ်ထားရှိရာ မိမိတို့အနေဖြင့် ကျောင်းသားကျောင်းသူများ ပြည့်မီခြင်းရှိမရှိ ဆန်းစစ်ရန်လိုအပ်လှပါသည်။
ပညာရေးအားကောင်းမှသာ တိုးတက်ကောင်းမွန်သော နိုင်ငံတော်တည်ဆောက်နိုင်မည် ဆိုသည်နှင့်အညီ ထိုသို့တည်ဆောက်နိုင်ရန်လည်း အနာဂတ်လူငယ်များလက်ထဲတွင်သာ ရှိနေသည်။ အနာဂတ်လူငယ်များအတွက် အခြေခံကျသော ပညာရေးစနစ်ကို ကောင်းမွန်စေရန်၊ နည်းကောင်း လမ်းမှန်ဖြစ်ရန် ဦးဆောင်လမ်းပြ ဖောက်လုပ်ပေးရန်လိုအပ်ပါသည်။
ထိုသို့လုပ်ဆောင်ရန်မှာ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းဖြင့် လုပ်ဆောင်၍ မဖြစ်နိုင်ပေ။ ယခုအချိန်တွင် ကျောင်းဖွင့်ချိန်လည်းဖြစ်၍ ဒေသခံပြည်သူများ၊ ကျောင်းသားမိဘများ၊ တတ်သိပညာရှင်များ၊ အနုပညာရှင်များမှတစ်ဆင့် အနာဂတ်လူငယ်များ၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်နိုင်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးကူညီရန်နိုးဆော်တိုက်တွန်းလိုက် ရပါသည်။

ခွန်ရှိုင်းကို

Powered by Blogger.