Tuesday, June 14, 2016

ပိုမိုပြင်းထန်လာနေသော ရေရှားပါးမှုပြသနာ


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၄) ရက်



နွေအကုန် မိုးအကူး မြောက်ပြန်လေရူးလေးများလည်း အဆက်မပြတ် တိုက်ခတ်လာနေပါသည်။ ရာသီဥတုသည်လည်း အရင်လိုပုံမှန်မဟုတ်သည်ကိုတွေ့ရသည်။ ယခုနှစ်ရာသီတွင် အယ်နီညိုကြောင့် ရာသီဥတုသည်ပုံမှန်ထက် (၂)ဆလောက်ပိုပူနေသည်ဟု ခံစားမိသည်။ ရာသီဥတုပူပြင်းသောကြောင့် ရေတွေလည်း ခန်းခြောက်ကုန်သည်။ လက်ရှိမြန်မာနိုင်ငံတွင် ပြည်သူအများစုသည် စိုက်ပျိုးရေးနှင့် အသက် မွေးဝမ်းကြောင်းပြုနေသူများဖြစ်သည်။ စိုက်ပျိုးချိန်ရောက်နေသော်လည်း ရာသီဥတုဖောက်ပြန်၍ မိုးခေါင်ကာ ရေခန်းခြောက်ခြင်း၊ ရေရှားပါးခြင်းများကြောင့်စိုက်ပျိုးချိန်တွင် မစိုက်ပျိုးနိုင်ဘဲ အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။ “မည်သူမပြုမိမိမှု” ဆိုသည့်အတိုင်း လူသားတို့၏ ဝိသမလောဘများကြောင့် သဘာဝအလှတရားများလည်း အလွန်ပင်ပျက်စီးနေပြီဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာမည့် အပူချိန်မြင့်တက်မှုသည် လူသားတိုင်းအတွက် မရှိမဖြစ်လိုအပ်နေသော သောက်သုံးရေရှားပါးမှုကို ခြိမ်းခြောက်နေသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ အပူချိန် ၁ ဒီဂရီ စင်တီဂရိတ်မြင့်တက်လာပါက ထိုနိုင်ငံတွင် ရေရှားပါးမှုကြုံတွေ့နိုင်ပြီး ၂ ဒီဂရီစင်တီဂရိတ် မြင့်တက်လာပါက ရေခန်းခြောက်မည်ဖြစ်သည်။ ၃ ဒီဂရီစင်တီဂရိတ် အထိမြင့်တက်လာမည်ဆိုလျှင် ရေကပ်ဘေးဆိုက်ရောက်မည်ဟု ဟောကိန်းထုတ်ထား သည်ကို တွေ့ရသည်။
၂၁ ရာစုအကုန် လာမည့်နှစ်ပေါင်း ၈၄ နှစ်အတွင်း မြန်မာနိုင်ငံ၏ အပူချိန်သည် လက်ရှိအပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ် မြင့်တက်လာမည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားကြသည်။ မြန်မာနိုင်ငံ၏ အပူချိန်သည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၊ ၃၀ နှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၈၆ ဒီဂရီစင်တီဂရိတ် အပူချိန်မြင့်တက်လာပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ရာသီဥတုသည် ၁၉၈၀ ပြည့်နှစ်မှစ၍ သိသိသာသာ ပြောင်းလဲလာကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကပြောကြားသည်။ မြန်မာနိုင်ငံတွင် သောက်သုံးရေအဖြစ် အသုံးပြုနိုင်သည့် ရေအရင်းအမြစ်(၂)မျိုးမှာ မြေအောက်ရေနှင့် မြေပေါ်ရေ (မြစ်၊ ချောင်း၊ အင်းအိုင်) တို့ဖြစ်သည်။ ထိုရေနှစ်မျိုးသည် မိုးရေ ရရှိမှုကို အခြေခံထားသည်။ မြစ်၊ ချောင်း၊ အင်းအိုင်များမှ ရေခန်းခြောက်ရခြင်းမှာ ရေများကိုစုပ်ယူ၍ ထိန်းသိမ်းပေးနေသည့် သစ်တောများပြုန်းတီး လာခြင်းကြောင့် မိုးရွာသွန်းမှုနည်းလာပြီး ရေရှားပါးမှုပြဿနာသည် တစ်နှစ်ထက်တစ်နှစ် ပိုဆိုးရွားလာ သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံသည် ရေရှားပါးသည့်ပြဿနာနှင့် ဆိုးရွားစွာကြုံတွေ့ခဲ့ရသည်။ လာမည့် အနာဂတ်မြန်မာနိုင်ငံတွင် ရေရှားပါးခြင်းပြသနာလျှော့နည်းလာအောင် သက်ဆိုင်ရာအစိုးရဌာနများ၊ အရပ် ဖက်အဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထုများကလည်းပူးပေါင်းပါဝင်ပြီး ဝိုင်းဝန်းအဖြေရှာကြရန် လိုအပ် နေပြီဖြစ်ကြောင်း အကြံပြုတိုက်တွန်းလိုပါသည်။

နာင်;စင်ဗွာ
ခွန်ဖြားဗွာခမ်း


Powered by Blogger.