Friday, July 22, 2016

အသက်ရှည်စေလိုသော်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်


လောကတွင် လူသတ္တ၀ါရယ်လို့ဖြစ်လာခဲ့သော် အသက်ရှည်ရှည်ကျန်းကျန်းမာမာ နေထိုင်လိုသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အသက်ရှည်ပြီးအနာရောဂါကင်းစွာဖြင့် နေထိုင်နိုင်ရန်လိုအပ်သော နေထိုင်မှု ပုံစံဖြင့် နေထိုင်ပါမှဘေးရောဂါများကင်းဝေးပြီး အသက်ရှည်စွာဖြင့် နေထိုင်နိုင်မည်ဖြစ်ပါသည်။
မိမိသည် ကျန်းမာရေးဆရာဝန်မဟုတ်ပါ တိုင်းရင်းဆေးဆရာလည်းမဟုတ်ပါ ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတများပြည့်စုံမှုရှိသည်ဟူ၍လည်း မဟုတ်ပါ၊ မိမိကြားဖူး၍ မှတ်သားပြီးလိုက်နာရန် ကောင်းမွန် သောကျန်းမာရေး ဗဟုသုတများကို ပြန်လည်မျှဝေခြင်းပင်ဖြစ်ကြောင်းဝန်ခံအပ်ပါသည်။
အဘယ်ကြောင့်ဆိုသော် လူ၏ခန္ဓာကိုယ်သည် ပထ၀ီ(မြေဓာတ်) အာပေါ(ရေဓာတ်) တေဇော (မီးဓာတ်) ၀ါယော(လေဓာတ်)ဟူသော ဓာတ်ကြီးလေးပါးဖြင့်ဖွဲ့စည်းထားသည်နှင့်အညီ ဓာတ်ကြီးလေးပါးတို့တွင် တစ်ပါးပါးချို့ယွင်း၍မရပါ၊ ဓာတ်ကြီးလေးပါးတို့သည် အပြန်အလှန်ထိန်းညှိ့ပြီး ခန•ာကိုယ်အစဉ်ကျန်းမာအောင် နေ့စဉ်အစားအသောက်အနေအထိုင်တို့ကို အထူးဆင်ခြင်ရန်လိုအပ်ပါသည်။ အသက်ရှည်စွာနေထိုင်နိုင်မည့် နည်းလမ်းတို့ကို မိမိကြားဖူးသော စကားပုံတစ်ခုနှင့် စတင်ပြီးတင်ပြလိုပါသည်။ ထိုစကားပုံမှာ “ ကြောင်လိုစား၊ နွားလိုသောက်၊ မျောက်လိုနေ အသက်ရှည်၏ “ ဟူ၍ဖြစ်ပါသည်။ ကြောင်လိုစားဆိုသည်မှာ နည်းနည်းစားပြီး ခဏခဏ စားပေးရန်ဖြစ်သည်၊ လူသဘာဝသည် ကြိုက်နှစ်သက်သော အစာအဟာရများကို တွေ့သောအခါများများစားပြီး၊ ကြိုက်နှစ်သက်မှုမရှိသောအစားအစာများကိုကား အစားနည်းသည်ကို လူတိုင်း လိုလိုပင်ဖြစ်သည်။ အမှန်မှာ ထိုသို့မဖြစ်သင့်ပေ အစားအစာများကို တစ်ဝတစ်ပြဲမစားဘဲ နည်းနည်းစားပြီး ခဏခဏစားပေးရန်ဖြစ်ပါသည်၊ သို့မှသာလျှင် အစာအိမ်သည် ကောင်းမွန်စွာအစာခြေပေးနိုင်ပြီး ခန္ဓာကိုယ် အတွက်လိုအပ်သော အဟာရဓာတ်များကိုရရှိမည်ဖြစ်ပါသည်။
နွားလိုသောက်ဆိုသည်မှာ ရေကိုများများသောက်ရန်ဖြစ်သည်၊ မြန်မာစကားပုံတွင် ရေအသက် တစ်မနက်ဆိုသော်လည်း တစ်နာရီမျှမသောက်ရလျှင် မနေနိုင်ပါ၊ အဘယ်ကြောင်းဆိုသော် ရေသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါသည်။ ရေသည် ရုပ်ကိုကြည်လင် စိတ်ကိုလန်းဆန်း စေသော သဘာဝဂုဏ်သတ္တိရှိသည့်အတွက် လူနှင့်သက်ရှိများ၊ သစ်ပင်များပါမကျန် အားထားရသော အရာ ဖြစ်ပါသည်။ လူတို့တွင် အသက်ရှင်ရပ်တည်ရန်အတွက် ရေ၊ လေနှင့်အာဟာရဓာတ်တို့ကို လိုအပ်သလို သစ်ပင်တို့တွင်လည်း ရေ၊ လေနှင့်မြေသြဇာတို့ကိုလိုအပ်ပေသည်။ ဤသည်မှာသက်ရှိ ကမ္ဘာအတွက်အခြေခံ လိုအပ်ချက်ဖြစ်သည်။ ထိုသုံးမျိုးမှ တစ်မျိုးမျိုးချို့ယွင်းလျှင်ပင် အသက်ရှင်နိုင်တော့မည် မဟုတ်ပါ။
ရေကိုမည်သည့်အချိန်တွင်သောက်သည်ဖြစ်စေ ဆိုးကျိုးမဖြစ်ပါ၊ နံနက်အိပ်ရာထချိန်တွင် ရေသောက် သုံးပေးပါက ပိုမိုထိရောက်ပါသည်။ ထိုအချိန်တွင်သောက်ခြင်းအားဖြင့် ၀မ်းမှန်ခြင်း၊ မျက်နှာကြည်လင်ခြင်း၊ အစာအိမ်ကောင်း၍ကျန်းမာခြင်း၊ ခန္ဓာကိုယ်အတွင်းရှိအပူအပုတ်များ ကင်းခြင်းစသောအကျိုးကျေးဇူးများကို ရရှိစေပါသည်။ ရေများများသောက်ခြင်းကြောင့် အကျိုးအပြုနိုင်ဆုံးသော ကိုယ်တွင်းအင်္ဂါများမှာ ကျောက်ကပ် ဖြစ်ပါသည်။ ကျောက်ကပ်မှ ရေစွန့်ထုတ်မှုများသောကြောင့် အ၀လွန်ခြင်း၊ ဖောရောင်ခြင်းများကိုလည်းကာ ကွယ်နိုင်သည်ကိုတွေ့ရှိရပါသည်။ နံနက်အိပ်ရာထပြီး မျက်နှာမသစ်မီအချိန်တွင် ဒူးမှခြေဖမိုးအထိ ရေလောင်း ပေးပါက တစ်ကိုယ်လုံးရှိအပူများကျဆင်းစေပြီး မျက်စိမှုန်ခြင်း၊ မျက်စိအားမကောင်း၍ မျက်မှန်တပ်ရခြင်းမှ ကင်းဝေးသည်ဟု လက်တွေ့ကျင့်သုံးသော ဆရာတော်တစ်ပါး၏ မိန့်ကြားချက်အရသိရပါသည်။  ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက်သောက်ပေးလျှင်လည်း အစာအိမ်မကောင်းသူများနှင့်သက်ကြီးရွယ်အိုများ အတွက် အစာကြေချက်မှုကို အထောက်အကူဖြစ်စေနိုင်ပါသည်။ ရေချိုးရာတွင်လည်း ရှေးလူကြီးသူမများ၏ ပြောစကားအရ “နွေကိုး၊ မိုးတစ်ဆယ်၊ ဆောင်းတစ်ဆယ့်တစ်” ဟူ၍ဖြစ်သည်။ ဆိုလိုသည်မှာ နွေရာသီတွင် ကိုးနာရီ၊ မိုးရာသီတွင် ဆယ်နာရီ၊ ဆောင်းရာသီတွင် ဆယ့်တစ်နာရီစသော အချိန်များသည် ရေချိုးရန် သင့်တော်သောအချိန်ဖြစ်သည်ဟုသိရပါသည်၊ တိကျမှုမရှိသော်လည်း ထိုနာရီဝန်းကျင်တွင်ရေချိုးလျှင် သင့်တော်မည်ဟုမှတ်ယူမိပါသည်။
မျောက်လိုနေဆိုသည်မှာ  လှုပ်လှုပ်ရှားရှားနေထိုင်ရန်ဖြစ်ပါသည်၊ နေရာတစ်ခုတည်းတွင် အချိန်ကြာမြင့်စွာ ထိုင်၍အလုပ်မလုပ်ဘဲ လှုပ်ရှားစွာနေထိုင်ပေးရန်ဖြစ်ပါသည်။ နာရီပေါင်းများစွာထိုင်၍သော်လည်းကောင်း၊ အလုပ်လုပ်ရသောကြောင့်သော်လည်းကောင်း မျက်စိမှုန်ခြင်း ဇက်ကြောတက်ခြင်း ဗိုက်စူထွက်လာခြင်း ခန္ဓာကိုယ်လန်းဆန်းမှုမရှိ၍ လေးလံထိုင်းမိုင်းခြင်းများဖြစ်ပေါ်လာနိုင်ပါသည်။ ခန္ဓာကိုယ်ကိုလှုပ်ရှားပေးခြင်းဖြင့် အတွင်းရှိအကြောများ၊ သွေးကြောလေကြောများလည်ပတ်မှု အားကောင်းစေပါသည်။ တောသူတောင်သားများ အတွက်ကား နေ့စဉ်ခြံလုပ်ငန်းများရှိ၍ တစ်နေကုန်လှုပ်ကိုင်ရသောကြောင့် စားကောင်းအိပ်ပျော်ပြီး ကျန်းမာ ရေးကောင်းမွန်ကြသည်ကိုတွေ့ရှိရပါသည်။ မြို့ပြ၌နေထိုင်ကြသောသူများအတွက်သည် ကျန်းမာရေးအတွက် သီးသန့်အချိန်ပေးပြီးလိုက်စားကြပါသည်၊ ဥပမာ- နံနက်ခင်းတွင် လမ်းလျှောက်ခြင်း စက်ဘီးစီးခြင်း၊ ကြက်တောင်ရိုက်ခြင်းစသည့် လှုပ်ရှားမှုမျိုးစုံဖြင့်ကျန်းမာရေးလိုက်စားကြသည်ကိုတွေ့ရှိရပါသည်။
ဤဆောင်းပါးကိုဖတ်ရှုရခြင်းကြောင့် ကျန်းမာရေးလိုက်စားသူများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်မိပါသည်။ လူတိုင်းအနာရောဂါများမှကင်းဝေးပြီး အသက်ရှည်စွာ အနာမဲ့ဘေးကင်းကြောင်း ကောင်းမှုကုသိုလ်တရားများနှင့် ပြည့်စုံပါစေဟု ဆုတောင်းရင်းနိဂုံးချုပ်အပ် ပါသည်။

ခွန်ကျော်ထွန်း
လေမော်,ဟေ့,

Powered by Blogger.