Thursday, July 7, 2016

လှုမှုရေးဆိုင်ရာ သုတေသနလုပ်ဆောင်မှု(SPPRG)အဖွဲ့နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)တို့ပူးပေါင်း၍ တပူးထိုရွာနှင့် နောင်ယွေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လည်ပတ်ရံပုံငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက်










၂၀၁၆ခုနှစ်၊ ဇူလှိုင်လ(၆)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ တပူးထိုရွာနှင့်နောင်ယွေးကျေးရွာအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ လည်ပတ်ရံပုံငွေ  ကျပ်သိန်း(၄၀)စီကို လှုမှုရေးဆိုင်ရာသုတေသန လုပ်ဆောင်မှု(SPPRG)အဖွဲ့မှ သုတေသနပညာရှင် ဒေါက်တာအောင်နိုင်က နံနက်(၁၀း၀၀)နာရီအချိန်တွင် တပူးထိုရွာနှင့် နေ့လယ်(၁း၀၀)နာရီအချိန်တွင် နောင်ယွေးရွာသို့ သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီ၊ လေ့ကျင့်ရေးနှင့်ပညာပေးဌာနမှ ဌာနမှူးခွန်ဆောင်းရွှေက အဖွင့်အမှာစကားပြောကြားရာမှာ-မိမိတို့အဖွဲ့ ယခုလို လည်ပတ်ရံပုံငွေလာရောက် ကူညီထောက်ပံ့ပေးရခြင်းသည် ဒေသခံမိဘပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အခွင့်အရေးကောင်း တစ်ရပ်ပင်ဖြစ်ကြောင်း၊ မိမိတို့ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဦးစီးဥက္ကဌနှင့် အဖွဲ့ဝင်တွေဟာ ပညာရှင်များ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် လက်တွဲပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောက်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ လည်ပတ်ရံပုံငွေတွေကို ဒီထက်မက တိုးတက်များပြားလာအောင် တိမ်ပြာလူမှုကူညီရေး ကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံမိဘပြည်သူများ ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ဒီဒေသဟာ အမှန်တစ်ကယ်ပင် ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များ ဦးဆောင်ပြီး စည်းစနစ်ကျနစွာ အကျိုးရှိရှိ သုံးစွဲသွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
သုတေသနပညာရှင် ဒေါက်တာအောင်နိုင်က အဖွင့်အမှာစကားပြောကြားရာမှာ-ဤလည်ပတ်ရံပုံငွေကို လာရောက်ပေးရခြင်းသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် မြန်မာနိုင်ငံတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေသခံမိဘပြည်သူများအနေဖြင့် ရှေးဆောင်လမ်းပြ လုပ်ဆောင်ပေးသွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့သည် အသေးစားစီးပွားရေးလုပ်ငန်းများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်းများ သက်ကြီးရွယ်အိုများကို ကူညီစောင့်ရှောက်ရာတွင် အဓိကထား လုပ်ကိုင်သွားကြရမည် ဖြစ်ကြောင်း၊ ရံပုံငွေကို ကြက်မတစ်ကောင်ကဲ့သို့ ပြုစုပျိုးထောင်ပြီး ဥများများဥနိုင်အောင် အစာအဟာရ ကျွေးမွေးပြီးစောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း၊ ရပ်ရွာအခြေပြု လူမှုကာကွယ်ရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဌ၏ လမ်းညွန်ချက်အရ ဟိုပုံးမြို့နယ်တွင်(၂)ရွာ၊ ဆီဆိုင်မြို့နယ်တွင်(၃)ရွာ၊ ပင်လောင်းမြို့နယ်တွင် (၁)ရွာ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်းပေါင်း(၄၀)စီ သွားရောက်ကူညီလှူဒါန်းပေးလျှက်ရှိကြောင်း၊ မည်သည့်ကျေးရွာမဆို စည်းစနစ်ကျကျ စံနမူနာကောင်းကောင်း တိုးတက်အောင်ထိန်းသိမ်းတတ်ပါက ဒီထက်မက အဆပေါင်းများစွာ ဆက်လက်ကူညီပေးသွားဖို့ စီစဉ်လျှက်ရှိပါကြောင်း ပြောကြားသွားပါသည်။
ထို့နောက် တာဝန်ရှိလူကြီးမင်းများနှင့် ဒေသခံမိဘပြည်သူများသည် လည်ပတ်ရံပုံငွေ သုံးစွဲပုံသုံးစွဲနည်းကို အကျယ်တ၀င့် ဆွေးနွေးခဲ့ကြပြီး တပူးထိုကျေးရွာသည် အိမ်ခြေပေါင်း(၁၁၆)အိမ်၊ နောင်ယွေး ကျေးရွာသည်အိမ်ခြေပေါင်း(၅၃)အိမ်ရှိကြောင်းသိရှိရပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လည်ပတ်ရံပုံငွေ ပေးအပ်ပွဲအခမ်းအနားကို လှုမှုရေးဆိုင်ရာသုတေသနလုပ်ဆောင်မှု SPPRG အဖွဲ့မှ သုတေသနပညာရှင် ဒေါက်တာအောင်နိုင်၊ သုတေသန ညှိနှိုင်းရေးမှူး ဦးကျော်ဇောဦး၊ ဆီဆိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးကိုယ်စား အကြီးတန်းစာရေး ခွန်တဝေါင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ဗဟိုဌာနချုပ်ရုံးမှ ဗဟိုကော်မတီ၊ လေ့ကျင့်ရေးနှင့်ပညာပေးဌာန ဌာနမှူး ခွန်ဆောင်းရွှေ၊ ပြန်ကြားရေးဌာနမှ ခွန်အောင်ထွိုက်ဗွေ မြို့နယ်တာဝန်ခံခွန်ထွန်းလေးနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ ဒေသခံမိဘပြည်သူများ၊ ကော်မတီ အဖွဲ့ဝင်များ (၂၀၀)ကျော်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.