Thursday, August 11, 2016

တရားဝင်ပဋိညာဉ်မြောက်ရန် လိုအပ်ချက်များ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်



ပဋိညာဉ်ဆိုသည်မှာသဘောတူညီချက်အပေါ်အခြေခံ၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။ သို့သော်လည်း ပဋိညာဉ်တိုင်းသည် သဘောတူညီချက်များဖြစ်ကြသော်လည်း သဘောတူညီချက်တိုင်းသည် ပဋိညာဉ် မဖြစ်ပေ။ စည်းကမ်းချက်ဥပဒေအရ အတည်ပြုနိုင်သော သဘောတူညီချက်များသာလျှင် ပဋိညာဉ် ဖြစ်လာသည်။
ပဋိညာဉ်ပြုပိုင်ခွင့်အရအရည်အချင်း ရှိသူတို့က ဥပဒေနှင့်ညီသောအဖိုးစားနားအလို့ငှာဥပဒေနှင့် ညီသော ရည်ရွယ်ချက်ဖြင့်လွတ်လပ်သော သဘောဆန္ဒအရ ပြုလုပ်သောသဘောတူညီချက်အားလုံးသည် ပျက်ပြယ် ကြောင်း အတိအလင်း ကြေငြာထားခြင်းခံရသည်မဟုတ်လျှင် ပဋိညာဉ်မြောက်သည်။ ၎င်းအပြင် တည်ဆဲဥပဒေတစ်ခုခုက ပဋိညာဉ်ကိုစာဖြင့် ရေးသားရမည်။ သက်သေများရှေ့တွင်ချုပ်ဆိုပြီး မှတ်ပုံတင် ရမည်ဟုပြဌာန်းထားလျှင် ယင်းပြဌာန်းချက်နှင့်အညီ ပြုလုပ်ရမည်ဖြစ်သည်။
တရားဝင်ပဋိညာဉ် မြောက်ရန်ပဋိညာဉ်အက်ဥပဒေပုဒ်မ(၁၀)တွင် အောက်ပါအတိုင်းပြဌာန်းထားသည်။ သို့ဖြစ်၍တရားဝင် ပဋိညာဉ်မြောက်ရန်မှာ ပထမဆင့်အနေဖြင့် သဘောတူညီချက်ရှိရန်လိုအပ်သည်။ သဘောတူညီချက်တစ်ရပ်ပေါ်ပေါက်စေရန် အခြေခံလိုအပ်ချက်ကြီး(၂)ရပ်မှာ ကမ်းလှမ်းချက်နှင့် လက်ခံ ချက်ရှိခြင်း၊ အဖိုးစားနားရှိခြင်း တို့ပင်ဖြစ်သည်။
(၁) ကမ်းလှမ်းချက်နှင့်လက်ခံခြင်း။
ပဋိညာဉ်တစ်ခု၏အခြေခံသည် ကမ်းလှမ်းချက်နှင့်လက်ခံချက်တို့ဖြစ်ကြသည်။ တစ်စုံတစ်ယောက်က ကမ်းလှမ်းသည်ကိုတစ်ဖက်မှကမ်းလှမ်းခံရသူက လက်ခံလိုက်ပါက ကတိဖြစ် ပါသည်။
(၂) အဖိုးစားနား
အဖိုးစားနားပါသောကတိမှသာလျှင် သဘောတူညီချက်ဖြစ်လာသည်။ ထို့ကြောင့် သဘော တူညီချက် ဖြစ်စေရန်အဖိုးစားနားသည်မရှိမဖြစ် လိုအပ်သည်။ အဖိုးစားနားမပါသော သဘောတူညီချက်သည် ပျက်ပြယ်သည်။
(၃) ပဋိညာဉ်ပြုပိုင်ခွင့်အရည်အချင်း
ကမ်းလှမ်းချက်လက်ခံချက်နှင့် အဖိုးစားနားတို့ပါရှိသောကြောင့် သဘောတူညီချက်ဟူ၍ ဖြစ်လာပြီး နောက်ပိုင်းတွင် ပုဒ်မ(၁၀)အရ၊ တရားဝင်ပဋိညာဉ်မြောက်ရေးအတွက်ပထမဆုံး လိုအပ်ချက်မှာ ပဋိညာဉ်ပြုပိုင်ခွင့် အရည်အချင်းရှိသူတို့က ယင်းသဘောတူညီချက်ကို ပြုလုပ်ခြင်း ပင်ဖြစ်သည်။ ပဋိညာဉ် တစ်ခုကို လူပုဂ္ဂိုလ်တစ်ဦးတည်းနှင့်ပြုလုပ်၍မရနိုင်ချေ။ ပဋိညာဉ်ပြုသူ နှစ်ဦးနှစ်ဖက်တို့ရှိကြသည်။ ပဋိညာဉ်ပြုသူစုနှစ်ဦးနှစ်ဖက်စလုံးသည် ပဋိညာဉ်ပြုပိုင်ခွင့် အရည်အချင်း ရှိရန်လိုအပ်သည်။
ပဋိညာဉ်ပြုပိုင်ခွင့်အရည်အချင်းဆိုသည်မှာ အောက်ပါအချက်(၃) ရပ်ဖြစ်သည် -
(က) မိမိနှင့်သက်ဆိုင်သောဥပဒေအရ အရွယ်ရောက်ပြီး သူဖြစ်ရမည်(ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၁၁)
မြန်မာနိုင်ငံတွင် နေထိုင်သူများအတွက် “ အရွယ်ရောက်ခြင်း အက်ဥပဒေ ” ပုဒ်မ (၃) အရ အသက်(၁၈)နှစ် ပြည့်လျှင်အရွယ်ရောက်သည်။ သို့သော်တရားရုံးက ခန့်ထားသောအုပ်ထိန်းသူ ရှိပါကအသက် (၂၁)နှစ်ပြည့်မှ အရွယ်ရောက်သည်။ ထို့ကြောင့်မြန်မာနိုင်ငံတွင်သာမန်အားဖြင့် အသက်(၁၈)နှစ်ပြည့်သူသာလျှင် အရွယ်ရောက်သူဖြစ်ပြီး ပဋိညာဉ်ပြုပိုင်ခွင့် အရည်အချင်း ရှိသည်။
(ခ) စိတ်ပေါ့သွပ်သူ မဖြစ်စေရ (ပုဒ်မ - ၁၂)
ပဋိညာဉ်ပြုသောအချိန်တွင် ၎င်းပဋိညာဉ်ကိုနားလည်နိုင်စွမ်းရှိသည့်အပြင်ပဋိညာဉ်သည် မိမိအပေါ် မည်သို့အကျိုးသက်ရောက်မည်ကို စဉ်းစားဆင်ခြင်နိုင်စွမ်းရှိလျှင် ထိုသူသည် ပဋိညာဉ်ပြုလုပ်ရန် စိတ်ပေါ့သွပ်ခြင်း မရှိသူဖြစ်သည်။
ထို့ကြောင့် သူရူးတစ်ယောက်သည်သာမန်အားဖြင့်တရားဝင် ပဋိညာဉ်ပြုနိုင်စွမ်းမရှိ၊ သို့ရာတွင် ရူးနေ သော်လည်း တစ်ခါတစ်ရံ စိတ်တည်ငြိမ်နေတတ်သူဖြစ်လျှင် စိတ်တည်ငြိမ်နေချိန်တွင် ပဋိညာဉ် ပြုလုပ်နိုင်သည်။
(ဂ) မိမိနှင့်သက်ဆိုင်သော ဥပဒေအရပဋိညာဉ်ပြုပိုင်ခွင့်အရည်အချင်း ပျက်ယွင်းသူမဖြစ်စေရန်၊
ပဋိညာဉ်အက်ဥပဒေအပြင်အခြား ဥပဒေတစ်စုံတစ်ရာက ပဋိညာဉ်ပြုနိုင်ခွင့်မရှိဟု တားမြစ်ထား သူသည် ပဋိညာဉ်ပြုပိုင်ခွင့်အရည်အချင်းပျက်ယွင်းသူပင်ဖြစ်သည်။ ဥပမာ-တရားရုံးမှ လူမွဲအဖြစ် အမိန့်ချထားခြင်းခံရသူများ၊ ရန်သူ၊ နိုင်ငံခြားသား များစသည်တို့ဖြစ်သည်။
(၄) ဥပဒေနှင့်ညီသောအဖိုးစားနား၊ ဥပဒေနှင့်ညီသော ရည်ရွယ်ချက်။
သဘောတူညီချက်တစ်ခုသည်အဖိုးစားနားမပါရှိပါက ပျက်ပြယ်သည်။ သဘောတူညီချက် တစ်ရပ် တွင်အဖိုးစားနား ပါရှိရန်လိုအပ်သည်သာမက ယင်းအဖိုးစားနားသည် ဥပဒေနှင့်ညီညွတ် ရန်လိုသည်။
သဘောတူညီချက်တစ်စုံတွင်ပါရှိသောအဖိုးစားနား သို့မဟုတ် ရည်ရွယ်ချက်သည် အောက်ပါအချက် များနှင့် ကင်းလွတ်လျှင်ဥပဒေနှင့်ညီညွတ်သည် (ပုဒ်မ ၂၃)
(က) တရားဥပဒေက တားမြစ်ထားသောအဖိုးစားနား
(ခ) တရားဥပဒေက တားမြစ်ထားသော်လည်း ယင်းအဖိုးစားနားကို ခွင့်ပြုမည်ဆိုပါက တရားဥပဒေ၏ ပြဌာန်းချက်၊ ရည်ရွယ်ချက်များကို ပျက်ပြားရာရောက်စေခြင်း။
(ဂ) လိမ်လည်လှည့်ဖျားရာရောက်စေခြင်း၊
(ဃ) လူတစ်ဦးတစ်ယောက်၏ ခန္ဓာ သို့မဟုတ် ပစ္စည်းကို ထိခိုက်နစ်နာစေခြင်း။
(င) လူကျင့်ဝတ်သိက္ခာပျက်ပြားစေခြင်း သို့မဟုတ် အများပြည်သူအကျိုးအတွက်ကျင့်သုံးသောမူ နှင့်ဆန့်ကျင်ခြင်း။
(၅) လွတ်လပ်သောဆန္ဒ
တရားဝင်ပဋိညာဉ်မြောက်ရန် ပဋိညာဉ်ပြုသူတို့သည် မိမိတို့၏သဘောဆန္ဒကိုလွတ်လပ်စွာ ပေးရန်လိုသည်။ အောက်ပါအချက်များမှ ကင်းလွတ်လျှင်လွတ်လပ်သောသဘောဆန္ဒရှိသည်ဟု ဆိုနိုင်သည်။ (ပုဒ်မ - ၁၄)
(က) အနိုင်အထက်ပြုခြင်း
(ခ) မလျော်သြဇာလွှမ်းမိုးခြင်း
(ဂ) လိမ်လည်ခြင်း
(ဃ) အလွဲဖော်ပြခြင်း
(င) မှားယွင်းခြင်း
(၆) ပျက်ပြယ်သည်ဟုအတိအလင်း ကြေငြာထားသောသဘောတူညီချက်မဖြစ်စေရ၊ ပျက်ပြယ်သော သဘောတူညီချက်ဆိုသည်မှာ တရားဥပဒေအရအတည်မပြုနိုင်သော သဘောတူညီချက်ကို ဆိုလိုပါ သည်။ လုံးဝအာနိသင်မရှိသောသဘောတူညီချက်မျိုးဖြစ်သည်။ ယင်းသဘောတူညီချက်အရ မည်သူ့တွင် မျှရပိုင်ခွင့်လည်း မရှိ၊ တာဝန်လည်းမရှိပေ၊ ပဋိညာဉ်အက်ဥပဒေတွင် ပျက်ပြယ်သည် ဟု အတိအလင်း ဖော်ပြထားသော သဘောတူညီချက်အများအပြားရှိသည်။ ဥပမာ - အဖိုးစားနား မပါသော သဘောတူညီ ချက်များ၊  လက်ထပ်ထိန်းမြားခြင်းကိုတားမြစ်သောသဘောတူညီချက်များ၊ လောင်းကစားသောနည်း ဖြင့်ပြုလုပ်သောသဘောတူညီချက်များ စသည်တို့ဖြစ်ကြသည်။
(၇) စာဖြင့်ရေးသားခြင်းသက်သေများရှေ့တွင် ချုပ်ဆိုပြီး မှတ်ပုံတင်ခြင်း။ ပဋိညာဉ်အက်ဥပဒေအရ တရားဝင်ပဋိညာဉ်မြောက်ရန်လိုအပ်ချက်မှာ အထက်ပါ(၆) ချက်သာဖြစ်သည်။
ယခုနောက်ဆုံးအချက်များပုဒ်မ (၁၀) ဒုတိယပိုဒ်အရအခြားတည်ဆဲဥပဒေတစ်ခုခုတွင် တစ်စုံတစ် ရာသော ပဋိညာဉ်အမျိုးအစားအတွက် သီးခြားပြဌာန်းထားခြင်းရှိမှသာ လိုက်နာရမည့်လိုအပ်ချက် ဖြစ်သည်။
ဥပမာစာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေအရ - မရွှေ့မပြောင်းနိုင်သောပစ္စည်း တန်ဖိုးသည် (၁၀၀)ကျပ်ထက်ပိုလျှင် မှတ်ပုံတင်ရမည်ဟု ပြဌာန်းထားခြင်းမျိုးကို ဆိုလိုသည်။
အထက်ဖော်ပြပါအချက်များသည် တရားဝင်ပဋိညာဉ် မြေစိုက်ရန်လိုအပ်ချက်များ ဖြစ်သည်။ ပဋိညာဉ် သဘောတူစာချုပ်စာတမ်းများကို ပြုလုပ်ဆောင်ရွက်ရာတွင်လည်း ဥပဒေကျွမ်းကျင်သည့် ဥပဒေပညာရှင် များဖြင့်သာ နည်းလမ်းတကျ ဆောင်ရွက်သင့်ပေသည်။ သို့မှသာ မလိုလားအပ်သော အငြင်းပွားမှုများမှ ကင်းဝေးနိုင်မည်ဖြစ်ပါကြောင်း ဥပဒေပညာဗဟုသုတကို ဖြန့်ဝေလိုက်ရပါ သည်။

ခွန်ထွိုင်; (ဝေင်,နယ်;သီ;သဲင်;)

ကျမ်းကိုး - ပဋိညာဉ်အက်ဥပဒေ

Powered by Blogger.