Monday, August 29, 2016

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် တွေ့ဆုံပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်






အထူးဒေသ(၆) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာအုပ်စု နောင်ထောဝ် ဘုန်းတော်ကြီးကျောင်း ၂၀၁၆-ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့တွင် ပအိုဝ်းအမျိုးသားတပ်မတော် PNA၊ PNO-အသွင်ပြောင်းပြည်သူ့စစ်ဌာနေတပ်ဖွဲ့မှ မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် တွေ့ဆုံပွဲကို ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် အထူးဒေသ(၆) သထုံပေးမြို့နယ် ဥက္ကဌဗိုလ်လေးခွန်ပျားမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ပအိုဝ်းအမျိုးသားတပ်မတော်PNA၊ ဗဟိုစစ်ကော်မတီ ဒုဥက္ကဌ ဗိုလ်မှူးကြီးပီတာထွန်းနိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင်-မူးယစ်ဆေးနှင့်ရူးသွပ်ဆေးသည် လူငယ်အကြားတွင်ပျံ့နှံ့လျှက်ရှိပြီး တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေပါကြောင်း၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများကို သုံးစွဲခြင်းကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေးပြဿနာများကို နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေလျှက်ရှိကြောင်း၊ မူးယစ်ဆေးဝါးကြောင့် ဒုစရိုက်များကို မသိကျိုးကျွံ ကျူးလွန်နေကြလျှက်ရှိကြောင်း၊ မိမိတို့တပ်ဖွဲ့အနေဖြင့် ဌာနဆိုင်ရာအစိုးရနှင့် ပူးပေါင်းပြီး ပညာပေးကာလအလွန်တွင် အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။
ဆက်လက်ပြီး မူးယစ်ဆေးဝါးပပျောက်ရေးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ပပျောက်ရေး အကြောင်းကို ဒုဗိုလ်မှူးကြီးခွန်ဂျိုးဇက်၊ ဒုဗိုလ်မှူးကြီးခွန်ချစ်လယ်၊ ဗိုလ်မှူးခွန်ကီး၊ ဗိုလ်မှူးခွန်ဝင်ရွှေ၊ ဗိုလ်မှူးခွန်မြအောင်၊ ဗိုလ်ကြီးခွန်ဥာဏ၊ ဗိုလ်ကြီးခွန်အောင်ကျော်တို့မှ အကျယ်တ၀င့်ဟောပြောပေးခဲ့ပြီး မြို့နယ်အကျိုးတော်ဆောင် ဆရာခွန်ပဲက်မှ ရပ်မိရပ်ဖကိုယ်စား ကျေးဇူးတင်စကားပြောကြားပေးခဲ့ပါသည်။
မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးဟောပြောပွဲကို အထူးဒေသ(၆) သူရိယခမ်းနယ်မြေတွင် (၁၃)နေရာ ဟောပြောပေးခဲ့ပြီ ဖြစ်သည်။ ယခု ၂၀၁၆-ခုနှစ်၊ သြဂုတ်လ(၂၈)ရက်နေ့ တောင်ရှေ့ကျေးရွာအုပ်စု နောင်ထောဝ်ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာ(၁၈)ရွာမှ မိဘပြည်သူများ (၁၀၁၈)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.