မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် အခြေခံမူလတန်းပညာ၊ အလယ်တန်းပညာ၊ အထက်တန်းပညာနှင့် အဆင့်မြင့်ပညာဟူ၍ အဆင့်ဆင့်ရှိကြသည်။ ဤအဆင့်များအရ မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းသား/သူ များသည် အဆင့်မြင့်ပညာရေးဟု ခေါ်ဆိုသောနောက်ဆုံးအဆင့်ပညာရပ်များကို သင်ယူနေကြသူများဖြစ် ကြသည်။ အဆင့်မြင့်ပညာကို တက်ရောက်လေ့လာနိုင်ရန်အတွက် အခက်အခဲများကြား ကျော်ဖြတ်လာကြ သည့် နိုင်ငံသားကောင်းရတနာများဖြစ်ကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရာတွင် ပညာရေးသည် အရေးကြီးဆုံးသော အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။ ထိုအခန်းကဏ္ဍမြှင့်တင်နိုင်ရန်အတွက် အလွှာအသီးသီးမှ မိဘပြည်သူများ သိရှိနားလည်ပြီး ပူးပေါင်းပါဝင်ရန် အလွန်ပင်အရေးပါလှပါသည်။
စာရေးသည် အခြေခံမူလတန်းပညာကို ဇာတိမွေးရပ်မြေကျေးရွာတွင်ရှိသောကျောင်း၌ တက်ရောက် သင်ယူခဲ့ပြီး၊ ဇာတိရွာနှင့်(၁)မိုင်ခွဲခန့်ဝေးသော တခြားရွာတွင်ရှိသည့် အထက်တန်းကျောင်း၌ အလယ်တန်းနှင့် အထက်တန်းပညာများကို ဆက်လက်သင်ယူခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ဇာတိကျေးရွာတွင် အထက် တန်းကျောင်း မရှိသေးသောကြောင့်ပင်ဖြစ်သည်။ မိမိသည် ပညာသင်ယူလိုသောစိတ်ကြောင့် (၁)မိုင်ခွဲခန့် ဆိုသောခရီးကို မညည်းငြူပဲ နေ့စဉ်ခြေလျင်ဖြင့်ကျောင်းတက်ခဲ့ပါသည်။ မိမိပညာသင်ယူခဲ့သည်ကျောင်းသည် မြို့ကြီးတွင်ပြောဆိုနေကြသော ကျူရှင်၊ စာကျက်ဝိုင်းစသည်များနှင့်လည်း ဝေးကွာလှပြီး ထိုအကြောင်းကိုပင် မကြားဖူးခဲ့ပေ။ သို့သော်စာရေးသူ၏ မိဘက အမြဲအားပေးပြောဆိုသည့်စကားတစ်ခွန်းကို နှလုံးသားတွင် မှတ်ထားပြီး ဦးခေါင်းဖြင့်စဉ်းစား၍ ပညာရရှိအောင် စာကိုကြိုးစားပြီးသင်ယူခဲ့သည်။ ထိုစကားတစ်ခွန်းသည် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသတွင်မဆို အစိုးရစာသင်ကျောင်းတွင် သင်ကြားသည့်စာသည် လက်ရှိ သားသင်ယူနေသောစာအုပ်ပင်ဖြစ်သည် ဆိုသည့် စကားပင်ဖြစ်ပါသည်။ ထို့ကြောင့် မည်သည့်နေရာတွင် သင်ယူနေသည်ဖြစ်စေ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါဟူသော အားပေးစကားလည်း မကြာခဏ ပြောပေးခဲ့သည့် မိဘနှစ်ပါးကိုလည်း ကျေးဇူးတင်နေဆဲဖြစ်ပါသည်။
စာရေးသူငယ်စဉ်ကမှတ်မိသမျှပြောရမည်ဆိုလျှင် စာရေးသူနေထိုင်သည့် ဒေသအနီးတစ်ဝိုက်တွင် အထက်တန်းပညာကို အောင်မြင်ပြီးမြောက်အောင်သင်ယူနိုင်သူ၊ သင်ယူနိုင်သောအခွင့်အလမ်း မရှိသလောက် ဖြစ်နေပါသည်။ စာရေးသူသည် အထက်တန်းပညာကို အောင်မြင်ခဲ့ပြီး အဆင့်မြင့်ပညာ တစ်နည်းအားဖြင့် တက္ကသိုလ် ဆိုသောကျောင်းတော်ကြီးတွင် ပညာလေ့လာသင်ယူခွင့်ရရှိခဲ့သည်။ ထိုအချိန်တွင် မိမိ၏မိသားစု၊ ဆွေမျိုးများ၊ ကျေးရွာ သူ/သားများလည်း လွန်စွာပင်ဝမ်းသာပျော်ရွှင်ခဲ့ကြသည်။
အဆင့်မြင့်ပညာကို တက္ကသိုလ်ကျောင်းတော်ကြီးတွင် ဘူမိဗေဒအထူးပြုဘာသာရပ်ကို ရွေးချယ်ပြီး လေ့လာသင်ယူခဲ့သည်။ ပထမနှစ် ပထမနှစ်ဝက်ကာလတွင် အဆင့်မြင့်ပညာဆိုသော အနှစ်သာရကို မည်ကဲ့သို့ပင် နားမလည်နိုင်သည့်အခြေအနေဖြစ်နေခဲ့ပါသည်။ မိမိတို့အတန်းတွင် ကျောင်းသား(၃၀၀)ကျော် ရှိသည့်အနက် ကျောင်းသူသည် ထူးထူးခြားခြားတစ်ဦးတည်း တက်ရောက်လေ့လာသင်ယူသည်ကို အမှတ်ရ နေဆဲဖြစ်ပါသည်။ ပထမနှစ် ဒုတိယနှစ်ဝက်ကာလတွင် ရောက်ရှိလာသည့်အခါ ကျောင်းသားခေါင်းဆောင်ကြီး များက ကျောင်းသား/သူသစ်များကြိုဆိုပွဲနှင့် နောက်ဆုံးနှစ်ကျောင်းသား/သူများအား နှုတ်ဆက်ပွဲဆို၍ ဌာနအလိုက်၊ လူမျိုးအလိုက်နှင့် ကျောင်းတော်ကြီးတစ်ခုလုံး စသည်ဖြင့် ကျင်းပလာကြသည်။ ထိုအခါ အတန်းခေါင်းဆောင်၊ နှစ်အလိုက်ခေါင်းဆောင်၊ ဌာနအလိုက် ခေါင်းဆောင်၊ လူမျိုးအလိုက်ခေါင်းဆောင်များကို ရွေးချယ်လာကြရသည်။
ခေါင်းဆောင်ကိုယ်စီပေါ်ထွက်လာကြသောအခါ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် ကော်မတီ အလိုက်ပြန်လည်ဖွဲ့စည်းရပါသည်။ ထို့အပြင် ပွဲတော်အဆင်ပြေပြေအောင်မြင်အောင် လုပ်ဆောင် နိုင်ရန် ပြင်ဆင်ကြသည့်အတွက် သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်လုပ်ဆောင်ရပြီး တာဝန်ခွဲဝေမှုနှင့် စီမံခန့်ခွဲ မှုများကိုပါ လုပ်ဆောင်ခဲ့ရပါသည်။ ထိုအခါမှသာလျှင် အဆင့်မြင့်ပညာဆိုသည့်အနက်အဓိပ္ပာယ်ကို တဖြေးဖြေး နားလည်လာပါတော့သည်။ ဤအချက်များကိုကြည့်ခြင်းအားဖြင့် ကျောင်းတော်ကြီးတွင် ခေါင်းဆောင်မှုပညာ၊ စီမံခန့်ခွဲမှုပညာ၊ ပူးပေါင်းလုပ်ဆောင်တတ်မှုပညာ၊ တာဝန်ခွဲဝေမှုပညာ စသည့်ပညာရပ်များစွာကို သင်ယူ လေ့ကျင့်နိုင်သောနေရာဖြစ်ပါသည်။ အဆင့်မြင့်ပညာသည် ယူတတ်သည့်ကျောင်းသား/သူများအတွက် နေရာတိုင်းတွင် ပညာမျိုးပေါင်းစုံကို လေ့လာသင်ယူနိုင်သောနေရာကောင်း တစ်နေရာဖြစ်ပါသည်။
သို့သော် မြန်မာနိုင်ငံ၏အဆင့်မြင့်ပညာ တစ်နည်းအားဖြင့် တက္ကသိုလ်ပညာများကို သင်ယူနေကြသော ကျောင်းသား/သူများကြားတွင် ၀မ်းနည်းစရာကောင်းသောအချက်များလည်း တွေ့မြင်နေရပါသည်။ မိမိ တက်ရောက်လေ့လာသင်ယူခဲ့သည့်အတန်း ပထမနှစ်တွင် ကျောင်းသား/သူပေါင်း(၃၀၀) ကျော်ရှိခဲ့သော်လည်း နောက်ဆုံးနှစ်တွင် (၉၃) ဦးသာ ပညာဆက်လက်သင်ယူရန်ကျန်ရှိပါသည်။ နောက်ဆုံးနှစ် ကျောင်းသား/သူ များအနက် ထပ်မံ၍၀မ်းနည်းစရာ ကောင်းလှသည်တစ်မျိုးမှာ (၉၃)ဦးအနက် မူးယစ်သားကောင် ဖြစ်သွား သည့်ကျောင်းသား/သူသည် (၄၅)ဦး နှင့်အထက်ပင်ဖြစ်နေပါသည်။ ပထမနှစ်မှစပြီး ပျောက်ဆုံးသွားသည့် ကျောင်းသားဦးရေနှင့် ဘွဲ့ရသွားမည့် ကျောင်းသား/သူများကို ကြည့်မည်ဆိုလျှင် နိုင်ငံ၏အရေးကြီးဆုံးသော ပညာရေးကဏ္ဍနှင့် လူသားအရင်းအမြစ်ကဏ္ဍများသည် မတွေးဝံ့သောခြေအနေဖြစ်နေပါသည်။
ထို့ကြောင့် ၁၉၉၁-ခုနှစ်တွင် နိုင်ငံတော်အစိုးရနှင့်ငြိမ်းချမ်းရေးယူသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)သည် ဒေသဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပထမ ဦးစားပေး ပညာရေး၊ ဒုတိယ ဦးစားပေး ပညာရေး၊ တတိယ ဦးစားပေး ပညာရေး စသည်ဖြင့် လုပ်ဆောင်လာခဲ့သည့်အတွက် တောင်ကြီး တက္ကသိုလ် Day ကျောင်းသား/သူများသည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကျောင်းသား/သူ ဦးရေ (၅၀၀၀)ကျော်အနက် ပအိုဝ်းကျောင်းသား/သူ ဦးရေ(၁၃၁၃)ဦးသည် အဆင့်မြင့်ပညာရပ်များကို လေ့လာ သင်ယူလာနိုင်ခဲ့ကြပါသည်။
တက္ကသိုလ်ကျောင်းသား/သူများအနေဖြင့် တက္ကသိုလ်ဆိုသည့်ကျောင်းတော်ကြီးတွင် အဓိကအချက် (၃)ချက်ဖြစ်သော (၁) ပညာရေး (၂) စည်းလုံးညီညွှတ်ရေး (၃) အမျိုးသားရေး ကို အလေးထားပြီး တတ်စွမ်းသမျှ ရှာကြံလေ့လာသင်ယူသင့်ပါသည်ဟု အကြံပြုလိုပါသည်။ ထို့အချက်(၃)ချက်အနက်မှ တစ်ချက် တည်းကိုသာ ကျွမ်းကျင်မည်ဆိုလျှင် အဆင့်မြင့်ပညာဆိုသော အနှစ်သာရကို အစိတ်အပိုင်း တစ်ခုလောက်သာ လေ့လာသင်ယူနိုင်သည်ဟု သတ်မှတ်နိုင်ပါသည်။
ပညာရေးဆိုသည့်နေရာတွင် တက္ကသိုလ်ကျောင်းတော်ကြီး၌ အဓိကဘာသာရပ်အနေဖြင့် ရွေးချယ်ထားသော ဘာသာရပ်ကို ကျွမ်းကျင်အောင်လေ့လာသင်ယူပြီး ကျန်သောအချက်(၂)ချက်ကို လက်လွတ်မည် ဆိုပါက စာအုပ်ထဲမှပညာတစ်ခုတည်းကိုသာရရှိမည်ဖြစ်ပြီး ပူးပေါင်းလုပ်ဆောင်တတ်သော အလေ့အထ၊ ခေါင်းဆောင်မှုပညာနှင့် လူမှုဆက်ဆံရေးပညာများ အားနည်းသွားပေလိမ့်မည်။
စည်းလုံးညီညွှတ်ရေး ဆိုသည့်နေရာတွင် ကျောင်းတော်ကြီး၌ အလွှာပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနှင့် နေရာဒေသပေါင်းစုံမှ တက္ကသိုလ်ဆိုသောကျောင်းတော်ကြီးတွင် ပညာနို့ရည်ကို အတူတကွ လာရောက်စို့ယူ လေ့လာနေကြသည့် နေရာဖြစ်သည်။ ထို့ကြောင့် မတူကွဲပြားသည့်အချက်ကို လေးစားပြီး မိမိလေ့လာသင်ယူသောပညာများကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရာတွင် ပန်းပွင့်ကိုယ်စီ ကိုင်ဆောင်ကာ ပန်းပေါင်းစုံအလှနှင့်အတူ စည်းလုံးညီညွှတ်အောင်လုပ်ဆောင်တတ်ရန် လိုအပ်ပါသည်။
အမျိုးသားရေး ဆိုရာတွင် လူမျိုးရေးနှင့် ဘာသာရေးကို အမြင်မမှားရန် အထူးပင်လိုအပ်ပါသည်။ တစ်မျိုးသားလုံးနှင့်ဆိုင်သော ပညာရေးစနစ်၊ စီးပွားရေးပေါ်လစီ စသည့် အတွေးခေါ်များကို ဆိုလိုခြင်းသာ ဖြစ်သည်။ ဥပမာပြောရမည်ဆိုလျှင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် တက္ကသိုလ်ကျောင်းသား/သူများသည် နိုင်ငံ၏အရေးကြီးဆုံးသော ပညာ အရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာအရင်းအမြစ် စသော အရင်းအမြစ်များဖြစ်ပြီး အနာဂတ် နိုင်ငံ ခေါင်းဆောင်ကောင်းများလည်းဖြစ်ကြပါသည်။ ထို့ကြောင့် မိမိတို့သင်ယူနေသော အဆင့်မြင့်ပညာ တစ်နည်း အားဖြင့် တက္ကသိုလ်ပညာများ၏ အနှစ်သာရများကို တွေ့သိအောင်၊ ရရှိအောင်လေ့လာသင်ယူပြီး ပညာရေး၊ စည်းလုံးညီညွှတ်ရေးနှင့် အမျိုးသားရေး အချက်(၃)ချက်များဖြင့် တက္ကသိုလ်ကျောင်းသား/သူ ဆိုသည့်ဂုဏ်ပုဒ် နှင့် ထိုက်သင့်သောတန်ဖိုးကို ကိုင်စွဲကာ ကြိုးစားလေ့လာသင်ယူသွားရန် တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။
ခွန်ခမ်းနောဝ်
Like On Facebook
Follow On Twitter
Subscribe On RSS