Friday, August 19, 2016

ပအိုဝ်းအမျိုးသားတပ်တော် PNA၊ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ဦးဆောင်၍ ပအိုဝ်းဒေသ တ၀ှမ်းလုံး မူးယစ်ဆေးဝါးပပျောက်ရေး ပညာပေး ဟောပြောပွဲများပြုလုပ်လျက်ရှိ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်






ပအိုဝ်းဒေသတ၀ှမ်းလုံး မူးယစ်ဆေးဝါးပပျောက်စေရန် ရည်ရွယ်၍ ပအိုဝ်းအမျိုးသားတပ်တော် PNA၊ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ဦးဆောင်ပြီး ၂၀၁၆ခုနှစ်၊ သြဂုတ်လ(၁၆)ရက်နေ့တွင် စတင်၍ ပအိုဝ်းလူမျိုးများနေထိုင်ကြသော အထူးဒေသ(၆)တွင် မူးယစ်ဆေးဝါးပပျောက်ရေး ပညာပေး ဟောပြောပွဲများ ပြုလုပ် လျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါ ပအိုဝ်းအမျိုးသားတပ်တော် PNA၊ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ဦးဆောင်သော အဖွဲ့များသည် သြဂုတ်(၁၆)ရက်နေ့ နှင့် (၁၇)ရက်နေ့တွင် (စန္တာ;ခမ်း)ပင်လောင်းမြို့နယ်၌ လိန်းညာကျေးရွာ အုပ်စု၊ ထီဗိဘုန်းတော်ကြီးကျောင်းနှင့် စင်းတောင်းကျေးရွာအုပ်စု၊ တင်းထက်ဘုန်းတော်ကြီးကျောင်းတွင် သော်လည်းကောင်း၊ (ဖြားဗွာခမ်း)ညောင်ရွှေမြို့နယ်၊ သပြေကုန်းဘုန်းတော်ကြီးကျောင်းနှင့် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ပင်တွန်ဘုန်းတော်ကြီးကျောင်းတွင် သော်လည်းကောင်း၊ (မျင်;မိုရ်;ခမ်း) ရပ်စောက်မြို့နယ်၊ ဆတ်သေဘုန်းတော်ကြီးကျောင်းနှင့် တောင်ကြီးမြို့နယ်၊ ဇလဲဘုန်းတော်ကြီးကျောင်းတွင် သော်လည်းကောင်း၊ (သူ;ရိယခမ်း) ဟိုပုံးမြို့နယ်၊ ကျောက်ကဆျားရွာ၊ နမ်းဟုန့်ဘုန်းတော်ကြီးကျောင်းနှင့် ထပ်ယံကျေးရွာ၊ ပိန်လုံကျောင်းတွင် သော်လည်းကောင်း မူးယစ်ဆေးဝါးပပျောက်ရေး ပညာပေး ဟောပြော ပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။ ပအိုဝ်းလူမျိုးများနေထိုင်သော အထူးဒေသ(၆)တွင် မူးယစ်ဆေးဝါးပပျောက်ရေး ပညာပေး ဟောပြောပွဲများကို သြဂုတ်လအတွင်း နေရာအနှံအပြား ပြုလုပ်မည်ဖြစ်ပြီး ၎င်းပညာပေး ဟောပြောပွဲများတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပေါ်ပေါက်လာပုံ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေပြစ်ဒဏ်များ၊ မူးယစ် ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါးပပျောက်စေရန် လုပ်ဆောင်ရမည့်အချက်များ၊ အရေးယူဆောင်ရွက်ရမည့်အပိုင်းများကို အဓိက ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
မူးယစ်ဆေးဝါး အန္တရာယ်ကိုကာကွယ်နိုင်ရန်အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဦးဆောင်၍ ၂၀၁၆ခုနှစ်၊ ဇွန်လ(၂)ရက်နေ့၊ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး(ဒဲဉ်သီ;ဗွေ)ကွင်း၊ ပအိုဝ်းအမျိုးသား ခန်းမတွင် မူးယစ်ဆေးဝါးပပျောက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး ယင်းညှိနိုင်းဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက်အရ လူမှုရေးအဖွဲ့အစည်းပေါင်းစုံပါဝင်သော ပအိုဝ်းဒေသတ၀ှမ်းလုံး မူးယစ်ဆေးဝါးပပျောက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။ ထို့ပြင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်၊ ကျေးရွာအုပ်စုအလိုက် မူးယစ်ဆေးဝါးပပျောက်ရေးကော်မတီများ ဖွဲ့စည်းစေခဲ့ကြောင်း သိရှိရပါသည်။ ပအိုဝ်းဒေသတွင် မူးယစ်ဆေးဝါးအန္တရာယ်ကိုကာကွယ်နိုင်ရန်နှင့် မူးယစ်ဆေးဝါးကင်းစင်ရန်အတွက် ပအိုဝ်းဒေသတ၀ှမ်းလုံး မူးယစ်ဆေးဝါးပပျောက်ရေးကော်မတီက ပထမ(၅)နှစ် စီမံချက်ကာလကို ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ သတ်မှတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများ ဘ၀ပြန်လည် ထူထောင်နိုင်ရန်အတွက် မူးယစ်ဆေးဝါး ကုသရေးစခန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;


Powered by Blogger.