Friday, August 19, 2016

ပအိုဝ်းအမျိုးသားတပ်မတော် PNA၊ PNO အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့မှ မူးယစ်ဆေးဝါးပပျောက်ရေး ပညာပေးဟောပြောပွဲနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်





၂၀၁၆-ခုနှစ်၊ သြဂုတ်လ(၁၆)ရက်၊ နံနက် ၁၀း၃၀ အချိန် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ဖက်ယန်းကျေးရွာအုပ်စု၊ ပိန်လုံဘုန်းတော်ကြီးကျောင်းတွင် အထူးဒေသ(၆) ပအိုဝ်းအမျိုးသားတပ်မတော် PNA၊ PNO အသွင်ပြောင်းပြည်သူ့စစ်ဌာနေ အဖွဲ့မှ မူးယစ်ဆေးဝါးပပျောက်ရေး ပညာပေးဟောပြောပွဲနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
 အထူးဒေသ(၆)၊ သူရိယခမ်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)-မြို့နယ်ဥက္ကဌ ဖြားတန်အောင်သုခမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး၊ တစ်ဆက်တည်း ပအိုဝ်းအမျိုးသားတပ်မတော်-PNA ဗဟိုစစ်ကော်မတီဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီးပီတာထွန်းနိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင်-မိမိတို့ပအိုဝ်းဒေသတစ်ဝှမ်းလုံး မူးယစ်ဆေးဝါး ပပျောက်ရေး စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မိမိတို့ခေါင်းဆောင်ကြီး ဗိုလ်ချန်စုံလက်ထက်တွင် သော်လည်းကောင်း၊ ပအလဖဥက္ကဌ ဗိုလ်ချုပ်စံသိန်းလက်ထက်တွင် သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လက်ထက်ယနေ့တိုင်အောင် စဉ်ဆက်မပျက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ အထူးဒေသ(၆)အတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး မိမိတို့တပ်ဖွဲ့အနေဖြင့် ၂၀၁၆-ခုနှစ် သြဂုတ်လမှစ၍ အရေးယူဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲကာလ မိမိတို့ဒေသတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဓါတုဆေးဝါးများ အန္တရာယ် ခြိမ်းခြောက်နေလျှက်ရှိကြောင်း၊ မိမိတို့တပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးနှင့်ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာမှာ ပထမအဆင့်အနေဖြင့် ရွာသားများအချင်းချင်းဆုံးမစေပြီး ဒုတိယအဆင့်တွင် မိမိတို့ တပ်ဖွဲ့ကသွန်သင်ဆုံးမပြီး နောက်ဆုံးအဆင့်တွင် မူးယစ်ဥပဒေဖြင့် အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများကို ဖြန့်ဖြူး ရောင်းဝယ်သူများ သုံးစွဲသူများနှင့်ထုတ်လုပ်သူများကို နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းပြီး စတင်အရေးယူသွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေး ဆောင်ရွက်ရာတွင် မိဘပြည်သူလည်း ပူးပေါင်းပါဝင်ကြရန် အလွန်အရေးကြီးကြောင်း ပြောကြားသွားပါသည်။
ထို့နောက်မူးယစ်ဆေးဝါးပပျောက်ရေးနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို  ပအိုဝ်းအမျိုးသားတပ်မတော်PNA ဒုဗိုလ်မှူးကြီးခွန်ဂျိုးဇက်မှလည်းကောင်း၊ ဗိုလ်မှူးခွန်ဝင်းရွှေမှလည်းကောင်း၊ ဗိုလ်ကြီးခွန်ဥာဏမှလည်းကောင်း၊ ဗိုလ်ကြီးခွန်အောင်ကျော်မှလည်းကောင်း၊ ဗိုလ်မှူးခွန်မြအောင်မှလည်းကောင်း အကျယ်တ၀င့်  ဟောပြောပေးခဲ့ပြီး ဒေသခံမိဘပြည်သူများကိုယ်စား ဗိုလ်လေးခွန်မြမောင်မှ ကျေးဇူးတင်စကား ပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။
မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဖက်ယန်းကျေးရွာအုပ်စုတွင် ကျေးရွာ(၁၇)ရွာမှ ရွာသူ/ရွာသားများ (၁၅၀)ကျော်တက်ရောက်ခဲ့ကြပြီး၊ ၂၀၁၆-ခုနှစ်၊သြဂုတ်လ-၁၇-ရက်နေ့ စံဖူးကျေးရွာကျေးရွာအုပ်စု နမ်းဟုတ်ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာပေါင်း(၁၇)ရွာမှာ ရွာသူ/ရွာသားများ(၁၀၈၀)ကျော်တက်ရောက်ခဲ့ကြသည်။ မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့်ပတ်သက်ပြီး အထူးဒေသ(၆) ဟိုပုံးမြို့နယ်တွင် (၅)နေရာနှင့် ဆီဆိုင်မြို့နယ်တွင် (၈)နေရာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.