Wednesday, August 17, 2016

PNA-အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့မှ မူးယစ်ဆေးဝါးပပျောက်ရေး ပညာရေးဟောပြောပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်


၂၀၁၆၊ သြဂုတ်လ (၁၆)၊ မနက် (၁၀)နာရီအချိန်၊ ရပ်စောက်မြို့နယ်၊ ဆတ်သေဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားတပ်မတော် PNA-အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့မှ ဒေသခံ ပြည်သူများအား မူးယစ်ဆေးဝါးပပျောက်ရေး ပညာပေးဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပအိုဝ်းအမျိုးသားတပ်မတော် ဗဟိုကော်မတီဝင် ဖြားတန်ခွန်ချစ်လယ်၊ မျင်းမိုလ်ခမ်း၊ ရန်ကင်းမြို့နယ်၊ အတွင်းရေးမှူး ဦးခွန်ကိုး၊ သူရိယခမ်း ဒု-ခမ်းဗွေး ဗိုလ်မှူးခွန်ချစ်အိန်၊ ပအိုဝ်းအမျိုးသားတပ်မတော်ဗျူဟာ(၁) ဗျူဟာမှူး ဒုဗိုလ်မှူးကြီးခွန်ကီး၊  ပအိုဝ်းအမျိုးသားတပ်မတော်(PNA) ဗဟိုဌာနချုပ်ရုံးမှ ဗိုလ်ကြီးခွန်ဖိုးဆောင်၊ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်မှူးခွန်ခမ်းတန် တို့မှ အသီးသီးဟောပြောခဲ့ပါသည်။
ဟောပြောချက်များမှာ - ယခု မူးယစ်ဆေးဝါးသုံးစွဲဖြန့်ဖြူးနေမှုများသည် အမျိုးသားအတွက် ကြီးမားသည့်အန္တရာယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် အသိရှိရှိ ညီညီညွတ်ညွတ် ပူးပေါင်းတိုက်ဖျက်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း၊ ကျေးရွာ၊ အုပ်စု၊ မြို့နယ်၊ ဗဟို မူးယစ်ဆေးဝါးပပျောက်ရေးအဖွဲ့များ အဆင့်ဆင့် ဖွဲ့စည်းပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုကစပြီး အကျင့်စာရိတ္တပျက်စီးနေသည့် သူများအနေဖြင့် အသိရှိရှိ ပြုပြင်ဖို့ လိုနေပြီဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရောင်းဝယ်ဖြန့်ဖြူးသူ မည်သူမဆို ပအိုဝ်းအမျိုးသားတပ်မတော်အနေဖြင့် ဆိုင်ရာအစိုးရတာဝန်ရှိသူများနှင့် ပူးပေါင်းကာ လိုအပ်သလို အရေးယူသွားမှာဖြစ်ကြောင်း၊ ပညာပေး ဟောပြောပွဲ ပြုလုပ်ပြီးသည့်နောက်ပိုင်းတွင် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း စသည့် အကြောင်းအရာများနှင့် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ရှင်းပြဟောပြောခဲ့ကြပါသည်။
ဤပညာပေးဟောပြောပွဲသို့ ဒေသခံပြည်သူလူထု (၅၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။  သြဂုတ်(၁၆)ရက်တွင် ပအိုဝ်းဒေသအတွင်းရှိ သူရိယခမ်း၊ စန္တာခမ်း၊ ဖြားဗွာခမ်းများသို့လည်း ပအိုဝ်းအမျိုးသားတပ်မတော် အသွင်ပြောင်းပြည်သူ့စစ်ဌာနေ (PNA)အဖွဲ့မှ အဖွဲ့များခွဲကာ  အလားတူ မူးယစ်ဆေးဝါးပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ

Powered by Blogger.