Monday, September 19, 2016

မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်





မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ(၁၈) ရက်၊ တနင်္ဂနွေနေ့၊ နေ့လည်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် နောင်လိုင်မူဖိတ် ကျေးရွာအုပ်စု၊ ပန်ခက်ကျေးရွာ၌ကျင်းပကာ နောင်လိုင်မူဖိတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၅)ရွာမှ ဒေသခံ ပြည်သူများ (၂၃၀) ခန့်တက်ရောက်ခဲ့ကြောင့်သိရှိရပါသည်။
အဆိုပါဟောပြောပွဲတွင် ဟိုပုံးမြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ နှင့်တာဝန်ရှိပုဂ္ဂိုလ်များက ဘိန်းအစားထိုးအခြားသီးနှံများ စိုက်ပျိုးကြရန် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့် ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အရေးယူသွားမည့်အကြောင်းများနှင့် ဘိန်းစိုက်ပျိုးလျှင် ဘိန်းခင်းများကို အမှန်တကယ်လာရောက်ဖျက်ဆီးမည့်အကြောင်းများကို အသိပညာပေး ဟောပြောပေးခဲ့ကြပြီး ဟိုပုံးမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဆရာဝန်ကြီးက ကျန်းမာရေးအသိပညာများကို အသိပေးဟောပြောခဲ့ပါသည်။ ယခုနှစ် နောင်လိုင်မူဖိတ်ကျေးရွာအုပ်စုအတွင်းတွင် ဘိန်းစိုက်ခင်းများ ရှိနေသေးကာ ဘိန်းစိုက်ပျိုးသော ဒေသခံပြည်သူများအနေဖြင့် မိမိစိုက်ခင်းကို သက်ဆိုင်ရာဌာနများက နှစ်စဉ်လာရောက်ဖျက်ဆီးခြင်းကြောင့်လည်ကောင်း၊ သက်ဆိုင်ရာဌာနများမှ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာများ လာရောက်ဟောပြောသည်ကို နားလည်သဘောပေါက်၍လည်းကောင်း ၊ မြေဆီလွှာများ ပျက်စီးလာခြင်းနှင့် ရာသီဥတုဖောက်ပြန်ခြင်းတို့လည်ကောင်း၊ ဘိန်းစိုက်ပျိုးမှုကို စွန့်လွတ်လိုသော်လည်း အခြားသီးနှံများကို စိုက်ပျိုးလျှင် ဈေးကွက်အခက်အခဲရှိနေကြောင်း၊ လမ်းပန်းဆက်သွယ်ရေးမကောင်းသဖြင့် သယ်ယူပို့ဆောင်ရန်လည်း အခက်အခဲရှိနေကြောင်းနှင့် စိုက်ပျိုးရေးနည်းပညာများလည်း လိုအပ်ချက်များ ရှိနေကြောင်း  လိုင်းကလကျောင်းထိုင်ဆရာတော် ဦးသံဝရ၏ မိန့်ကြားချက်အရသိရပါသည်။ ယခုနှစ် ဟိုပုံးမြို့နယ်တွင် ဇွန်လမှစတင်၍ ဒေသအာဏာပိုင်အဖွဲ့အစည်းများက ဘိန်းစိုက်ပျိုးရန် အခြေအနေရှိသော ကျေးရွာအုပ်စု (၇)အုပ်စုတွင်အသိပညာပေးလုပ်ငန်းများကို များစွာအသိပညာပေးဟောပြောခဲ့ပြီး အချို့ကျေးရွာ အုပ်စုတွင် ဘိန်းစိုက်ပျိုးရန်ပြင်ထားမှုရှိကာ အမှန်တကယ်စိုက်ပျိုးခဲ့သည်ရှိသော် ဖျက်ဆီးမှုအပိုင်းနှင့် အရေးယူမှုအပိုင်းများကို ထိရောက်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုးက ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

ခြန္ရာဇာကြီး

Powered by Blogger.