Sunday, September 18, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ နိုင်ငံတကာဆက်ဆံရေးဌာန ဌာနမှူးဆရာခွန်ကြည်နှင့် လွယ်ကောင်းကျေးရွာရှိ ဒေသခံရပ်မိရပ်ဖများတွေ့ဆုံပြီး အသိပညာဗဟုသုတများ ဖလှယ်ပေးခြင်း

တောင်ကြီး ၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၉) ၇က်




တောင်ကြီးမြို့နယ်၊ ထီပေါင်းကျေးရွာအုပ်စု၊ လွယ်ကောင်းဘုန်းတော်ကြီးကျောင်းတွင် ဒေသခံရပ်မိရပ်ဖများ၏ ဖိတ်ကြားချက်အရ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးမှ အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်နှင့် နိုင်ငံတကာဆက်ဆံရေးဌာန ဌာနမှူး ဆရာခွန်ကြည်သည် ၁၆.၉.၂၀၁၆ နံနက် (၉) နာရီ အချိန်တွင် ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး အသိပညာဗဟုသုတများကို ဆွေးနွေးဖလှယ်ပေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ဒေသခံများ (၂၀၀) ကျော် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ ရှေးဦးစွာ ဦးခွန်တင်ထွဋ်မှ အဖွင့်အမှာ စကားပြောကြားပေးပြီး အခမ်းအနားကိုစတင်ခဲ့သည်။ ထို့နောက် ဆရာခွန်ကြည်သည် မိမိအနေဖြင့် မိမိ၏ ခံယူချက်သည် မိမိတတ်ကျွမ်းသော အသိပညာဗဟုသုတများကို တခြားသူများအား ပြန်လည်မမျှဝေပေးပါက မိမိ၏ အောင်မြင်မှုသည် အဓိပ္ပါယ်မရှိကြောင်းဟုခံယူထားခြင်းကြောင့် မိမိသိရှိထားသော အသိပညာ၊ အတွေ့အကြုံ၊ ဗဟုသုတများကို ဒေသခံ မိဘပြည်သူများအား ပြန်လည်မျှဝေပေးခြင်း ဖြစ်ကြောင်း ယခုလို မိဘပြည်သူများအား မိမိအသိပညာဗဟုသုတများကို ပြန်လည်မျှဝေခွင့်ရသည့်အတွက်များစွာ ၀မ်းသားပီတိဖြစ်မိကြောင်းနှင့် တွေ့ဆုံနိုင်ရန်စီစဉ်ပေးသည့် ဒေသခံမိဘပြည်သူများကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး မိမိအနေဖြင့် ယနေ့လို အခြေအနေမျိုးရပ်တည်နိုင်ရန်အတွက် လွယ်လွယ်နှင့်ရရှိလာခဲ့ခြင်းမဟုတ်ကြောင်းကို ဒေသခံလူထုများအား မိမိဘ၀ခက်ခဲစွာ ရုန်းကန်လာခဲ့ရပုံကို ပြန်လည်မျှဝေပေးခဲ့ပြီး လူနေမှုဘ၀မြင့်မားရေး အကြောင်းကိုလည်း အသေးစိတ်ဆွေးနွေးပေးခဲ့သည်။ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့၏သားသမီးများကို အလိုမလိုက်ရန်နှင့် ချစ်တတ်ရန်လိုအပ်ပြီး သားသမီးများ၏ပညာရေးကိုလည်း အားပေးရန်  အကြံပြုတိုက်တွန်းခဲ့သည်။ မိမိတို့အနေဖြင့် ပအိုဝ်းအမျိုးသားရေးအတွက် လှုပ်ရှားဆောင်ရွက်နေမှုများအကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်းကို ဒေသခံပြည်သူများ သိရှိနိုင်စေရန် ရှင်းပြပေးခဲ့သည်။ ထို့နောက် ဖြားခွန်ဝဏ္ဏတုတ်နှင့် ဆရာမဒေါ်နန်းစန်းကြည်ကလည်း ယခုလို မိမိတို့ဒေသတွင် အသိပညာဗဟုသုတများကို လာရောက်မျှဝေပေးခဲ့သည့် ဆရာခွန်ကြည်ကိုလည်း ဒေသခံများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားကာ ဆရာခွန်ကြည်အား ဂုဏ်ပြုငွေများ ပြန်လည်ချီးမြှင့်ပေးခဲ့သည်။ ဆရာခွန်ကြည်အနေဖြင့်လည်း ဂုဏ်ပြုငွေများအတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း သို့သော် ဂုဏ်ပြုငွေများကို မိမိပုဂ္ဂိုလ်ရေးအတွက် အသုံးပြုမည်မဟုတ်ကြောင်း မိမိအနေဖြင့် ပီတိဆရာများကွန်ယက်အဖွဲ့သို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း လက်ရှိပီတိဆရာများကွန်ယက်အဖွဲ့သည် ပညာတတ်ပအိုဝ်းလူငယ်များနှင့် ဖွဲ့စည်းကာ သီးခြားရပ်တည်နေကြောင်းနှင့် ပအိုဝ်းဒေသအတွင်းရှိ စာသင်ကျောင်းများတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း အင်္ဂလိပ်စာများ အခမဲ့လိုက်လံသင်ကြား ပို့ချပေးလျက်ရှိကြောင်း ရှင်းပြကာ ထို့အပြင် ပအိုဝ်းလူငယ်များ စာဖတ်အား ကောင်းလာစေရန်ရည်ရွယ်ပြီး ရွေ့လျားစာကြည့်တိုက်များကိုပါ ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရွေ့လျားစာကြည့်တိုက်အတွက် လိုအပ်သည့် စာအုပ်စာတမ်းများကိုလည်း မည်သူမဆိုပါဝင်လှူဒါန်းနိုင်ကြောင်းကိုလည်း ရှင်းပြခဲ့သည်။ ထို့နောက် အခန်းအနားကို ရုပ်သိမ်းကာ ဆရာတော်ဘုရားထံ ရှစ်ပါးသီလနှင့်တကွဆရာတော်ဘုရား၏ သြ၀ါဒကိုလည်းခံယူခဲ့ကြောင်း သိရှိရပါသည်။

ဝေးခွန်
Powered by Blogger.