Tuesday, September 13, 2016

ပညာခေတ်နှင့် မိမိတို့ပအိုဝ်းဒေသ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်



ပညာခေတ်ဟုဆိုလိုက်သည်နှင့် လူတိုင်းသည်ထိုစကားလုံးနှင့်မစိမ်းဘဲရင်းနှီးနေသည်။ သို့သော် ပညာဆိုသော အရာသည် ကြီးကျယ်သော အရာဖြစ်ပါသည်။ ပညာဆိုသည်မှာ လက်မှုပညာ၊ စက်မှုပညာ၊ နူတ်မှုပညာ ဟု လောကအနေဖြင့် သမုတ်ထားသည်ကို တွေ့ရှိရ၏။
လက်မှုပညာဆိုသည်မှာ လက်သမား၊ ပန်းဆယ်မျိုး စသည်တို့ဖြစ်ပါသည်။ စက်မှုပညာဆိုသည်မှာ လုပ်ငန်းကဏ္ဍများတွင်အသုံးပြုသော စက်ပစွည်းဖြင့်လုပ်ဆောင်သော လုပ်ငန်းမှန်သမျှကို ဆိုလိုသည်ဟု မှတ်ယူမိပါသည်။ နှုတ်မှုပညာဆိုသည်မှာ အဟောအပြောစွမ်းရည်ပညာရှင်နှင့် တရားဟောဆရာတို့ကို ဆိုလိုပါသည်။ ပညာနှင့်ပတ်သက်သော လောကဆိုရိုးစကားတစ်ခုတွင် နေရောင်သည် နေ့အခါ၌သာ လည်းကောင်း၊ လရောင်သည် ညအခါ၌သာလည်းကောင်း ထွန်းလင်းတောက်ပပြီး ပညာဆိုသောအလင်း ရောင်သည်ကား နေရောင်၊ လရောင်တို့နှင့် မတူပေမိမိဘ၀တစ်လျှောက်လုံးသေဆုံးသည်အထိ ရာသက်ပန် ထွန်းလင်း တောက်ပစေပါသည်။ မြတ်ဗုဒ္ဓ၏ ဒေသနာတော်တွင်လည်း “ပညာသမာ အာဘာ နတ္တိ” လောက၌ ပညာနှင့်တူသော အလင်းရောင်မရှိဟု ဟောတော်မူခဲ့ပါသည်။   မှန်ပါသည် လောကတွင် စိန်၊ ရွှေ၊ ငွေစသော စည်းစိမ်ဥစ္စာတို့ကို ခိုးယူ၍ရသကဲ့သို့ ရန်သူမျိုးငါးပါးကြောင့်လည်း အချိန်အခါမရွေး ပျက်စီးနိုင်ပါသည်။ ပညာ ဆိုသောအရာကို မည်သူမျှခိုးယူ၍ မရနိုင်သကဲ့သို့ ရန်သူမျိုးငါးပါးကြောင့်လည်း မဖျက်စီးနိုင်ပါ။ ပညာရေးကို ဦးစားပေးသောနိုင်ငံများတွင် မည်ရွေ့မည်မျှတိုးတက်သည်ကို လူတိုင်းသိရှိပြီးဖြစ်ပါသည်။ ရှေးလူကြီးသူမ များ၏ အဆိုအရ လောကတွင်မတတ်ကောင်းသော ပညာမရှိ၊ မသုံးကောင်းသော ပညာသာ ရှိ၏ဟု ဆိုခဲ့ပါသည်။ လောကလူပုံအလယ်တွင် ပညာတစ်မျိုးမျိုးတတ်ထားသည့်ပုဂ္ဂိုလ်နှင့် မတတ်သည့် ပုဂ္ဂိုလ်သည် များစွာကွာခြားသည်ကို တွေ့ရှိရပါမည်။ ပညာတတ်သူသည် လူပုံအလယ်တွင် ပညာရဲရင့် ပွဲလယ်တင့် ဆိုသကဲ့သို့ ပညာဟူသော အရောင်အ၀ါဖြင့် တင့်တယ်ပြီး ပညာမတတ်သည့်ပုဂ္ဂိုလ်အတွက်မူ မျက်နှာသူငယ် ဖြင့် အောက်ကျနောက်ကျဖြစ်ရပါသည်။
မိမိတို့လူမျိုးသည် များသောအားဖြင့် နိုင်ငံရေးအခြေနေအရ လွန်ခဲ့သောဆယ်စုနှစ်မတိုင်မီ အခြေအနေတွင် ဘွဲ့ရသော်လည်း အလုပ်အကိုင်မရှိသည့်အတွက် တောင်ယာလုပ်ငန်းကိုသာဝင်ရောက် လုပ်ကိုင်ရပါသည်။ ထို့ကြောင့် ဘွဲ့ရလည်းပေါက်ပြားကိုင်ရမှာဘဲ ဘွဲ့မရလည်းပေါက်ပြားကိုင်ရမှာဘဲ ဆိုသော အယူအဆကြောင့် မိမိတို့ဒေသတွင် ဘွဲ့ရပညာတတ်လူဦးရေ နည်းပါးခဲ့သကဲ့သို့ ဖွံ့ဖြိုးရေးအပိုင်းတွင်လည်း များစွာနောက်ကျ ခဲ့ရပါသည်။  သို့သော် လွန်ခဲ့သောဆယ်စုနှစ်ခန့်မှစ၍ ခေါင်းဆောင်ကြီးများ၏ ကြိုးစားမှုကြောင့်  မိမိတို့ ဒေသတွင် ပညာရေးကို နည်းမျိုးစုံဖြင့် ဦးစားပေးပြိး အစိုးရစာသင်ကျောင်းများလည်း အတော်အတင့်ရှိလာကာ ဘွဲ့ရပညာတတ်များလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးတိုးတက်များပြားလာသည်ကို သူသူငါငါ မြင်တွေ့နေရပါသည်။ ထိုအထဲတွင်  ထူးချွန်သော ပြည်တွင်းပြည်ပ ရဟန်းပညာတတ်၊ လူပညာတတ် များလည်း များစွာပေါ်ထွက်လာခဲ့သည်၊ ဖွံ့ဖြိုးမှုအပိုင်းတွင် ပြည့်စုံမှုမရှိသေးသော်လည်း ထိုက်သင့်သလောက် ခံစားနေရပြီး လူနေမှုအဆင့်အတန်းလည်း တိုးတက်လာနေသည်ကို တွေ့ရှိရပါသည်။ ခေါင်းဆောင်များ အနေဖြင့်လည်း မိမိတို့ဒေသအတွက် ရသင့်ရထိုက်သော အခွင့်အရေးများကိုရရှိအောင် ဆက်လက်၍ ကြိုးစားပေးနေသည်ကို ၀မ်းသာစွာတွေ့ရှိရပါသည်။
မည်သို့ပင်ဆိုစေကာမူ မိမိလူမျိုးမိမိဒေသ အနာဂါတ်သာယာလှပအောင် ပညာရေးသည် ပဓာနပင် ဖြစ်ပါသည်။ တက္ကသိုလ်တစ်ခုခုမှဘွဲ့ရထားသူဖြစ်ပါက မိမိဘ၀တက်လမ်းအတွက် အခွင့်အရေးများစွာရှိပါသည် ”ပညာမြင့်မှ လူမျိုးတင့်မည်” ဆိုတဲ့စကားအတိုင်း မိမိတို့ပအိုဝ်းဒေသတွင် မိမိတို့၏ရင်သွေးငယ်များအား ပညာရေးကို စိတ်ပါဝင်စားလာအောင် အားပေးချီးမြောက်ရန် လိုအပ်ပါသည် ပညာမြင့်မှမိမိ၏ လူမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ခွန်ကျော်ထွန်း လေမော်ဟေ့

Powered by Blogger.