Monday, September 12, 2016

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်





ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့တော်ခန်းမတွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်လူကုန်မှု တားဆီးကာကွယ်ရေးအဖွဲ့ဦးဆောင်၍ ၂၀၁၆ ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့ နံနက် ၉း၀၀နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ မိန့်ခွန်းပြောကြား ပေးခဲ့ပြီး ရှမ်းပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကြီး တင့်ရွှေမှ လူကုန်ကူးမှု ဆိုင်ရာ ဥပဒေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟို အဖွဲ့၏ ဆောင်ရွက်ချက်နှင့် ရှမ်းပြည်နယ်အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြချက်များမှာ လူကုန်ကူးခြင်းဆိုသည်မှာ ခေါင်းပုံဖြတ်ဖို့ ရည်ရွယ်ချက်နှင့် ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အဓမ္မခေါ်ဆောင်သွားခြင်း၊ လိမ်ညာခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ အာဏာအသုံးပြုခြင်း၊ ရပ်တည်ဖို့ ခက်ခဲနေတဲ့ဘ၀ အခြေအနေကို အလွဲသုံးစား ပြုလုပ်ခြင်း၊ ဒီလိုနည်းလမ်းများကို သုံးပြီး တစ်စုံတစ်ဦးက လူစုဆောင်းခြင်း၊ ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊ လက်ခံပေးခြင်းနှင့် ကြုံလျှင် သင်ဟာ လူကုန်ကူးခံရတာဖြစ်ကြောင်း၊ လူတိုင်း သတိပြုရမည့် သူများမှာ အမျိုးသမီးငယ် ကလေးငယ်များကို စုဆောင်းသည့် လူပွဲစားများ၊ မြို့ကြီးများ နယ်စပ်ဒေသများနှင့် အခြားနိုင်ငံများတွင် အလုပ်ရမည် အထူးသဖြင့် အလွန်ကောင်းသော အလုပ်ရမည်ဟု ပြောဆို၍ လိုက်လံ စည်းရုံးနေသူများ အိမ်ဖော်အလုပ် ကာရာအို၌ အလုပ်များရမည်ဟု စည်းရုံးသည့် ပွဲစားများ၊ ကား၊ ရထား သင်္ဘော တို့ဖြင့် အမျိုးသမီးများ ကလေးများအား အုပ်စုလိုက် သယ်ယူခေါ်ဆောင်သွားနေသူများကို သတိပြု ရမည်ဖြစ်ကြောင်း အကျယ်တ၀င့်ရှင်းလင်း တင်ပြပေးခဲ့သည်။
၎င်းအခမ်းအနားတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်မိခင်နှင့်ကလေး အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပညာပေးရေးဌာန ဆရာ/မများ၊ ကျန်းမာ ရေးသူနာပြုအဖွဲ့ဝင်များ၊  ပအိုဝ်းစာပေနှင့် ယေဉ်ကျေးမှုအဖွဲ့များ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဂရုဏာ လူမှု စည်းလုံးညီညွတ်ရေးအသင်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်ပန်းစိန်

Powered by Blogger.