Wednesday, September 7, 2016

မိမိကိုယ်ကိုယ်ထိန်းကျောင်းခြင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်


မိမိတို့လူ့ဘုံလူ့လောကတွင် ကျင်လည်ရခြင်းသည် ရှေးဘဝကုသိုလ်ကံကောင်းမှုကြောင့် ဟုဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားသည့် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော ဒုလ္လဘတရားငါးပါးထဲက ‘မနုဿတ ဘာဝေါ ဒုလ္လဘော’ ဆိုသည့်တရားတော်အတိုင်း လူဘ၀ရရန်ခဲယဉ်းလှသည်။ ကမ္ဘာပေါ်ရှိသက်ရှိသတ္တ၀ါအားလုံးထဲမှ လူသားသည်သာ ဒုက္ခသံသရာစက်ကွင်းထဲက လွတ်မြောက်အောင်ရုန်းထွက်နိုင်သည့်  အသိဥာဏ်ကြွယ်ဝသော သတ္တ၀ါဖြစ်သည်။
ကျွန်ုပ်တို့၏ဥပါဒါန် စိတ်အစွဲအလမ်းကြောင့် လူ့ဘုံသို့ရောက်ရှိနိုင်သကဲ့သို့ တိရိစ္ဆာန်ဘုံသို့လည်းကျရောက်စေနိုင်ပါသည်။ လူ့ဘုံနှင့်လွဲပြီဆိုလျှင် လူ့ဘ၀ပြန်ရရန် ခဲယဉ်းလှသည်။ ထို့ကြောင့် `အသက်ထွက်ခါနီး လူတစ်ယောက်၏စိတ်သည်အလွန် အရေးကြီးသည်’ ဟုရှေးလူကြီးဆုံးမစကားလညှ်းရှိသည်။ မိမိတို့သည်တိရိစ္ဆာန်ဘုံကိုကျော်လွန်၍ လူဘုံရောက်လာရခြင်းသည် သမ္ပတိတရား(၄)ပါးထဲမှ ‘ပုဗ္ဗေစကတပုညတာ’ ရှေ့ဘ၀ကုသိုလ် ကောင်းမှုကြောင့်ဖြစ်သည်။ ပတိရူပဒေသ၀ါသောစနှင့်အညီ သူတော်စင်၊ သူတော်ကောင်း ဆရာသမားများနှင့် တွေ့ဆုံရခြင်း၊ ဗုဒ္ဓဘာသာဝင် မိဘများ၏ သားသမီးဖြစ်ခွင့်ရခြင်း၊ ဘုရား၊ တရား၊သံဃာ ရှိသည့်အရပ်တွင်မွေးဖွားရခြင်း၊ သင့်တင့်လျောက်ပတ်သော အရပ်တွင်နေထိုင်ရခြင်း၊ သာသနာထွန်းကားသည့် အချိန်နှင့်ကြုံကြိုက်ခြင်း၊ ထို့ပြင် သပ္ပုရိသေနသံဝါသ ဘုရားသာသနာနှင့်တွေ့ဆုံရ၍ ရပ်တိုင်းရွာတိုင်းတွင် ရွှေရောင် တ၀င်းဝင်းထွက်နေသော ဘုန်းကြီးကျောင်းများကို အတူတကွဆောက်လုပ်လှူဒါန်းရခြင်း၊ အခါကြီး၊ ရက်ကြီး၊ လပြည့်လကွယ်နေ့၊ ၀ါတွင်းသုံးလ ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်အခါသမယများတွင် ဘုန်းကြီးကျောင်းသီတင်းသီလ ဆောက်တည်၍ တရားတော်များကို ကြားနာရခြင်း၊ တရားဟောဆရာများ၏ တရားများကိုလည်း ကြားနာရခြင်း၊ ပညာရှိသူတော်စင် သူတော်ကောင်းများ၊ မိဘဆရာသမားများ၏ သြ၀ါဒကိုနာခံရခြင်းကြောင့် အမှားအမှန်၊ အကောင်းအဆိုး ကုသိုလ်၊ အကုသိုလ်၊ ကံ၊ ကံ၏အကျိုး ကိုခွဲခြားနိုင်၍ မိမိကိုယ်ကို ဆင်ခြင်နိုင်ခြင်းစသည့် သမ္ပတိတရား(၃)ပါးနှင့် ပြည့်စုံသည်သာမက အချုပ်တရားဖြစ်သည့် ‘အတ္တသမ္မာပဏိဓိစ’ဟုသော  မိမိကိုယ်ကိုသွန်သင်ဆုံးမမှု၊ မိမိကိုယ်ကိုထိန်းသိမ်းမှု၊ မိမိကိုယ်ကို စောင့်ရှောက်မှုသည် အလွန်အရေးကြီးသည်။ သာဓကတခုကို ကြည့်ရမည်ဆိုလျှင် ဘုရားရှင်လက်ထက်တွင် ဘုရားရှင်၏ ယောက်ဖဒေ၀ဒတ်သည် ဘ၀ကုသိုလ်ကံကောင်း၍ လူဖြစ်ရသည့်အပြင် မင်းမျိုးမင်းနွယ်၊ သာကီဝင်မျိုးနွယ်၊ ကပိလ၀တ်တိုင်းပြည်၊ ဟိမ၀န္တအရပ် တည်ငြိမ်အေးချမ်းသည့် သူတော်စင်မွေးဖွားရာနေရာတွင် ဖွားမြင်ပြီးဘုရာရှင်ကိုယ်တော် သက်ရှိထင်ရှားသည့် အချိန်နှင့်လည်းတိုက်ဆိုင်သည်။ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်သွားမည့်လမ်း၊ ငရဲသွားမည့်လမ်း စသည့်အကျိုးအကြောင်း အကောင်းအဆိုးအကြောင်းစသည့် ဘုရားရှင်ကိုယ်တိုင် ဟောကြားသည့်၊ လမ်းညွှန်သည့်တရားတော်ကြောင့် လောကီဈာန်ရသည့်ပုဂ္ဂိုလ်လည်းဖြစ်သည်။
တစ်နည်းပြောရမည်ဆိုလျှင် ဒေ၀ဒတ်သည် သမ္ပတိတရား(၄)ပါးအနက် (၃)ပါးနှင့် ပြည့်စုံသော်လည်း မိမိကိုယ်ကိုထိန်းသိမ်းမှု၊ မိမိကိုယ်ကိုသွန်သင်မှု၊ မိမိကိုယ်ကို စောင့်ရှောက်မှုမရှိဘဲ စိတ်ကိုအလိုလိုက်ခြင်း၊ လောဘမာနကိုအလိုလိုက်ခြင်း၊ ရှေ့နောက် ဆင်ခြင်သည့်တရားနည်းပါးခြင်းဟူသည့် အတ္တသမ္မာပဏိဓိဇာစတရားတပါး ချို့ယွင်းသဖြင့် နိဗ္ဗာန်သွားရမည့် အခြေအနေမှ ငရဲရှစ်ထပ်၏ အောက်ဆုံးထပ်အ၀ီစိငရဲသို့ကျရောက်ခဲ့ရသည်။
ဤသာဓကကိုရှုခြင်းအားခြင်း စာရေးသူနှင့်တကွ စာဖတ်သူပရိတ်သတ်များလည်း သင်ခန်းစာယူ၍  ရခဲလှသည့် လူဘ၀ကိုရောက်ရှိခိုက် မိမိတို့သည် လောကပါလတရားနှင့်အညီ ကျင့်ကြံနေထိုင်ကြရန်လိုအပ်ပြီး မိမိတို့ဘဝတိုးတက် မြင့်မားလာစေရန်အတွက် အတ္တ၊ မာန များကိုလျှော့ချရန်လိုအပ်ပြီး မိမိကိုယ်ကိုထိန်းသိမ်းစောင့်ရှောက်နိုင်မည့် အသိပညာဗဟုသုတများကို လေ့လာစူးစမ်းကာ မိမိဘ၀မှအစ တိုင်းပြည်နှင့်လူမျိုးအပေါ် အကျိုးရှိရှိ အသုံးချနိုင်ကြရမည်ဖြစ်သည်။ မိမိတို့သည်ရခဲသည့်လူဘ၀တွင် လူဖြစ်ရသည့်အပြင် သမ္ပတိတရား(၃)ပါးနှင့်ပြည့်စုံပြီဖြစ်သဖြင့်  မိမိကိုယ်ကိုယ်ထိန်းသိမ်းမှု၊ မိမိကိုယ်ကိုယ်သွန်သင်မှု၊ မိမိကိုယ်ကိုယ် စောင့်ရှောက်မှုအချုပ်ဖြစ်သည့် အတ္တသမာပဏိဓိစတရားသည် အလွန်အရေးကြီးလှပါကြောင်း တင်ပြလိုက်ရပါသည်။

နင်;တဆံ,ထီ (မျင်,မိုရ်;ခမ်း)
ကိုးကားချက်။ ။ ဖြားတန်စင်,ဖါအောင်;ခမ်းထီ ငေါဝ်းသြ၀ါဒ
Powered by Blogger.