တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်
လူ့ဘ၀တွင် အရွယ်သုံးပါးရှိသည့်အနက် ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဟူ၍ ခွဲခြားထားပါသည်။ ပထမအရွယ်သည် ပညာရှာမည့်အရွယ်ဖြစ်သည်။ ဒုတိယအရွယ်သည် စီးပွားရေး ရှာရမည့်အရွယ်ဖြစ်သည်။ တတိယအရွယ်သည် ကောင်းမှုကုသိုလ်၊ တရားဘာဝနာရှာရမည့်အရွယ် ဖြစ်သည်။ အရွယ်သုံးပါးလုံးအရေးပါ အရာရောက်သကဲ့သို့ မိမိရောက်နေသော အရွယ်နှင့်လိုက်လျောညီ ထွေစွာနေတတ်ရန် အရေးကြီးပါသည်။ ပထမအရွယ်တွင် ကောင်းမွန်စွာပညာသင်ယူထားမှသာလျှင် ဒုတိယအရွယ်တွင် စီးပွားကောင်းစွာရှာနိုင်မည်။ ဒုတိယအရွယ်တွင် စီးပွားရေးကောင်းမှသာလျှင် တတိယအရွယ်တွင် ဘုရား၊ တရား၊ ရတနာသုံးပါးကို ကောင်းမွန်စွာ စိတ်အေးလက်အေးဖြင့် လုပ်ဆောင်နိုင်မည်။ “အစကောင်း မှ အနှောင်းသေချာ” ဟူသောဆိုရိုးအတိုင်း ပထမအရွယ်ကလည်းက ကောင်းမွန်စွာနေထိုင်တတ်ပါမှ နောက်နောင်အလားအလာကောင်းပါမည်။
လူတို့၏သဘောတရားသည် တစ်ဦးတစ်ယောက်တည်းဖြင့်နေထိုင်၍မရပါ။ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း ဖြင့် အမြဲတစေနေထိုင်ရတတ်ပါသည်။ ထို့ကြောင့် လူနေမှုဘ၀ အစဖြစ်သော ပညာသင်ချိန်ကတည်းကပင် လူတိုင်းနှင့်ပေါင်းသင်းတတ်အောင် လေ့ကျင့်ထားရပါမည်။ ငယ်စဉ်ဘ၀တွင် မိမိ၏မိဘ၊ မောင်နှမ၊ သူငယ်ချင်းများနှင့် အဆင်ပြေနေအောင်နေတတ်ရပါမည်။ သို့မှသာ မိမိ၏အသိုင်းအ၀ိုင်းထဲတွင် မျက်နှာသာရပြီး အချစ်ခံရမည်။ အခြေခံကျကျပြောရမည်ဆိုသော် လူတိုင်းနှင့်အဆင်ပြေအောင် နေတတ်လျှင် မျက်နှာမြင်ချစ်ခင်ခံရသူဖြစ်ရုံမက အသံကြားလျှင်မူ သနားသူများပါမည်။ ကျောင်းတွင်လည်း သူငယ်ချင်းများနှင့် အဆင်ပြေအောင်နေတတ်လျှင် ချစ်ခင်သူများမည်ဖြစ်သည်။ လူတိုင်းနှင့်အဆင်ပြေအောင် နေတတ်သောကလေးများသည် စာမတော်သည်ဖြစ်စေ၊ တော်သည်ဖြစ်စေ ကျောင်းတွင်ရှိသော ဆရာ/မတိုင်း၏ အချစ်ကိုခံရတတ်သည်။ အဘယ်ကြောင့်ဆိုသော် အခြားသောကလေးများနှင့် ပြဿနာ မတက်စေဘဲ နေထိုင်တတ်သောကြောင့် ဆရာ/မများ၏ ငြိုငြင်မှုကင်းမဲ့မည်ဖြစ်သည်။
ပထမအရွယ်ဖြစ်သော တက္ကသိုလ်ဝင်တန်းအောင်ပြီးသောကျောင်းသား/သူများသည်လည်း လူတိုင်းနှင့်အဆင်ပြေအောင်နေထိုင်တတ်သော အမူအကျင့်ကို ကျင့်ထားရပါမည်။ အဘယ်ကြောင့်ဆိုသော် ထိုအရွယ်သည် စိတ်ကစားသောအရွယ် စူးစမ်းလေ့လာတတ်သောအရွယ်၊ မာန်မာနတက်တတ် သောအရွယ်ဖြစ်သောကြောင့် စိတ်၏လှုံ့ဆော်မှုနောက်ကိုလိုက်ပြီး ထင်ရာစိုင်းတတ်သည်။ မိမိ၏ပတ်ဝန်း ကျင်၊ မိဘအသိုင်းအ၀ိုင်းပြောစကား၊ ဆုံးမစကားများကို နားမထောင်တတ်ကြတော့ဘဲ မိမိစိတ်၏စေရာကိုသာဦးတည်တတ်တော့သည်။ ထို့ကြောင့်ထိန်းရသိမ်းရခက်သောအရွယ်ဖြစ်သည်။ ဤအခြေအနေကို ကောင်းမွန်စွာ အုပ်ထိန်းတတ်သောမိဘများလည်း ရှိပါသည်။ သို့သော်များသောအားဖြင့် မိဘနှင့်ဝေးရာ တက္ကသိုလ်ပြည်ကိုသာ ပညာသင်ကြားရခြင်းဖြစ်သောကြောင့် ကိုယ့်ကိုယ်ကိုသာ နေထိုင်တတ်အောင်၊ ပြုမူနေထိုင်တတ်အောင် လေ့ကျင့်ရပါမည်။
လူ့ဘ၀တွင် တက္ကသိုလ်ကျောင်းသား/သူအရွယ်သည် အပျော်ဆုံးအရွယ်ဖြစ်သည်။ သို့သော် ထိုအရွယ်တွင် အပျော်မလွန်စေချင်ပါပေ။ မိမိ၏ဘ၀အတွက် ရှေ့လျှောက်ရမည့်ခရီးကို ပြင်ဆင်နေရသော အရွယ်ဖြစ်သောကြောင့် မိမိကိုယ်ကို ထိန်းသိမ်းတတ်ရပါမည်။ မိမိ၏အပေါင်းအသင်းများနှင့်လည်း ဆင်ခြင်ရွေးချယ်ပေါင်းသင်းရပါလိမ့်မည်။ မိမိ၏ တယူသန်တတ်သောစိတ်ကို ပယ်ဖျောက်ပြီး အများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ရိုးသားဖော်ရွေစွာ ပေါင်းသင်းတတ်ရန် လိုအပ်ပါသည်။ အကျင့်စရိုက် ကောင်းမွန်သောသူကိုသာ စိတ်ဖြင့်ရွေးပေါင်းပြီး၊ အကျင့်စာရိတ္တ၊ အကျင့်စရိုက် မကောင်းမွန်သော သူများကိုလည်း ကိုယ်ပေါင်းစိတ်ခွါတတ်သောနည်းဖြင့် ခင်မင်ခွင့်ရှိပါသည်။ သို့မဟုတ်လျှင် မဖြစ်ထိုက် သောလူမှုဆက်ဆံရေးပြဿနာများ၊ နောက်ကြောင်းမရှင်းသောသူများနှင့် ပေါင်းသင်းမိပြီး ဘ၀ပါပျက်စီးရတတ်ပါသည်။
ယနေ့ခေတ် တက္ကသိုလ်ကျောင်းသား/သူများ အများအပြားသည် ဘ၀ကိုမေ့ပစ်ပြီး ဘ၀င်မြှင့်တတ်ပါသည်။ မိမိဘ၀တစ်လျှောက်လုံး ဆက်လျှောက်ရမည့်ခရီးလမ်းကြောင်းကို သတိလစ်မေ့မျှောတတ်ကြပါသည်။ မိမိသင်ယူလေ့လာနေသည့် ဘာသာရပ်ဖြင့် တစ်နေ့နေ့တစ်ချိန်ချိန်တွင် မိမိဘ၀အတွက် ပြန်လည်အသုံးပြုချမည်ဟု တွေးထားကြပုံမပေါ်ပေ။ တာဝန်ဝတ္တရားအရ ဘွဲ့တစ်ခုဆွတ်ခူးပြီးလျှင် တာဝန်ကျေပြီဟု တွေးထားကြပုံဟန်ပေါ်နေသည်။ ပညာဆိုသည်မှာ မည်သည့် ဘာသာရပ်တွင်ဖြစ်စေ လက်တွေ့ဘ၀တွင် အမှန်ပင်ပြန်လည်အသုံးချနိုင်ပြီး သင်ကြားပေးသော ဆရာ/မများကလည်း ဆရာစားမချန် သင်ပေးနေကြခြင်းဖြစ်သည်။ မိမိတတ်ထားသော၊ မိမိဆွတ်ခူးရသော ဘာသာရပ်နှင့်ပတ်သက်ပြီး အသုံးမချတတ်လျှင် မိမိပေးဆပ်ခဲ့သမျှအချိန်သည်လည်း သဲထဲရေသွန်ပင် ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် မိမိတက်ရောက်လေ့လာဆည်းပူးနေသော ပညာ၊ ဘာသာရပ်များကို ထိထိမိမိ မိမိဘ၀အတွက်အသုံးချတတ်ရန် ကျောင်းတော်ကြီးထဲမှာပင် အမိအရသင်ယူရပါမည်။
တိုင်းရင်းသားလူမျိုးများစုပေါင်းပြီး ပညာသင်ယူလေ့လာနေသော ကျောင်းတော်ကြီးထဲတွင် လူမျိုးရေးမခွဲခြားဘဲ အခြားတိုင်းရင်းသားများနှင့် စည်းလုံးညီညွတ်စွာ ပေါင်းသင်းဆက်ဆံရမည်ဖြစ်သည်။ မိမိ၏ကလေးဘ၀ဖြစ်စေ၊ ယခုလက်ရှိတက္ကသိုလ်ကျောင်းသား/သူဘ၀ဖြစ်စေ လူမှုဆက်ဆံရေးတွင် လူမျိုးရေးမခွဲခြားဘဲ ဖော်ရွေစွာ ပေါင်းသင်းဆက်ဆံတတ်ပါလျှင် တစ်နေ့နေ့တစ်ချိန်ချိန်တွင် လုပ်ငန်းခွင်သို့ ၀င်ရောက်လာမည့်မိမိသည် လူမှုရေးနယ်ပယ်တွင်နေရာမရှားပေ။ မိမိသည် သက်ဆိုင်ရာလုပ်ငန်းသို့ ရောက်ရှိချိန်တွင်လည်း မိမိကို ဖေးမကူညီမည့် မိတ်ဆွေ၊ သူငယ်ချင်းများ အဆင်သင့်ရှိနေပေလိမ့်မည်။ နယ်ပယ်အသီးသီးတွင် လူမှုဆက်ဆံရေးသည် အရေးပါအရာရောက်သော ကဏ္ဍတစ်ခုပါဝင်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး အစရှိသော နယ်ပယ်များတွင် အခြားသောသူများနှင့် ဆက်ဆံရေးအဆင်ပြေစေရန် ကျောင်းသား/သူဘ၀ကတည်းကပင် လေ့လာကျင့်သုံးရမည်ဖြစ်သည်။
ထို့ကြောင့် မိမိ၏ဘ၀အတွက်၊ လူမျိုးအတွက်၊ လူတိုင်းအတွက်၊ လောကကြီးအတွက်၊ အရာရာတိုင်းအတွက် အဆင်ပြေချောမွေ့စေရန် ပညာဟူသောခရီးလမ်းကြောင်းတံတားများပေါ် လျှောက်လမ်းနေချိန် ကျောင်းသား/သူများအနေဖြင့် ငယ်စဉ်ဘ၀ကပင် တစိုက်မတ်မတ် လေ့လာဆည်းပူးသင့်ပါသည်။ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဟုဆိုသကဲ့သို့ ငယ်ဘ၀ကတည်းကပင် ပညာရပ်များကို သေချာစေ့စပ်စွာ လေ့လာထားပါမှ မိမိသည် နိုင်ငံတော်အတွက်လည်းကောင်း၊ မိမိ၏လူမျိုး အတွက်လည်းကောင်း၊ မိမိ၏မိသားစုဘ၀အတွက်လည်းကောင်း ကောင်းမွန်သော ဦးဆောင်နိုင်သူဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ယနေ့ခေတ်ကျောင်းသား/သူများအနေဖြင့် မိမိသည် လောကကြီးအတွက် အနာဂါတ်ကြယ်ပွင့်များ ဖြစ်ဘိသကဲ့သို့ “ကလေး ကလေး အထင်မသေးနဲ့။ ကလေးကောင်း မှလူကြီးကောင်းမှာ၊ လူကြီးကောင်းမှ နိုင်ငံတော်ကြီးတိုးတက်မှာ၊ လူကြီးကောင်းမှ လောကကြီး အေးချမ်းသာရာမှာ” ဟူသော စကားများကို လက်ကိုင်ထားပြီး ပညာသင်ချိန်တွင် ဘာသာရပ်များကို ပိရိစွာလေ့လာဆည်းပူးပြီး လူမှုဆက်ဆံရေးတွင်လည်း ကောင်းမွန်အောင် ဆက်ဆံတတ်ရန် လက်တွေ့ကျင့်သုံးပြီး နိုင်ငံအတွက် လောကကြီးအေးချမ်းသာလာအောင် ဆောင်ရွက်ကြပါစို့ ဟူ၍ ကျောင်းသူကျောင်းသားများအား တိုက်တွန်းလိုက်ရပါသည်။
နန်းခမ်းညာ - ကောင်တန်ဒေသ
Like On Facebook
Follow On Twitter
Subscribe On RSS