Monday, September 5, 2016

စိတ်ဝင်စားစရာအလွန်ကောင်းသည့် လင်းယုန်ငှက်အကြောင်းနှင့် ဘဝသင်ခန်းစာ

တောင်ကြီး၊ ၂၁၀၆ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်


မုန်တိုင်းလာနေပြီဟု သိရှိသည်နှင့်တပြိုင်နက် ငှက်အပေါင်းတို့သည် မိမိတို့ ခိုနားနိုင်သည့် ချုံ၊ နွယ်၊ သစ်ပင်တို့အောက် ငြိမ်ဝပ်ရန် အပြိုင်အဆိုင် အပြေးအလွှား တုန်ရီပျံသန်းကြကုန်၏။ သို့သော် ထိုတုန်ရီပျံလွှားနေကြသောငှက်အပေါင်းတို့ထဲတွင် လင်းယုန်ငှက်တို့ မပါဝင်ပါ။ ထိုအခါမျိုးတွင်ပင် လင်းယုန်တို့သည် တည်ငြိမ်အေးဆေးလျက် ရှိနေသည်။ တည်ငြိမ်အေးဆေးရုံမက မုန်တိုင်းကို ကြိုဆိုနေကြသည့်အလား လင်းယုန်တို့သည် မြူးထူးပျော်ပါးပျံလွှားနေကြ၏။ မုန်တိုင်းကိုမကြောက်မရွံ့ဘဲ လင်းယုန်တို့သည် အဘယ်ကြောင့် မြူးထူးပျော်ပါးပျံလွှားနိုင်ကြပါသနည်း။
လင်းယုန်တို့သည် ငှက်အပေါင်းတို့ထဲတွင် အမြင့်ဆုံး ပျံသန်းနိုင်ကြသော ငှက်များဖြစ်သည်။ ထိုအမြင့်ဆုံး ပျံသန်းနိုင်ကြသော လင်းယုန်တို့သည် မုန်တိုင်းလာလျှင် စွမ်းနိုင်သမျှ အမြင့်ဆုံးကို ပျံတက်သွားသည်။ မုန်တိုင်း၏အဟုန်ကြောင့် တိမ်အထက်သို့ ရောက်ရှိသွားပြီး မုန်တိုင်း၏အရှိန်အဟုန်ကိုစီးကာ ဝဲပျံရသဖြင့် လင်းယုန်တို့သည် သူတို့၏စွမ်းအင်ကို ချွေတာနိုင်ကြသည်။ ထို့ကြောင့် လင်းယုန်တို့သည် မုန်တိုင်းလာလျှင် ပိုမိုမြင့်သောအထက်တွင် ပျံသန်းရသဖြင့် ပိုမိုကျယ်ဝန်းသော မြင်ကွင်းတို့ကို လှမ်းမြင်နိုင်ခြင်း၊ အမြင့်ဝဲပျံတက်ရာတွင်လည်း အားအင်ချွေတာနိုင်ခြင်းတို့ကြောင့် လင်းယုန်တို့သည် မုန်တိုင်းကို မကြောက်ဘဲ ကြိုဆိုနှစ်သက်နေကြခြင်းဖြစ်သည်။
လူတို့သည်လည်း လင်းယုန်ကဲ့သို့ မုန်တိုင်းနှင့်တူသော စိန်ခေါ်မှုကို မကြောက်မရွံ့ဘဲ ကြိုဆိုနှစ်သက်နိုင်ရန် အဘယ်သို့ ပြုလုပ်ရမည်နည်း။ ပြင်ဆင်ထားရမည်မှာ လင်းယုန်တို့ အမြင့်ဆုံးကို ပျံတက်သွားနိုင်သလို မိမိတို့သည်လည်း မိမိတို့၏အရည်အချင်းကို အမြင့်မားဆုံး မြှင့်တင်ထားရမည်။ မိမိတို့၏အရည်အချင်းကို အမြင့်မားဆုံး မြှင့်တင်ထားပါက စိန်ခေါ်မှုနှင့် ကြုံတွေ့လာသောအခါ မိမိတို့သည် လင်းယုန်ကဲ့သို့ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည်ဖြစ်သည်။ လင်းယုန်တို့ မုန်တိုင်းအဟုန်ကို အသုံးချပြီး အားအင်ချွေတာနိုင်သလို မိမိတို့သည်လည်း စိန်ခေါ်မှုကို အသုံးချနိုင်ကာ အားအင်ချွေတာနိုင်ရမည်။ စိန်ခေါ်မှုကို အသုံးချရင်ဆိုင်နိုင်ပါက မိမိတို့ဘဝ ပိုပိုမြင့်တက်သွားသည်ကို မမေ့စေလိုပါ။
လင်းယုန်သည် လင်းယုန်တို့နှင့်သာ ပေါင်းသင်းသည်။ တစ်ခါတစ်လေ လင်းယုန်တို့သည် အဖိုအမစုံတွဲဖြင့် ပျံဝဲတတ်ကြသော်လည်း များသောအားဖြင့် လင်းယုန်တို့သည် တစ်ကောင်တည်းသာ ပျံဝဲတတ်ကြသည်။ လင်းယုန်တို့သည် အခြားငှက်တို့နှင့် မပေါင်းသင်းပေ။ အဘယ်ကြောင့်ဆိုသော် အခြားငှက်တို့သည် လင်းယုန်တို့ ပျံသန်းသည့်အမြင့်အထိ လိုက်၍ မပျံသန်းနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို စိတ်ချရသော လင်းယုန်တို့သည် တစ်ကောင်တည်း ဝဲပျံနိုင်သလို မိမိတို့သည် ကိုယ့်ကိုယ်ကို တစ်ဦးတည်းသာ ရပ်တည်နိုင်ရန်လည်း ကြိုးစားရကြမည်။ အပေါင်းအသင်းနှင့်နေကြရသည့်အခါတွင်လည်း မိမိတို့နှင့် စိတ်ချင်းတူရာ စရိုက်ချင်းတူရာ စသည်ဖြင့် မိမိတို့နှင့် တူရာတူရာကို ပေါင်းသင်းကြရမည်။ ထို့အပြင် လင်းယုန်ကဲ့သို့ အမြင့်ပျံတက်လိုသောသူသည် မိမိပျံတက်လိုသည့်အမြင့်အထိ လိုက်ပျံတက်နိုင်သူတို့နှင့်သာ ပေါင်းသင်းရန် လိုအပ်သည်။ သို့မဟုတ်ပါက မိမိပျံတက်လိုသလောက် မိမိအပေါင်းအသင်းက လိုက်၍ မပျံတက်နိုင်လျှင် ရေရှည် အဆင်မပြေမည်မဟုတ်ပါ။
လင်းယုန်မတို့၏ ကြင်ယာဖက်ရွေးချယ်ပုံမှာလည်း အခြားငှက်များနှင့်မတူ တစ်မူထူးခြားပြန်သည်။ လင်းယုန်မ၏အချစ်ကို ရလိုသော လင်းယုန်ဖိုသည် လင်းယုန်မထံ ဝဲပျံချဉ်းကပ်ရ၏။ ထိုသို့ မိမိအချစ်ကို ရယူရန် ဝဲပျံချဉ်းကပ်လာသော လင်းယုန်ဖိုကို လင်းယုန်မသည် စမ်းသပ်မှုပြုလုပ်သည့်အနေဖြင့် တောင်ပံဖြန့်ကာ မြေပြင်သို့ ထိုးဆင်းလေ၏။ ထိုအချိန်တွင် လင်းယုန်ဖိုသည်လည်း လင်းယုန်မ၏အချစ်ကို ရလိုသဖြင့် လင်းယုန်မနောက် လိုက်လံထိုးဆင်းရသည်။ မြေပြင်သို့ရောက်သောအခါ လင်းယုန်မသည် သစ်ကိုင်းခြောက်စကို ကောက်ချီကာ အထက်သို့ ပျံတက်သည်။ လင်းယုန်ဖိုသည်လည်း မနားတမ်း လင်းယုန်မနောက် လိုက်ပျံတက်ပြန်သည်။ အထက်အမြင့်ကို ရောက်သောအခါ လင်းယုန်မသည် ကောက်ချီလာသော ကိုင်းခြောက်စကို ပစ်ချပြီး လင်းယုန်ဖိုကို လိုက်ဖမ်းစေ၏။ လင်းယုန်ဖိုသည် ထိုသစ်ကိုင်းခြောက်နောက် တကောက်ကောက် ထိုးဆင်းကာ မြေမခမီ လိုက်လံဖမ်းယူကာ အပေါ်သို့ ပျံတက်၍ ထိုဖမ်းယူကိုက်ချီလာသော သစ်ကိုင်းခြောက်ကို လင်းယုန်မထံ ပြန်အပ်ရသည်။ တစ်ဖန် လင်းယုန်မသည် ပထမအကြိမ်ထက် ပိုမြင့်သောအထက်သို့ ပျံတက်ပြန်သဖြင့် လင်းယုန်ဖိုသည်လည်း လိုက်ပျံတက်ရပြန်သည်။ ထိုအခါတွင်လည်း လင်းယုန်မသည် ကိုက်ချီလာသော သစ်ကိုင်းခြောက်ကို လွှတ်ချပြန်သည်။ လင်းယုန်ဖိုသည်လည်း မျက်စိအလျင်ထားကာ ပထမအကြိမ်ကဲ့သို့ ထိုကျသွားသော သစ်ကိုင်းခြောက်နောက် တကောက်ကောက် လိုက်ထိုးဆင်းကာ မြေမခမီ ထိုသစ်ကိုင်းခြောက်ကို ဆယ်ယူကာ အပေါ်သို့ ပျံတက်ပြီး လင်းယုန်မထံ ပြန်အပ်ပေးရပြန်ပါသည်။ ဤသို့ အကြိမ်ကြိမ် စမ်းသပ်ပြီှး ယုံကြည်စိတ်ချရလောက်သည့်အချိန်ကျမှသာ လင်းယုန်မသည် လင်းယုန်ဖိုကို ကြင်ယာဖက်အဖြစ် ရွေးချယ်လက်ခံတော့သည်။ ထိုစမ်းသပ်မှုအကြိမ်တိုင်းတွင် သစ်ကိုင်းခြောက်ကို မြေသို့မကျစေဘဲ ဖမ်းယူနိုင်သောလင်းယုန်ဖိုကိုသာ လင်းယုန်မသည် ကြင်ယာဖက်အဖြစ် ရွေးချယ်သည်။ ထိုစမ်းသပ်မှုအကြိမ်တစ်ခုခုတွင် သစ်ကိုင်းခြောက်ကို မဖမ်းနိုင်ဘဲ မြေသို့ ကျခဲ့လျှင်မူ ထိုလင်းယုန်ဖိုသည် ၎င်းလင်းယုန်မက ကြင်ယာဖက်အဖြစ် ရွေးချယ်မည်မဟုတ်ပါ။
အဟိတ်တိရစ္ဆာန်ဖြစ်သော လင်းယုန်သော်မှ ကြင်နာဖက်ရွေးချယ်ရာတွင် ဂရုတစိုက်ဖြင့် ရွေးချယ်ကြသေးလျှင် မိမိတို့လူသားသည်လည်း ဘဝကြင်ယာဖက်ဖြစ်စေ၊ စီးပွားရေးအကျိုးတူဖက်ဖြစ်စေ လက်တွဲဖော် ရွေးချယ်ကြရာတွင် ဖြစ်သလိုမရွေးချယ်ကြဘဲ အဆင်းသိအချင်းသိသည့်အခြေအနေရောက်သည်အထိ ဂရုတစိုက် စောင့်ကြည့်ရွေးချယ်ကြရန် လိုအပ်မည်မှာ အလွန်ထင်ရှားနေသည်မဟုတ်ပါလော။
လင်းယုန်တို့သည် လူသူသားရဲမလာနိုင်သော ပင်လယ်ကျောက်ကမ်းပါးအငူအစွန်းရှိ ကျောက်ကြိုကျောက်ကြားတွင် အသိုက်ဆောက်တတ်ကြသည်။ လူသူသားရဲအန္တာရာယ်မှ လွှတ်ကင်းစေရန် ထိုကျောက်ကမ်းပါးအငူအစွန်းကို ရွေးချယ်ကြခြင်းဖြစ်သည်။ အသိုက်ဆောက်လုပ်သည့်အခါတွင်လည်း လင်းယုန်တို့သည် အသိုက်အတွင်းပိုင်းကို နုညံ့စေသလောက် အပြင်ပိုင်းအကာအရံတို့မှာ ဆူးများဖြင့် ပြည့်နှက်စေတတ်သည်။ မိမိရင်သားကလေးများ ချမ်းချမ်းသာသာနေနိုင်ရေးကို ရည်ရွယ်၍ အသိုက်အတွင်းပိုင်းကို နူးညံ့အောင် မိမိ၏အမွေးကိုပင် နုတ်ပြီး ခင်းပေးကြသေးသည်။ အသိုက်အပြင်ပိုင်းတွင် အခြားသားရဲအန္တာရာယ်လာမပြုနိုင်အောင် ဆူးများကို အထပ်ထပ် ကာရံပေးထားသည်။ မိမိတို့ရင်သားပေါက်ဖွားလာသည့်အခါတွင်လည်း လင်းယုန်တို့သည်  မိမိတို့ရင်သားကို ကောင်းစွာ လေ့ကျင့်ပေးကြသည်။ လေ့ကျင့်ပေးပုံမှာ လင်းယုန်မသည် မပျံတတ်သေးသော မိမိရင်သားလေးငါးကောင်ခန့်ကို အတောင်ပံပေါ်တင်ပြီး ပင်လယ်ဘက်သို့ ထွက်သွားလေသည်။ အတန်ကြာ ကမ်းနှင့်ဝေးသောပင်လယ်ပြင်သို့ ရောက်သော် လင်းယုန်မသည် အမြင့်သို့ ပျံတက်သွားပြီး မိမိတောင်ပံပေါ် တင်ဆောင်လာသော မိမိရင်သွေးများကို လွှတ်ချလေတော့သည်။ ထိုအချိန်တွင် လွတ်ကျလာသော လင်းယုန်ပေါက်စတို့သည် ခြေမကိုင်မိလက်မကိုင်သာဖြစ်ကာ ငိုကျွေးအော်မြည်ကြပြီး အဖေလင်းယုန်ဖိုကိုသာ တမ်းတနေကြတော့သည်။ ကံကောင်းသဖြင့် ပင်လယ်ရေပြင်သို့ မကျမီ အဖေလင်းယုန်ဖိုကြီးသည် မိမိအတောင်ပံကို ဖြန့်ကျဲပြီး လွတ်ကျလာသော မိမိရင်သားလင်းယုန်ပေါက်စများကို အချိန်မီ ဖမ်းယူလိုက်နိုင်သည်။ တစ်ဖန် လင်းယုန်ဖိုသည် မိမိတောင်ပံပေါ် မိမိရင်သားများကို တင်ဆောင်ပြီး အမြင့်သို့ ပျံတက်သွားပြီး လင်းယုန်ပေါက်စများကို လွှတ်ချပြန်သည်။ ဤတစ်ကြိမ်တွင် လင်းယုန်ပေါက်စများသည် ရက်စက်သွားသော အဖေကို မတမ်းတရဲတော့ဘဲ အမေကို ပြန်တမ်းမိကြပြန်သည်။ ထိုအခါတွင်လည်း လင်းယုန်ပေါက်စကလေးများ တမ်းတသည့်အတိုင်း လင်းယုန်မသည် မိမိကလေးများ ရေပြင်သို့ မကျရောက်မီ အချိန်မီ ပြန်ကယ်တင်ပြန်သည်။ ဤသို့အားဖြင့် အကြိမ်ကြိမ် ပစ်ချမှုကြောင့် လင်းယုန်ပေါက်စများသည် မိမိကိုယ်ကို ပြန်လည် အားကိုးလိုစိတ် ပြင်းထန်လာသည်။ ပထမအကြိမ်ပစ်ချမှုတွင် လင်းယုန်ပေါက်စများ၏စိတ်သည် ကြောက်ရွံ့မှုများဖြင့်သာ လွှမ်းမိုးနေသည်။ ဒုတိယအကြိမ်တွင် မိမိကိုယ်တိုင် တောင်ပံခတ်ပြီး ပျံကြည့်ရန် ကြိုးစားကြည့်သော်လည်း မပျံတတ်သေးပေ။ သို့သော် အကြိမ်ကြိမ် ပစ်ချမှုခံရသောကြောင့် အကြိမ်ကြိမ် ကြိုးစားပျံသန်းကြည့်ရန်၊ အကြိမ်ကြိမ် မိမိကိုယ်ကို အားကိုးရန် အခွင့်အရေးရသဖြင့် နောက်ဆုံး လင်းယုန်ပေါက်စများ ပျံသန်းတတ်သည့်အတတ်ပညာကို ရရှိသွားလေသည်။ လူသားတို့သည်လည်း လင်းယုန်ကဲ့သို့ မိမိတို့၏သားသမီးတို့ကို လောကကြီးတွင် ကိုယ်ပိုင်အစွမ်းအစဖြင့် ရပ်တည်နိုင်အောင် ကြိုးစားလေ့ကျင့်သင်ကြားပေးသင့်သည် မဟုတ်ပါလော။ တစ်ဖက်တွင်လည်း လေ့ကျင့်သင်ကြားနေသူသည် လေ့ကျင့်သင်ကြားချိန်တွင် အလွန်ခက်ခဲကြမ်းတမ်းမည်ဖြစ်သော်လည်း တတ်မြောက်သွားသည့်အချိန်တွင် လင်းယုန်ပေါက်စများ ပျံသန်းတတ်သည့်အတတ်ပညာကို ရရှိသကဲ့သို့ လောကကြီးအလယ်တွင် မားမားမတ်မတ် လွတ်လပ်စွာ ကူးလူးသွားလာနိုင်မည်ဖြစ်သည်။
လင်းတငှက်တို့သည် သားရဲတို့၏စားကြွင်းစားကျန် သေပြီးသားအကောင်ကို စား၏။ သို့သော် လင်းယုန်တို့သည် သေပြီးသားအကောင်ကို မစားပါ။ မိမိကိုယ်တိုင် ကြိုးစားရှာဖွေဖမ်းယူထားသော လတ်ဆတ်သည့်သားကောင်ကိုသာ စားသုံးကြသည်။ သူများ၏စားကြွင်းစားကျန်ကို စားတတ်သောလင်းတငှက်တို့သည် မိမိစားချင်သလို စားရမည်မဟုတ်ဘဲ သူများမစားလိုတော့သဖြင့် ချန်ထားသော အရိုးကပ်အသားပုပ်များကိုသာ စားရမည်မှာ မလွဲပေ။ ဤသည်ကိုကြည့်၍ မိမိတို့သည်လည်း လုပ်ငန်းဆောင်ရွက်ရာတွင် အခြားသူများ၏ မသေချာ၊ မရေရာသော အချက်အလက်အဟောင်းများကို အသုံးမပြုဘဲ မိမိကိုယ်တိုင် ကောင်းစွာ သုတေသနပြုလုပ်ထားသော ခေတ်မီအချက်အလက်များကိုသာ အသုံးပြုကာ လုပ်ငန်းဆောင်ရွက်သင့်ပေသည်။
လင်းယုန်တို့ သားကောင်ဖမ်းရာတွင်လည်း အလွန်စိတ်ဝင်စားဖွယ်ကောင်း၏။ လင်းယုန်တို့သည် အမြင်စူးရှ၏။ အမြင့် (၅)ကီလိုမီတာခန့်မှ မြေပြင်ရှိ အရာများကို လှမ်းမြင်နိုင်သည်။ သားကောင်များရှာဖွေရာတွင် ထိုအမြင့်မှ မြေပြင်ပေါ်ရှိသားကောင်များကို တွေ့ရှိသည်နှင့်တပြိုင်နက် လင်းယုန်သည် မြင်ကွင်းကို ချုံ့လိုက်ပြီး သားကောင်ကို မရမက တစ်ဟုန်ထိုးဆင်း လိုက်လံသုတ်ချီလေတော့သည်။ သားကောင်ကြီးသည်ငယ်သည်မဟူ၊ အတားအဆီးများမည်မျှပင်ရှိသည်ဖြစ်စေ သားကောင်ရရေးတစ်ခုတည်းကိုသာ အာရုံစိုက်ပြီး လုံ့လစိုက်ကာ ကြိုစားလိုက်လံသုတ်ချီသည်။ မိမိတို့သည်လည်း လုပ်ငန်းတစ်ခုအောင်မြင်အောင် ဆောင်ရွက်ရာတွင် လင်းယုန်၏သားကောင်လိုက်ပုံဥပမာကို ယူ၍ ထိုလုပ်ငန်းအောင်မြင်ရေးတစ်ခုတည်းကိုသာ အာရုံစိုက်ထားရမည်ဖြစ်သည်။ သို့မဟုတ်ပါက ဟိုမရောက်၊ သည်မရောက် အာရုံဗျာများနေပါက နောက်ဆုံးတွင် အရှုံးသာ အဖတ်ကျန်မည်မဟုတ်ပါလော။
နောက်ဆုံးထူးခြားသည်မှာ လင်းယုန်တို့၏ ပြောင်းလဲရဲသည့်သတ္တိပင်ဖြစ်သည်။ လင်းယုန်တို့သည် အသက်(၄၀)အရွယ်သို့ ရောက်ရှိသည့်အခါ အိုမင်းမစွမ်းဖြစ်လာသည်။ ထိုအချိန်တွင် နှုတ်သီး၊ ခြေသည်းများ ရှည်ထွက်လာကာ သားကောင်များကို ကောင်းစွာ မဖမ်းယူနိုင်တော့ပေ။ တောင်ပံများ၊ အမွေးများလည်း ထူပျစ်လာသဖြင့် ပျံသန်းဖို့ရန် အလွန်လေးလံလာသည်။ ထိုအချိန်၌ လင်းယုန်တို့သည် ကြီးမားသော ဆုံးဖြတ်ချက်ကို ရွေးချယ်ချမှတ်ရသည်။ အသေခံမည်လော။ ပြောင်းလဲမည်လော။ မပြောင်းလဲဘဲ အသေခံလိုလျှင် နဂိုပုံစံအတိုင်း ဆက်လက်နေထိုင်သွားရုံသာ ဖြစ်သည်။ သို့သော် ဆက်လက်အသက်ရှည်လိုလျှင်ကား ကြီးမားသောပြောင်းလဲခြင်းကို ပြုလုပ်ရမည်။ ထိုပြောင်းလဲခြင်းဖြစ်စဉ်တွင် အလွန်နာကျင်ခြင်းကို ခံစားရမည်။ သို့သော် မည်သို့ပင် နာကျင်နေပါစေ လင်းယုန်တို့သည် ပြောင်းလဲခြင်းကို ပြုလုပ်ကြပါသည်။ ကျောက်ဆောင်ပေါ်သို့ ပျံတက်ကာ မိမိ၏အိုမင်းနေသောနှုတ်သီးကို ကျွတ်ထွက်သွားသည်အထိ မိမိကိုယ်တိုင် ရိုက်ချိုးသည်။ ထိုအချိန်တွင် လင်းယုန်တို့သည် အလွန်နာကျင်သော ခံစားမှုကို အကြီးအကျယ် ခံစားရသည်။ ထိုသို့ နှုတ်သီးကျွတ်ထွက်သွားသောအခါ လင်းယုန်တို့သည် ဆိတ်ငြိမ်သော တောအုပ်ထဲတွင် တိတ်တဆိတ် ပုန်းခိုနေလိုက်သည်။ နှုတ်သီးအသစ်ပေါက်လာသည့်အခါမှသာ ထိုနှုတ်သီးအသစ်ဖြင့် လင်းယုန်သည် မိမိ၏အိုမင်းနေသော အမွေးအမျှင်အတောင်တို့ကို ဆွဲချွတ်ပစ်သည်။ အလွန်နာကျင်မည်ကိုသိသော်လည်း မိမိ၏အသုံးမကျတော့သော ခြေသည်းများကို ဆွဲနှုတ်ပစ်လိုက်သည်။ ထိုပြောင်းလဲမှုဖြစ်စဉ် (၅)လခန့်ကြာမြင့်ပြီးမှသာ လင်းယုန်တို့သည် ပြန်လည်နုပျိုလာသည့်အလား ပြန်ပေါက်ထွက်လာသည့်အမွေးအမျှင်အသစ်၊ တောင်ပံအသစ်၊ နှုတ်သီးအသစ်၊ ခြေသည်းအသစ်နှင့် စွမ်းအားအပြည့်ဖြင့် နောက်ထပ် အနှစ်(၃၀)ခန့်အထိ ဆက်လက်အသက်ရှည်နိုင်လေတော့သည်။ ဤသည်ကိုကြည့်လျှင် မိမိတို့သည်လည်း ဘဝဆက်လက်တိုးတက်လိုလျှင် အသုံးမကျတော့သော အကျင့်ဆိုး၊ အကျင့်ဟောင်းများကို ဖျောက်ဖျက်ပစ်ရန် ခက်ခဲပင်ခက်ခဲသော်ငြားလည်း လင်းယုန်ကဲ့သို့ ရဲဝံ့စွာ ဖျောက်ဖျက်ပြောင်းလဲပစ်နိုင်ရမည်။
အထက်ပါ လင်းယုန်အကြောင်းကို အကျဉ်းချုံးရသော် လင်းယုန်တို့သည် မုန်တိုင်းကို မကြောက်ပါ၊ လင်းယုန်တို့သည် လင်းယုန်တို့နှင့်သာ ပေါင်းသည်၊ လင်းယုန်တို့သည် စမ်းသပ်ပြီးမှသာ ယုံကြည်စိတ်ချသည်၊ လင်းယုန်တို့သည် ကောင်းစွာ သင်ယူလေ့ကျင့်ထားကြသည်၊ လင်းယုန်တို့သည် အသေကောင်ကို မစားပါ၊ လင်းယုန်တို့သည် အမြင်စူးရှသည်၊ လင်းယုန်တို့သည် ပြောင်းလဲသင့်လျှင် ရဲဝံ့စွာ ပြောင်းလဲကြသည်။ ထို့ကြောင့် မိမိတို့သည်လည်း စိန်ခေါ်မှုကို မကြောက်ခြင်း၊ မိမိနှင့်တူသောသူတို့နှင့်သာ ပေါင်းသင်းခြင်း၊ စမ်းသပ်ပြီးမှ ယုံကြည်စိတ်ချခြင်း၊ ကောင်းစွာ သင်ယူလေ့ကျင့်ထားခြင်း၊ အသုံးမကျတော့သော အချက်အလက်ဟောင်းကို အသုံးမပြုခြင်း၊ အလုပ်တစ်ခုခုကို အာရုံစိုက်ပြီး လုပ်ဆောင်ခြင်း၊ ပြောင်းလဲသင့်လျှင် ရဲဝံ့စွာ ပြောင်းလဲခြင်းအစရှိသည့် လင်းယုန်ဥပမာပြု ဘဝသင်ခန်းစာများကို အရအမိ ဆုပ်ကိုင်ထားသင့်ပါကြောင်း တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။

ခွန်ဖုံထံယံဟိတ်
ကိုးကားချက် - Seven Principles of Eagles/ Soe Myint Than
Powered by Blogger.