Thursday, September 8, 2016

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆတ်သေကျေးရွာ လမ်းပန်းဆက်သွယ်ရေး အတွက် ဒေသခံမိဘပြည်သူများအား သွားရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်





အထူးဒေသ(၆)၊ တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ဆတ်သေကျေးရွာဘုန်းတော်ကြီးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့်အဖွဲ့သည်  လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်ပြီး ဒေသခံမိဘပြည်သူများ၏ တင်ပြချက်အရ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့ နေ့လယ်ပိုင်း(၁း၀၀)နာရီအချိန်တွင် ဒေသခံမိဘပြည်သူများနှင့် သွားရောက် တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌဦးခွန်စံလွင် နှင့်အဖွဲ့သည် ဇလဲကျေးရွာမှ ဆတ်သေကျေးရွာသို့ သွားသည့်လမ်းအခြေအနေများ၊ ဆတ်သေကျေးရွာရှိ လမ်းခင်းနိုင်မည့် ကျောက်ကျင်း အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက်ဒေသခံမိဘပြည်သူများအား ၎င်းတို့ခင်းလိုသည့် လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်- မိမိတို့ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည် ဆတ်သေကျေးရွာ မိဘပြည်သူများ၏ တင်ပြချက်အရ သက်ဆိုင်ရာအစိုးရဌာနများနှင့် လက်တွဲပြီး မိဘပြည်သူများ သွားလာရေးအဆင်ပြေ ချောမွေ့စေရန်အတွက် လမ်းပန်းဆက်သွယ်ရေးကို အမြန်ဆုံး အကောင်အထည်အဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိဘပြည်သူများ အနေဖြင့် ညီညွတ်စွာ ပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်နေစဉ်တွင် မည်သူမဆို အဆိုးမြင်ဝါဒများ မထားရှိကြပဲ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆတ်သေကျေးရွာသည် အိမ်ခြေ(၁၀၀၀)ကျော်ရှိပြီး ဘာသာရေးဆိုင်ရာဘုန်းတော်ကြီးကျောင်း (၂)ကျောင်း၊ အစိုးရ အမကကျောင်း(၆)ကျောင်း၊အလက(ခွဲ)(၁)ကျောင်း၊ အထကကျောင်း(၁)ကျောင်း ရှိကြောင်း သတင်း ရရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.