Sunday, September 4, 2016

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပြည်သူကသာအဆုံးအဖြတ်ပေးသွားမည်ဟု ဖြားခွန်မောင်သောင်း ကပြော

တောင်ကြီး၊၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်



ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့်ပတ်သက်ပြီး ယူဆချက်အမျိုးမျိုးရှိနေရာ ပြည်သူများကသာအဆုံးအဖြတ်ပေးနိုင်မည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် ဖြားခွန်မောင်သောင်း (ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး အကောင် အထည်ဖော် မှုကော်မတီဥက္ကဌ)က ပြောကြားလိုက်သည်။ နေပြည်တော်၊ MICC-2တွင် သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက်အထိကျင်းပသည့် ၂၁ရာစု ပင်လုံညီလာခံသို့ တက်ရောက်လာသည့် အစုအဖွဲ့အသီးသီးကတဖွဲ့လျှင် ၁၀မိနစ်ကြာစာတမ်းအကျဉ်းချုပ် တင်သွင်းဖတ်ကြားရာတွင် ဖက်ဒရယ် ပြည်ထောင်တည်ဆောက်ရေးနှင့်ပတ်သက်ပြီး သဘောထားအမြင် အမျိုးမျိုး တင်သွင်းခဲ့ကြသည်။ ဖြားခွန်မောင်သောင်းက “အားလုံးက သမိုင်းကိုအခြေခံတဲ့ဆွေးနွေးမှုတွေ၊ ခေတ်စနစ်အမြင်ကိုအခြေခံတဲ့ ဆွေးနွေးမှုတွေ ရှိနေတာပေါ့။ ဒီနေရာမှာလူမျိုးကိုအခြေခံမှာလား၊ ဒေသန္တရကိုအခြေခံမှာလား၊ လက်ရှိ တိုင်းနဲ့ပြည်နယ်ဆယ့်လေးခုကိုပဲ အခြေခံမှာလားဆိုတဲ့ဟာရယ် ဘယ်လိုပုံစံနဲ့သွားရင် ပိုပြီးသင့်တော်မယ် ဆိုတာကတော့ ပြည်သူတွေရဲ့အဆုံးအဖြတ်နဲ့ လာမယ့်(ငြိမ်းချမ်းရေး)ညီလာခံတွေရဲ့ဆွေးနွေးမှုပေါ်မှာဘဲမူ တည်ပါတယ်” ဟုပြောသည်။
အခုပထမပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားများ၏အရေးများ၊ တိုင်းပြည် အနာဂါတ် ဖွံ့ဖြိုးတိုးတက်မှုများကို ပွင့်ပွင့်လင်းလင်းတင်ပြကြသော အခြေအနေသာ ရှိနေကြောင်း၊ အဖွဲ့အစည်းအသီးသီးမှ မတူညီသော အယူအဆ၊ အမြင်များကို လာမည့် နိုင်ငံရေးဆွေးနွေးမှုတွင် ညှိနှိုင်း ဆွေးနွေးအဖြေရှာရဦးဖြစ်ကြောင်း၊ အခုညီလာခံတွင် အယူအဆအမျိုးမျိုး၊ စီမံခန့်ခွဲမှု အားနည်းချက်ရှိ နေသော်လည်း ငြိမ်းချမ်းရေးအတွက် မပြေလည်စရာဖြစ်နိုင်လောက်သည့် အခြေအနေမျိုးမဟုတ်ကြောင်း၊ ယခုညီလာခံသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးတည်ပြီး ပင်လုံစိတ်ဓာတ်ကို ပြန်လည် မွေးထုတ်ပေးသော ညီလာခံဟု ဆိုနိုင်ကြောင်း၊ ယခုညီလာခံတွင် အဖွဲ့အစည်းအသီးသီး၏ မတူကွဲပြားသော ဆန္ဒများကို ပွင့်ပွင့်လင်းလင်းတင်ပြကြရာမှ ပြည်သူများလည်း သိရှိခွင့်ရရှိပြီး မည်သူက မှားသည်၊ မည်သူကမှန်သည်ဆိုသည်ကို သမိုင်းကနေ အဖြေပေး သွားမည်ဖြစ်ကြောင်း ဖြားခွန်မောင်သောင်းက ပြောကြားသည်။ ဖက်ဒရယ်စနစ်တွင် နိုင်ငံ၏ကွဲပြားခြားနားသော ပထ၀ီဒေသ၊ လူမျိုးဘာသာများအပေါ် အခြေခံပြီးကျင့်သုံးပုံ အမျိုးမျိုးရှိကြောင်းDr.VEnketIyer နှင့် Dr. Jim Gallagher တို့၏ ဖက်ဒရယ်စနစ်၏ အခြေခံများစာတမ်းတွင် ရှင်းလင်းဖော်ပြထားသည်။ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)မှ အထွေထွေ အတွင်းရေးမှူးဦးထွန်းဇော်က “ကျွန်တော်တို့ဘက်က အမြင်သဘောထားကတော့ လူမျိုးရော၊ ပထ၀ီ မြေအနေအထားရော ရောထွေးတဲ့ ပုံစံပေါ့နော်၊ အချိုးညီမညီ နှစ်ရပ်လုံးကိုအခြေခံရမယ်လို့ ကျွန်တော်တို့မြင်တယ်” ဟုပြောထားပါသည်။
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ နိုင်ငံရေးအကြံပေး ဦးဝင်းခေါင် က ပထ၀ီဝင်ကို အခြေခံပြီးသွားခြင်းသည် အကောင်းဆုံးဖြစ်သည်ဟုပြောသည်။ ကရင်ပြည်သူ့ပါတီ(KPP) မှ မခင်အေးဦးက လည်းမိမိတို့အနေနှင့် တိုင်းရင်းသားများကို အခြေခံသော ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်မှု ပုံစံကိုလိုလားကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်ရမည် ဟုပြောသည်။ ပြည်ထောင်စု(ဖက်ဒရယ်)စနစ်ကျင့်သုံးသည့် နိုင်ငံတော်ဆိုရာတွင် ကွဲပြားခြားနားစွာတည်ရှိနေသော ပထ၀ီအနေအထား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ဘာသာစကား၊ စာပေ၊ သမိုင်းကြောင်းစသည့် အမျိုးသားရေးစရိုက်လက္ခဏာများအရ ကွဲပြားခြားနားစွာ တည်ရှိနေသောတိုင်းရင်းသားလူမျိုးများ၏ နယ်မြေဒေသများကို စ္စုပ္ပန်အခြေအနေများပေါ်တွင် မူတည်ပြီး ပြည်ထောင်စုဝင်ပြည်နယ်များအဖြစ် သတ်မှတ်ကာ ၎င်းတို့ အားလုံး၏ တူညီသောအကျိုးစီးပွားအတွက် စုစည်း၍ စနစ်တကျဖွဲ့စည်းထားသည့် နိုင်ငံတော်၏ ဖွဲ့စည်းမှုပုံစံတစ်ရပ်ပင်ဖြစ်သည်ဟု လေ့လာတွေ့ရှိရကြောင်းကို တပ်မတော်မှဖြန့်ဝေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)တွင် ပါရှိသည့်ဖက်ဒရယ်စနစ်၏ ၀ိသေသ လက္ခဏာများ စာအုပ်တွင် ဖော်ပြထားသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.