တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်
သူတစ်ပါးကြောင့် မိမိ ဒေါသထွက်၏။ သူတစ်ပါးကြောင့် မိမိပျော်ရွှင်၏။ တစ်ခါတစ်လေ မိမိကြောင့်ပင် မိမိကိုယ်ကို ပြန်ဒေါသထွက်သလို ပြန်ကျေနပ်သည်လည်းရှိပြန်၏။ ထိုအခါမျိုးတွင် မိမိစိတ်သည် အဘယ်သို့သော စိတ်မျိုးဖြစ်လေသနည်း။ လွတ်လပ်သော စိတ်လော။ မလွတ်လပ်သော စိတ်လော။
သူတစ်ပါးအပေါ် မှီတည်နေရသော စိတ်သည် မလွတ်လပ်ဟု မိမိနားလည်ထားသည်။ သူတစ်ပါးက မိမိတို့ကို ချီးမွမ်းလျှင် မိမိတို့ ဝမ်းသာစွာ ကျေနပ်မိသည်မှာ အားလုံးအသိပင်ဖြစ်သည်။ တစ်ဖန် မိမိအားနည်းချက်ကို ထောက်ပြဝေဖန်လာသောအခါတွင်ကား မိမိတို့စိတ်ကသိကအောင့် ဖြစ်တတ်ကြ၏။ အဘယ်သို့နည်း။ မိမိတို့စိတ်သည် မလွတ်လပ်နိုင်သေးဘဲ သူတစ်ပါး၏ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းအပေါ်တွင်သာ မှီတည်နေသလော။ မှန်ပါသည်။ လူအများစု၏စိတ်သည် မလွတ်လပ်ကြပါ။ သူတစ်ပါးအပေါ် အလွန်အမင်းပင် မှီတည်နေ၏။
အမှန်ဖြစ်သင့်သည်မှာ မိမိကို ချီးမွမ်းလျှင် "အလကားနေရင်း မိမိကို ချီးမွမ်းနေကြသည်မဟုတ်၊ မိမိ၏လုပ်ဆောင်ချက်အကောင်းကြောင့် မိမိကို ချီးမွမ်းနေကြသည်"ဟု အဖြစ်မှန်ကို နားလည်ထားလိုက်လျှင် မိမိကို ချီးမွမ်းသော်လည်း အလွန်အမင်းကျေနပ်နေစရာမရှိတော့သလို မိမိကို ကဲ့ရဲ့လာလျှင်လည်း "အလကားနေရင်း မိမိကို ကဲ့ရဲ့နေကြသည်မဟုတ်၊ မိမိအပြစ်အနာအဆာရှိသောကြောင့် မိမိပြုပြင်နိုင်ရန် ကဲ့ရဲ့နေကြသည်"ဟု သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းထားလိုက်ပါက မိမိတို့ကို ကဲ့ရဲ့သော်လည်း မိမိတို့ ဝမ်းနည်းစရာ မရှိတော့ပေ။ သို့သော် လူမိုက်တို့၏ ကဲ့ရဲ့ခြင်းကို အလေးဂရုပြုစရာမလိုသည်ကိုကား မိမိတို့ အမြဲသတိပြုသိရှိထားရမည်။ သို့မဟုတ်ပါက လူတကာ ကဲ့ရဲ့တိုင်း ဟုတ်သည်မဟုတ်သည်ကို အကြောင်းအကျိုးပြန်လည်မဆန်းစစ်ဘဲ သံယောင်လိုက် စိတ်အားငယ်မိလျှင် မိမိတို့စိတ်သည် ကိုယ်ပိုင်စဉ်းစားမှုအားနည်းသွားပြီး မလွတ်လပ်နိုင်တော့ပေ။ ထိုသို့ သူငါလူပုဂ္ဂိုလ် (သို့မဟုတ်) အတ္တအပေါ် မှီတည်နေသော စိတ်ထားကို မထားရှိဘဲ မှန်သည်မမှန်သည် ဟူသော သဘောတရားပိုင်းပေါ်တွင်သာ စဉ်းစားဆင်ခြင်တတ်သော စိတ်ထားကို ထားရှိနိုင်မှသာ လွတ်လပ်သောစိတ်ဖြစ်လာမည်မဟုတ်ပါလော။
အချို့မှာမူ မိမိစိတ်ထင်သည့်အတိုင်း မဖြစ်ပါက စိတ်ထဲ မကျေမနပ်ဖြစ်တတ်ကြသည်။ ထိုသို့ မကျေနပ်မှုလွှမ်းမိုးနေသည့်အချိန်တွင် မိမိတို့စိတ်၏လွတ်လပ်မှုသည် ပျောက်ဆုံးနေမည်ဖြစ်သည်။ ထိုအချိန်မျိုးတွင် မိမိတို့သည် မိမိထင်သည့်အတိုင်း မဖြစ်ရသည့်အကြောင်းရင်းကို မသိနားမလည်သေးသောကြောင့် ထိုသို့ ဖြစ်ရသည်ကို မမေ့သင့်ပါ။ မိမိစိတ်ထင်သည့်အတိုင်း မဖြစ်ရသည့်အကြောင်းရင်းကို သိရှိလာသောအခါ မိမိတို့စိတ်သည် လွတ်လပ်မှုကို ပြန်လည်ရရှိမည်ဖြစ်သည်။
အချို့ပုဂ္ဂိုလ်တို့တွင်ကား တစ်စုံတစ်ရာကို အလွန်လိုချင်တောင့်တနေမိ၏။ ထိုလိုချင်တောင့်တမှု လွှမ်းမိုးနေသည့်အချိန်တွင် စိတ်သည် အဘယ်မှာ လွတ်လပ်နိုင်ပါဦးမည်နည်း။ မလွတ်လပ်နိုင်ပါ။ အကယ်၍ ထိုမိမိတောင့်တနေသောအရာသည် ရရှိနိုင်သောအခြေအနေရှိပါက အကြောင်းပြည့်စုံလာသည့်အခါ ရရှိနိုင်လိမ့်မည်ဟု မိမိတို့နားလည်ထားလျှင် ထိုလိုချင်တောင့်တမှုသည် မိမိတို့စိတ်ကို မလွှမ်းမိုးနိုင်တော့ပါ။ ထိုသို့မဟုတ်ဘဲ မိမိတောင့်တနေသောအရာသည် အမှန်တကယ်လက်တွေ့ ရရှိနိုင်ခြေမရှိလျှင် ထိုအရာကို မိမိတို့သည် ဆက်မတောင့်တသင့်တော့ပါ။ လိုချင်တောင့်တမှုနှင့် ပတ်သက်၍ ဤသို့သင့်တင့်သော စိတ်ထားကို ထားရှိမှသာလျှင် လွတ်လပ်သောစိတ်ကို ဖြစ်ပေါ်စေမည်ဖြစ်သည်။
တစ်ခါတစ်လေ မိမိတို့သည် ဒွိဟစိတ်၊ သံသယစိတ်ဖြင့်သာ နေထိုင်နေရကြသည်လည်းရှိသည်။ ထိုအချိန်မျိုးသည် အရာတစ်ခုခုကို မှန်မမှန်၊ ဟုတ်မဟုတ် မိမိတို့ကိုယ်တိုင် မဆုံးဖြတ်တတ်သော အခါမျိုးဖြစ်သည်။ ထိုအချိန်မျိုးတွင် မှန်ကန်သည့်ဆုံးဖြတ်ချက်ပေးတတ်သော ဆရာသမား၊ မိတ်ဆွေထံ ဆွေးနွေးပြောပြပြီး အဆုံးအဖြတ်ရယူနိုင်သည်။ ဆရာသမား၊ မိတ်ဆွေဆွေးနွေးပြောပြလာသောအရာသည် လက်တွေ့ကျမကျ၊ မှန်မမှန် မိမိတို့ကိုယ်တိုင် ချင့်ချိန်စဉ်းစားစမ်းသပ်နိုင်သည်မဟုတ်ပါလော။ တစ်ခါတစ်ရံမှာမူ မိမိတို့စိတ်သည် လေးလံထုံထိုင်းနေတတ်ပြန်၏။ ထိုအခါမျိုးတွင် အာရုံပြောင်းလဲ ပေးခြင်းအားဖြင့်လည်း စိတ်ကို ပေါ့ပါးလွတ်လပ်သွက်လက်စေနိုင်ပါသည်။
အချုပ်အားဖြင့် မိမိတို့စိတ်သည် အတ္တ၊ မာန၊ ဒေါသ၊ လောဘ၊ မောဟတို့ လွှမ်းမိုးလာလျှင် မလွတ်လပ်တော့ပါ။ တစ်နည်းအားဖြင့် မိမိ၊ သူတစ်ပါး၊ လူပုဂ္ဂိုလ်တို့အပေါ် မှီတည်နေသော စိတ်၊ မိမိတစ်ဦးတည်းသာ တော်သည်/တတ်သည်ဟု အထင်ရောက်နေသောစိတ်၊ တစ်စုံတစ်ရာကို မကျေမနပ်နိုင်ဖြစ်နေသောစိတ်၊ တစ်စုံတစ်ခုကို ကြိတ်တောင့်တနေသောစိတ်၊ ဒွိဟစိတ် (သို့မဟုတ်) သံသယစိတ်၊ ထိုင်းမှိုင်းနေသောစိတ်တို့သည် မလွတ်လပ်သောစိတ်များပင်ဖြစ်သည်။ မိမိတို့၏စိတ်ကို ချမ်းချမ်းသာသာနှင့် လွတ်လပ်စေလိုလျှင် ထိုအတ္တ၊ မာန၊ ဒေါသ၊ လောဘ၊ မောဟတို့မှ လွတ်ကင်းစေရန် အမြဲတမ်း မိမိစိတ်ကို စောင့်ရှောက်တတ်သော စိတ်(သတိ)များ ဆက်ကာဆက်ကာ ဖြစ်ပွားစေရန် အစဉ်အားထုတ်သင့်သည်သာ မဟုတ်ပါလော။
ခွန်ဖုံထံယံဟိတ်
Like On Facebook
Follow On Twitter
Subscribe On RSS